သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Eleven Media Group ၂၀၁၁ သတင်းမီဒီယာဆုရရှိ


Eleven Media Group ၂၀၁၁ သတင်းမီဒီယာဆုရရှိ
Eleven Media Group ၂၀၁၁ သတင်းမီဒီယာဆုရရှိ

ပြင်သစ်အခြေစိုက် RSF နယ်စည်းမခြားသတင်းထောက်များအဖွဲ့ရဲ့ ၂၀၁၁ ခုနှစ် အကောင်းဆုံး သတင်းမီဒီယာဆုကို မြန်မာနိုင်ငံတွင်းက Eleven Media Group က ရရှိသွားပါတယ်။ ဒါဟာ မြန်မာနိုင်ငံတွင်း သတင်း လွတ်လပ်ခွင့်တွေ ပိုရလာစေဖို့ ရည်သန်တာဖြစ်တယ်လို့ RSF က ဆိုသလို ဒီဆုကြောင့်မို့ မြန်မာနိုင်ငံအတွင်း သတင်းလွတ်လပ်ခွင့် ကြိုးပမ်းနေသူ အားလုံးအတွက်လည်း အားတက်စရာဖြစ်စေမယ်လို့ ဆုလက်ခံ ရရှိသူတွေက ပြောပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

၂၀၁၁ ခုနှစ်အတွက် တစ်နှစ်တာ အကောင်းဆုံး သတင်းမီဒီယာဆုကို နိုင်ငံအရပ်ရပ်က သတင်း မီဒီယာ ၆ ခုကို ဇကာတင်ရွေးချယ်ပြီးတဲ့နောက် မနေ့ညနေပိုင်း ဆုပေးပွဲ ကြေညာရာမှာ အဲဒီအထဲက Eleven Media Group က ရရှိသွားတာဖြစ်ပါတယ်။ တစ်နှစ်တာ အကောင်းဆုံး သတင်းသမား ဆုကိုတော့ ဆီးရီးယားနိုင်ငံက ကာတွန်းဆရာတစ်ဦး ရရှိသွားပါတယ်။

ကန့်သတ်မှုတွေကြားကနေ မြန်မာပြည်တွင်းသတင်းတွေကို ရဲရဲဝံ့ဝံ့ ရေးသားဖော်ပြခဲ့တဲ့အတွက် တစ်နှစ်တာ အကောင်းဆုံးမီဒီယာဆုကို Weekly Eleven News ကို ရွေးချယ်ခဲ့တာဖြစ်တယ်လို့ RSF အာရှ ပစိဖိတ်ဆိုင်ရာ တာဝန်ခံ Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။

“အခု ၂၀၁၁ ခုနှစ် မီဒီယာဆုကို Eleven Media Group က Weekly Eleven News က ရရှိသွား ပါတယ်။ မြန်မာနိုင်ငံတွင်း သတင်းအဖြစ်အပျက်တွေကို သတင်းပေးပို့တဲ့နေရာမှာ အစိုးရဘက်က ဖိနှိပ်မှုတွေ၊ ကန့်သတ်မှုတွေကြားကပဲ Weekly Eleven News က သတ္တိရှိရှိနဲ့ ရေးသားဖော်ပြခဲ့တဲ့ အပေါ်မှာ ဆုံးဖြတ်ပြီး ရွေးချယ်ကြတာပါ”

ဒီဆုကိုတော့ Weekly Eleven News ဂျာနယ်က အယ်ဒီတာချုပ် ကိုဝေဖြိုးနဲ့ Eleven Media Group က Premier Eleven Sports Journal တာဝန်ခံ အယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းတို့ လက်ခံယူခဲ့ပါတယ်။ ဒီဆုကြောင့် မြန်မာပြည်တွင်း သတင်းလွတ်လပ်ခွင့်တွေအတွက် အနစ်နာခံကြိုးပမ်းသူတွေ အားလုံး အတွက် အားတတ်စရာဖြစ်စေလိမ့်မယ်လို့ Weekly Eleven News အယ်ဒီတာချုပ် ကိုဝေဖြိုးက ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံသတင်းမီဒီယာတစ်ခုကို ဒီလို ဆုပေးလိုက်တဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ပြောင်းလဲတိုးတက်မှုတွေအတွက် နည်းမျိုးစုံနဲ့ အနစ်နာခံခဲ့တဲ့၊ အဆုံးရှုံးခံခဲ့ကြတဲ့သူတွေကိုယ်စား ကျနော်တို့ Eleven Media Group က ဒီဆုကို ကိုယ်စားယူတယ်လို့ပဲ ယူဆပါတယ် ခင်ဗျ။ ပြည်တွင်း မီဒီယာတစ်ခုအနေနဲ့ ကျနော်တို့နိုင်ငံအတွက် စတုတ္ထ မဏ္ဍိုင် မီဒီယာတခုအနေနဲ့ သေချာပီသစွာ ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက် ကျနော်တို့ တတ်နိုင်တဲ့ဘက်က ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒီလိုဆောင်ရွက်နေတဲ့ကာလမှာလည်း ဒီလိုဆုရရှိတာဟာ ကျနော်တို့ အင်အားတွေရှိလာပြီဖြစ်ပါတယ်။ တဘက်မှာလည်း မမေ့မလျော့ ကိစ္စရပ်လေးတွေ ရှိပါသေးတယ်။ ဒီဆုကိုရရှိတဲ့အတွက် ကျနော်တို့အတွက် ပျော်စရာ၊ စိတ်ဓာတ်တက်ကြွစရာ၊ ဂုဏ်ယူစရာကောင်းသလို တဘက်မှာလည်း ရုန်းကန်နေရဆဲ ညီနောင် ဂျာနယ်လစ်တွေလည်း ရှိနေဆဲပဲဆိုတာရယ်၊ အဲဒါတွေကိုလည်းပဲ ကျနော်တို့ မမေ့ပါဘူး။

