သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး စိန်ခေါ်မှု အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တရုတ်စိတ်ဝင်စား


အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်
အမေရိကန်အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ်

မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာစေဖို့ ဒေသတွင်း မဟာမိတ်နိုင်ငံတွေဆီက ပူးပေါင်းဆောင်ရွက်မှုတွေရအောင် အာရှ ၃ နိုင်ငံကို သွားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ဒဲရက်မစ်ချဲလ် (Derek Mitchell)ရဲ့ ခရီးစဉ်ဟာ မနေ့က အင်္ဂါနေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တရုတ်နိုင်ငံက အမေရိကန်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဝင်စားတာ တွေ့ရတယ်လို့ အခုနောက်ဆုံးသွားတဲ့ တရုတ်နိုင်ငံခရီးစဉ်အတွင်းမှာ မစ္စတာမစ်ချဲလ်ကပြောပါတယ်။ ဒါ့အပြင် မြန်မာနဲ့ အမေရိကန်အကြား ဆက်ဆံရေးကောင်းမွန်ဖို့ ကြိုးစားတာမှာလည်း တရုတ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုတခုအဖြစ် မမြင်သင့်ဘူးလို့လည်း သူက ပြောပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ပိုပြီးလုပ်လာအောင် အားပေးဖို့နဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေး ပိုမိုကျယ်ပြန့်လာအောင်လုပ်ဖို့ အပါအဝင် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် မစ္စတာမစ်ချဲလ်ဟာ အာရှ သုံးနိုင်ငံခရီးကို ထွက်လာခဲ့တာပါ။ သူဟာ ဒေသတွင်းနိုင်ငံတွေနဲ့ပါ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က တောင်ကိုရီးယားနိုင်ငံကို စတင်ခရီးထွက်ခွာခဲ့ပြီး ဂျပန်နိုင်ငံနဲ့ တရုတ်နိုင်ငံကိုပါ သွားရောက်ခဲ့တာပါ။ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာ တရုတ်နိုင်ငံမှာ ခရီးစဉ်ကို အဆုံးသတ်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရက VOA ကိုပြောပါတယ်။

“မြန်မာနိုင်ငံဆိုင်ရာ မူဝါဒညှှိနှိုင်းရေးမှူးနဲ့ အထူးကိုယ်စားလှယ်ဒဲရက် မစ်ချဲလ် (Derek Mitchell) ရဲ့ တရုတ်နိုင်ငံ ဒုတိယနေ့ ခရီးစဉ် အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။ အင်္ဂါနေ့မှာ သူဟာ တရုတ်အစိုးရ အရာရှိကြီးတွေနဲ့ရော တရုတ်နိုင်ငံမှာရှိတဲ့ အာဆီယံနိုင်ငံ သံရုံးတွေက တာဝန်ခံတွေနဲ့ သာမက နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ပါတွေ့ဆုံခဲ့ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒ ညှိနှိုင်းရေးမှူး မစ္စတာ မစ်ချဲလ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ရဲ့ မြန်မာနိုင်ငံခရီးစဉ် အပါအဝင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့သလို မြန်မာနိုင်ငံမှာ မကြာခင်အချိန်အတွင်း ဖြစ်ထွန်းတိုးတက်မှုတွေအပေါ် သူတို့ရဲ့အမြင်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ၂ နိုင်ငံ ဘုံအကျိုးစီးပွားဆိုင်ရာ ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးနဲ့ လူသားချင်း စာနာမှုဆိုင်ရာ လိုအပ်ချက်တွေမှာ ပူးပေါင်း ဆောင်ရွက်နိုင်ခြေတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်”

မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးနဲ့ မြန်မာနိုင်ငံမှာလိုအပ်နေတဲ့ အကူအညီတွေပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံကလည်း စိတ်ဝင်တစား ရှိနေတာတွေ့ရတယ်လို့ ဆိုပါတယ်။

“မြန်မာအစိုးရ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့တရုတ်တို့ ပူးတွဲဆောင်ရွက်ဖို့ ၂ နိုင်ငံစလုံးက စိတ်ဝင်တစား ရှိကြတယ်လို့ ပီကင်းမှာ အမေရိကန်အထူးကိုယ်စားလှယ်က ပြောပါတယ်။ မြန်မာနိုင်ငံအထဲမှာရော တရုတ်-မြန်မာ နယ်စပ်တကြောမှာပါ ရှိနေတဲ့ စိန်ခေါ်မှုတွေထဲမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေပါ ပါပါတယ်”

အခုလို ဒေသတွင်း နိုင်ငံတွေနဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ လာရောက်ခဲ့တဲ့ မစ္စတာမစ်ချဲလ်ဟာ သူ့ရဲ့ တရုတ်နိုင်ငံခရီးစဉ်အပြီး ပီကင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အမေရိကန်နဲ့ မြန်မာတို့ကြား ဆက်ဆံရေးတိုးတက်လာမှုအတွက် တရုတ်နိုင်ငံအပေါ် ခြိမ်းခြောက်မှုတခုအနေနဲ့ မမြင်သင့်ဘူးလို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွက် သူ့အိမ်နီးချင်း ဘယ်နိုင်ငံနဲ့မှ ဆက်ဆံရေး တင်းမာတာမျိုး မဖြစ်စေချင်သလို တရုတ်-မြန်မာ ဆက်ဆံရေးမှာ အနုတ်လက္ခဏာတရပ် ဖြစ်လာစေဖို့ ရည်ရွယ်ချက်လည်း လုံးဝမရှိပါဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသားတွေရဲ့အကျိုးစီးပွားနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးတွေအတွက် အမေရိကန်နဲ့တရုတ် ၂ နိုင်ငံ အတူပူးပေါင်းဆောင်ရွက်နိုင်ခြေတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံဘက်က တွက်ဆချက်တွေ၊ အမြင်တွေကို သိရဖို့အတွက် တရုတ်အရာရှိတွေနဲ့ ဆွေးနွေးခဲ့တယ်လို့လည်း သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူမှုတွေကို ရုပ်သိမ်းပေးဖို့ မကြာသေးခင်ကပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီအရေးယူဒဏ်ခတ်မှုဟာ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဒီမိုကရေစီရေး ဖိနှိပ်မှုတွေကြောင့် ချမှတ်ထားတာမို့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေ ဆက်ပြီး လုပ်လာခဲ့ရင် ရုပ်သိမ်းပေးဖို့ ဖြစ်လာမယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) က မြန်မာနိုင်ငံခရီးစဉ်အတွင်း ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး တွေ့လာရပေမယ့် အပြောင်းအလဲတွေ ဆက်ပြီးလုပ်ဖို့ အတွက် လိုအပ်နေတာတွေ အများကြီး ရှိနေသေးသလို မြန်မာနိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးအတွက် မေးခွန်းထုတ်စရာတွေ ရှိနေသေးတယ်လို့ မစ္စတာမစ်ချဲလ်က ပီကင်းမှာ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အခုလိုပဲ အပြောင်းအလဲတွေ ဆက်ပြီး လုပ်နေမယ်ဆိုရင် မြန်မာနိုင်ငံ ဒီမိုကရေစီရေးခရီးလမ်းကို လျှောက်လှမ်းရာမှာ အမေရိကန်နိုင်ငံက မိတ်ဆွေကောင်းတယောက်အဖြစ်နဲ့ ရပ်တည်နေမှာ ဖြစ်သလို တွေ့လာရတဲ့ တိုးတက် ပြောင်းလဲမှုတွေအတွက် တဆင့်ချင်း အကူအညီတွေတိုးပေးပြီး တုံ့ပြန်ဖို့ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG