သုံးရလွယ်ကူစေသည့် Link များ

၂၀၁၂ခုနှစ်မှာမြန်မာ့ လူ့အခွင့်အရေး စိန်ခေါ်ချက်များရှိနေ


၂၀၁၂ခုနှစ်မှာမြန်မာ့ လူ့အခွင့်အရေး စိန်ခေါ်ချက်များရှိနေ
၂၀၁၂ခုနှစ်မှာမြန်မာ့ လူ့အခွင့်အရေး စိန်ခေါ်ချက်များရှိနေ

အခု ၂၀၁၁ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး အခြေအနေတွေဟာ အရင်ကထက် သိသိသာသာ တိုးတက်လာတယ်ဆိုပေမဲ့ စိန်ခေါ်ချက်တွေ၊ အကဲစမ်းမှုတွေတော့ ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် တာဝန်ယူဖြေရှင်းလိုစိတ် အာဏာပိုင်တွေမှာရော၊ အခြား လူမှုအဖွဲ့အစည်းတွေမှာပါ မတွေ့ရတဲ့အချက်ဟာ စိုးရိမ်စရာ ဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောသွားတာပါ။ ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မြန်မာအစိုးရအနေနဲ့ အခုနှစ်အတွင်းမှာ နိုင်ငံတကာရဲ့ ကြိုဆိုမှုတွေနဲ့ လိုလိုလားလား ဆက်ဆံမှုတွေ ရတဲ့နှစ်လို့ ပြောရမှာဖြစ်သလို ဒါဟာလည်း တဘက်က လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အခြေအနေ အချို့ တိုးတက်လာတာကြောင့်လို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံအခြေအနေကို နိုင်ငံတကာက ဝင်ရောက် ကြည့်ရှုစစ်ဆေးခွင့်ရတဲ့အထဲမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ်အိုဟေးကင်တာနားလည်း ပါပါတယ်။ သူဟာ နောက်ဆုံးအကြိမ် အခုနှစ် သြဂုတ်လအတွင်းမှာ မြန်မာနိုင်ငံကို ရောက်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ်အတွင်း မြန်မာအစိုးရအနေနဲ့ လမ်းကြောင်းမှန်ပေါ်ကို ဦးတည်သွားနေတယ်ဆိုတာ ကိုတော့ ရှင်းရှင်းလင်းလင်း ခိုင်ခိုင်မာမာမြင်ရတယ်လို့ မစ္စတာကင်တာနားက ဗွီအိုအေကို ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့ စိန်ခေါ်ချက်တွေ အကဲစမ်းမှု တွေတော့ ရှိနေသေးတယ်လို့ သူက မြင်ပါတယ်။ အထူးသဖြင့်တော့ ပြီးခဲ့တဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဏာပိုင်တွေဘက်ကရော လူမှုလူ့အဖွဲ့အစည်းတွေကပါ စိတ်ဝင်စားမှုမရှိကြတာကို သူ့အနေနဲ့ အလွန်တရာ စိုးရိမ်တယ်လို့ ပြောပါတယ်။

“စိန်ခေါ်အကဲစမ်းချက်တွေကတော့ ရှိနေပါတယ်။ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရ မှုတွေကို ပြန်လည်ဖော်ထုတ် အရေးယူဆောင်ရွက်မှုမျိုးတွေအတွက် စိတ်ဆန္ဒ လုံးဝမရှိတဲ့အပေါ်မှာ ကျနော် အင်မတန် စိုးရိမ်စရာဖြစ်ရပါတယ်။ ဒီလို ဆောင်ရွက်ရမယ်ဆိုတဲ့ စိတ်ဆန္ဒမျိုး အစိုးရမှာတင် မဟုတ်ပါဘူး။ လူမှုအဖွဲ့အစည်းတွေမှာလည်း မရှိတာကို ကျနော်တွေ့ရပါတယ်။ ဒီမိုကရေစီအသွင် ကူးပြောင်းတဲ့ လုပ်ငန်းစဉ်တိုင်းမှာ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြန်လည် ပြောဆို ကိုင်တွယ်ရတာမျိုး လိုအပ်ပါတယ်။

မြန်မာလူထုဟာ ဆယ်စုနှစ်တွေနဲ့ချီပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားခဲ့ရတာပါ။ ဒီကိစ္စတွေကို ဖုံးထားလို့မရပါဘူး။ တချိန်မဟုတ် တချိန်မှာ ပေါ်လာမှာပါ။ ဒါကြောင့် ဒီချိုးဖောက်မှုတွေကို နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေအတိုင်း အရေးယူကိုင်တွယ်ဖို့ဆိုတာ ဝတ္တရားတရပ်ဖြစ်ပါတယ်”

ဒါပေမယ့်လည်း ဆယ်စုနှစ်များစွာ ပဋိပက္ခတွေဖြစ်ခဲ့တဲ့ စစ်အာဏာပိုင်တွေနဲ့ ဒီမိုကရေစီအင်အားစု အကြား ပြန်လည်သင့်မြတ်ရေးကာလ ပူပူနွေးနွေးရှိသေးတာမို့ ပြီးခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေကို ပြန်ဆွေးနွေးကြရင် လက်ရှိ နိုင်ငံရေးလုပ်ငန်းစဉ်တွေ ထိခိုက်လာမလား ယူဆစရာရှိပါတယ်။ အထူးကိုယ်စားလှယ် မစ္စတာကင်တာနားကတော့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်မှာ ပြီးခဲ့တာတွေ အတွက် တရားမျှတမှုဖော်ထုတ်ရေးဟာ အသွင်ကူးပြောင်းရေးမှာ တာဝန်ယူရမယ့် အစိတ်အပိုင်း တရပ်လို့ မြင်ပါတယ်။