နောက် ကိုမင်းကိုနိုင်တို့လို နှစ်ပေါင်း ၂၀ ကျော် ကိုယ့်ရဲ့ယုံကြည်ချက်ကို မစွန့်လွှတ်ဘဲနဲ့ အသီးသီး စွန့်လွှတ်မှုတွေနဲ့ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ တခြားသော အလားတူ ပုဂ္ဂိုလ်တွေကိုလည်း ကျနော်တို့ မမေ့ပါဘူး။ မေ့လည်း မမေ့သင့်ပါဘူး။ ဒီဆုရတဲ့အတွက် ကျနော်တို့ ဂုဏ်ယူပါတယ်။ ကျနော်တို့ လုပ်စရာရှိတာတွေ နောက်ထပ် ကျနော်တို့နိုင်ငံ အပြောင်းအလဲအတွက် ကျနော်တို့ ဘက်က တတ်နိုင်သမျှ တာဝန်ကျေပွန်စွာ ထမ်းဆောင်သွားဖို့ ရှိပါတယ်”

လက်ရှိ မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေထဲမှာ မီဒီယာလွတ်လပ်ခွင့် အနည်းအကျဉ်းရှိလာတယ်လို့ နိုင်ငံတကာက အသိအမှတ်ပြု ပြောလာရပါပြီ။ စီးပွားရေး မှုခင်းနဲ့ ဥပဒေဆိုင်ရာ ဂျာနယ် ၅၀ ကျော် ကိုလည်း စာပေစီစစ်ရေးရဲ့ ဆင်ဆာဖြတ်စရာမလိုဘဲ ထုတ်ဝေခွင့်ပြုလိုက်ပါပြီ။ အရင်တုန်းက ပိတ်ပင်ထားတဲ့ နိုင်ငံရေး သတင်းတွေကိုလည်း သတင်းဂျာနယ်အတော်များများမှာ တွေ့နေရပါပြီ။ ဒါပေမယ့်လို့ သံသယဖြစ်စရာအခြေအနေတွေကတော့ ရှိဆဲပဲလို့ RSF က ဘဲန်ဂျမန်က ပြောပါတယ်။

“ကျနော်တို့ကတော့ သံသယရှိနေတုန်းပါပဲ။ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လုပ်သွားဖို့ ကျနော်တို့ လိုလားပါတယ်။ ဒါပေမယ့် အခုအခြေအနေက မပြည့်စုံသေးပါဘူး။ သတင်းသမားအတော်များများ ထောင်တွေထဲမှာ ရှိနေတုန်းပါ။ အင်တာနက် အသုံးပြုမှုအပါအဝင် သတင်းအချက်လက်တွေ ကန့်သတ်ထားတဲ့ ဥပဒေတွေရှိနေတုန်းပါ။ သတင်းတွေစုံစုံလင်လင် တင်ပြနိုင်ခွင့်မရှိသေးပါဘူး”

RSF နယ်စည်းမခြား၊ သတင်းထောက်များအဖွဲ့ရဲ့ တစ်နှစ်တာ အကောင်းဆုံး သတင်းသမားဆုကို ၂၀၀၆ ခုနှစ်မှာ သတင်းစာဆရာကြီး ဦးဝင်းတင်ကို ပေးခဲ့ဖူးပါတယ်။ ၂၀၀၈ ခုနှစ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး အင်တာနက်မီဒီယာဆုကိုလည်း လူရွှင်တော်ဇာဂနာနဲ့ ကိုနေဘုန်းလတ်တို့ ပူးတွဲ ရခဲ့ဖူးပါတယ်။ မလွတ်လပ်တဲ့နိုင်ငံတွေ၊ လူ့အဖွဲ့အစည်းတွေမှာ သတင်းလွတ်လပ်ခွင့်အတွက် ကြိုးပမ်းဆောင်ရွက်သူ၊ တင်ပြသူ သတင်းသမားတွေနဲ့ မီဒီယာတွေကို RSF အနေနဲ့ အခုလို ဆုတွေ ရွေးခြယ်ချီးမြင့်ခဲ့တာ ၁၉၉၂ နှစ်ကတည်းက ဖြစ်ပါတယ်။

XS
SM
MD
LG