မြန်မာစစ်အစိုးရကျင်းပတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးအင်အားစုတွေ အားလုံး ပါဝင်ခြင်းမရှိသလို လွတ်လပ်ပြီး တရားမျှတမှု မရှိတာတွေကြောင့် ဒီရွေးကောက်ပွဲဟာ စစ်အစိုးရ အုပ်ချုပ်ရေး သက်ဆိုးရှည်ဖို့သက်သက် ရည်ရွယ်ကျင်းပတာဖြစ်တယ်လို့ ပြည်တွင်းပြည်ပ မြန်မာ့အရေး လှုပ်ရှားသူတွေကရော၊ နိုင်ငံတကာက ခေါင်းဆောင်တွေကပါ ဝေဖန်ပြောဆိုနေကြပါတယ်။ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဘရက်(က်) အိုဘားမားက မနေ့က စိန့်ဇေးဗီးယား ကောလိပ်မှာ အိန္ဒိယ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေနဲ့ တွေ့ဆုံတဲ့ အခမ်းအနားမှာ မြန်မာနိုင်ငံက ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခုလို ပြောကြားသွားခဲ့ပါတယ်။
“ကမ္ဘာပေါ်က တချို့ နေရာတွေမှာ “ဒီမိုကရေစီ” ဟာ မေးခွန်းထုတ်စရာ ဖြစ်နေဆဲပါ။ ဥပမာ တခုအနေနဲ့ပြောရရင် အခု မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ လုပ်နေပါတယ်။ ကျနော်တို့ ကြားသိရတဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံက ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ မြန်မာပြည်သူလူထုဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရမယ့် အခွင့်အရေးတွေကို နှစ်ပေါင်းများစွာ ငြင်းပယ်ခံနေရပါတယ်။”
မြန်မာစစ်အစိုးရ ကျင်းပတဲ့ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံနိုင်လောက်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီမှုမရှိသလို ဖိနှိပ်မှုတွေ၊ ကန့်သတ်ချုပ်ချယ်မှုတွေအောက်မှာ ပွင့်လင်းမြင်သာမှုလည်းမရှိ၊ နိုင်ငံရေးအင်အားစုတွေ အားလုံးလည်း ပါဝင်ခြင်း မရှိတာကြောင့် စစ်အုပ်ချုပ်ရေး ဆက်လက်တည်ရှိဖို့အတွက်သာလုပ်တဲ့ တကယ်စစ်မှန်တဲ့ ရွေးကောက်ပွဲတရပ် မဟုတ်ဘူးလို့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲကို ပြင်းပြင်းထန်ထန် ရှုတ်ချတဲ့ ကြေညာချက် တစောင်ကိုလည်း အမေရိကန် သမ္မတ အိုဘားမားက မနေ့က ထုတ်ပြန်ခဲ့ပါသေးတယ်။
သြစတြေးလျနိုင်ငံ မဲ(လ်)ဘုန်း မြို့မှာရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟစ်လာရီကလင်တန် ကလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲကို အခုလို ဝေဖန်ပါတယ်။
“ဒီကနေ့ မြန်မာနိုင်ငံကို ကြည့်တဲ့အခါ အခုကျင်းပနေတဲ့ ရွေးကောက်ပွဲဟာ စစ်အစိုးရရဲ့ နိုင့်ထက်စီးနင်း လုပ်ဆောင်မှုကို အခုတကြိမ် ထပ်ပြီး မြင်သာစေတဲ့ အပြစ်အနာအဆာတွေနဲ့ ရွေးကောက်ပွဲပါ။ ဒါဟာ တကယ့်ကို စိတ်ထိခိုက်စရာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေ အနေနဲ့ အခုထက်ပိုပြီးတော့ ကောင်းမွန်တဲ့ အခွင့်အရေးတွေ၊ ဘ၀တွေကို ခံစားရသင့်ပါတယ်။”
မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေရဲ့ တာဝန်ရှိမှုအပေါ် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန်ပြည်ထောင်စုက သြစတြေးလျနိုင်ငံနဲ့အတူ ဆက်လက် လုပ်ဆောင်သွားမယ့် အကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ၀န်ကြီး ကလင်တန်က ပြောဆိုသွားခဲ့ပါတယ်။