“ကမ္ဘာ့နိုင်ငံတွေရဲ့ အတွေ့အကြုံအရဆိုရင်တော့ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တိုင်းမှာ အမှန်တရားနဲ့တရားမျှတမှုဖော်ထုတ်ရေးကိစ္စရပ်မျိုးကို ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဒါဟာ တာဝန်ယူမှု အစိတ်အပိုင်းတရပ် ဖြစ်ပါတယ်။ ပြန်လည်သင့်မြတ်ရေးတိုင်းမှာ ဒီကိစ္စ ဆွေးနွေးရပါတယ်။ ဒါဟာ အဓိက အဖွဲ့အစည်း ပုဂ္ဂိုလ်တွေအကြား ဆွေးနွေးရမယ့်ကိစ္စဖြစ်ပါတယ်”

လူ့အခွင့်အရေးနဲ့ပတ်သက်လို့ အခြားအကဲစမ်းချက်တွေကိုလည်း အထူးကိုယ်စားလှယ်က ထောက်ပြပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထောင်တွေထဲမှာ ကျန်နေသေးတဲ့ ကိစ္စရပ်အပြင် တိုင်းရင်းသားဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ မြန်မာပြည်သူပြည်သားတိုင်း စီးပွားရေးနဲ့လူမှုရေး အခြေခံရပိုင်ခွင့်ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။

“အခြား စိုးရိမ်စရာလူ့အခွင့်အရေးကိစ္စတွေလည်း ရှိပါသေးတယ်။ နယ်စပ်က အရပ်သားတွေ အခြေအနေ- ရခိုင်နဲ့ ချင်းပြည်နယ်မှာလို ခွဲခြားဆက်ဆံမှုကိစ္စတွေ- နောက်ပြီး မြန်မာလူထုတရပ်လုံး စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခြေခံရပိုင်ခွင့်တွေ ခံစားခွင့်ရမယ့် စီးပွားရေးစနစ်မျိုးကို ဘယ်လို တည်ဆောက်မလဲ ဆိုတဲ့ကိစ္စကလည်း ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ ဒါတွေကို ကျနော် စောင့်ကြည့် နေပါတယ်။ နောက်နှစ်မှာတော့ အစိုးရအနေနဲ့ ဒီကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက် လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”

ဒီလို စိန်ခေါ်ချက်တွေရှိနေပေမယ့် အစိုးရအဖွဲ့အတွင်း အာဏာပိုင်အချို့မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ လိုလိုလားလားရှိသူတွေကိုလည်း တွေ့ခဲ့ရတယ်လို့ သူ့အတွေ့အကြုံအရ ပြောပါတယ်။

“လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်လာရေး ကိုင်တွယ်ဆောင်ရွက်ဖို့ လိုလိုလားလားရှိကြတဲ့ ဝန်ကြီးအချို့တွေ့ရပါတယ်။ သြဂုတ်လ နောက်ဆုံးခရီးစဉ်ကနေ ကျနော်ပြန်လာပြီးတဲ့နောက်မှာ ကျနော် အကြံပေးထားတဲ့အတိုင်း အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းမှုကို သမ္မတ ဦးသိန်းစိန်က ဆုံးဖြတ်အတည်ပြုခဲ့ပါတယ်။ ဒီ ကော်မရှင်အနေနဲ့ ဘယ်လောက်အထိ လွတ်လပ်မှုရှိလဲ၊ ယုံကြည်လို့ရသလဲဆိုတဲ့ မေးခွန်းကတော့ ရှိနေပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ လူ့အခွင့်အရေးကိစ္စတွေမှာ တက်တက်ကြွကြွ ပြောဆို ပါဝင်လာနိုင်တာတော့ ရှိပါတယ်။ ဆိုတော့ လူ့အခွင့်အရေးအခြေအနေ တိုးတက်လာဖို့အတွက် ပိုင်းဖြတ်ဆောင်ရွက်ချက်အချို့တော့ တွေ့ရပါတယ်”

လာမယ့်နှစ်မှာတော့ အခုနကပြောခဲ့တဲ့ စိန်ခေါ်ချက်တွေကို မြန်မာအစိုးရအနေနဲ့ ဘယ်လိုကိုင်တွယ် ဆောင်ရွက်မလဲ ဆိုတာကိုတော့ သူစောင့်ကြည့်နေမယ်လို့ မစ္စတာကင်တာနားက ပြောပါတယ်။ သူကိုယ်တိုင်လည်း လာမယ့်နှစ် ဖေဖဝါရီလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိနေပြီး အဲဒီကအပြန် မတ်လမှာတော့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့လူ့အခွင့်အရေးအခြေအနေ နှစ်လည် အစီရင်ခံစာ တင်သွင်းဖို့ရှိပါတယ်။

XS
SM
MD
LG