“တိုင်းရင်းသားလူနည်းစုတွေအပေါ် ဖိနှိပ်ညှင်းပမ်းမှုတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နေကြတဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို သူတို့အပြစ်တွေအတွက် တာဝန်ယူနိုင်ဖို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် ဖွဲ့စည်းဖို့ကိစ္စကို သြစတြေးလျနိုင်ငံနဲ့အတူ အမေရိကန် ပြည်ထောင်စုက ရှေ့ဆက်လုပ်ဆောင်သွားမှာပါ။ ဒီရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် ခေါင်းဆောင်သစ်တချို့အနေနဲ့ အရင်ခေါင်းဆောင်တွေ လုပ်ခဲ့တဲ့အတိုင်း မတရားမှုတွေ ဆက်ပြီးလုပ်သွားလို့ မရဘူးဆိုတာကို သဘောပေါက်ပြီး မြန်မာပြည်သူတွေရဲ့ အနာဂတ် အလားအလာတွေကို နားလည်ဖို့ လိုပါလိမ့်မယ်။”
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သြစတြေးလျနိုင်ငံ မဲ(လ်)ဘုန်းလ်မြို့မှာ တက္ကသိုလ် ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အခုလို ပြောသွားခဲ့တာပါ။ ရွေးကောက်ပွဲ ရလဒ်တွေ မထွက်ခင်မှာကိုပဲ လွတ်လပ်မျှတပြီး အားလုံးပါဝင်ခွင့် ရှိမှာမဟုတ်ဘူးဆိုတာ ကြိုသိနိုင်ပါတယ်လို့ ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီး ၀ီလျံဟိဂ် ကလည်း တနင်္ဂနွေနေ့မှာပဲ ကြေညာချက်တစောင် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။ အလားတူပဲ မြန်မာ့ရွေးကောက်ပွဲကို တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအဖြစ် ဆိုနိုင်မှာမဟုတ်ဘူးလို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးကလည်း မနေ့က သတင်းထောက်တွေကို ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်တယ်လို့လည်း သူက ပြောခဲ့ပါတယ်။
အမေရိကန် အထက်လွှတ်တော် မစ်ခ်ျ မက်ကောနဲလ် (Mitch McConell) ကလည်း ကြိုတင်ပြင်ဆင်ပြီးမှ ဟန်ဆောင်ကျင်းပတဲ့ ရွေးကောက်ပွဲကို မြန်မာစစ်အစိုးရက အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပါတယ်လို့ ပြောကောင်းပြောနိုင်ပေမဲ့ စစ်အစိုးရရဲ့ ဖိနှိပ်မှုအမျိုးမျိုးနဲ့ အခက်အခဲတွေကြားမှာ ရုန်းကန်နေရတဲ့ မြန်မာလူထုအတွက်တော့ နိုဝင်ဘာလ ၇ ရက် ရွေးကောက်ပွဲနေ့ဟာ ဘာထူးခြားမှုမှ မရှိတဲ့ သာမန်နေ့တနေ့ ဖြစ်မှာပဲဖြစ်မှာပါလို့ မနေ့က ထုတ်ပြန်တဲ့ သူ့ရဲ့ ကြေညာချက်ထဲမှာ ရေးသားထားပါတယ်။ ဒီမိုကရေစီနည်းမကျတဲ့ မြန်မာနိုင်ငံက ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ်မပြုအောင် အမေရိကန်က ကြိုပမ်းဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေအပေါ် ဆက်ပြီးတော့ ကူညီထောက်ခံသွားဖို့ကိုလည်း မစ္စတာ မက်ကောနဲလ် က အမေရိကန် သမ္မတ အိုဘားမားက တိုက်တွန်းခဲ့ပါသေးတယ်။
ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ပိုပြီးတော့ ဆိုးရွားသွားနိုင်သလို ဒီအပေါ် မြန်မာလူထုကလည်း မကျေမနပ် ဖြစ်နေတယ်လို့ မြန်မာ့ရေး လှုပ်ရှားမှုအဖွဲ့ Alternative ASEAN အဖွဲ့က Debbie Stothart ကလည်း မြန်မာရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မနေ့က ဝေဖန်ပြောသွားခဲ့ပါတယ်။
“ရွေးကောက်ပွဲ ကျင်းပသွားခဲ့တဲ့ အခြေအနေတွေအပေါ်မှာ လူထုရဲ့ ဒေါသတွေ၊ အမုန်းတရားတွေ ရှိနေတာကို ကျမတို့ တွေ့ရပါတယ်။ ရွေးကောက်ပွဲနောက်ပိုင်း စီးပွားရေးအခြေအနေ ပိုပြီးတော့ ဆိုးရွားသွားနိုင်သလို ပြည်သူတွေရဲ့ လွတ်လပ်မှု အခွင့်အရေးတွေနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေပါ ပိုပြီးတော့ ဆိုးရွာသွားနိုင်တယ်ဆိုတဲ့ အချက်အပေါ်မှာလည်း လူထုက ပိုလို့တော့ အမျက်ဒေါသ ထွက်နေကြတာပါ။”
မြန်မာစစ်အစိုးရရဲ့ရွေးကောက်ပွဲ ပွင့်လင်းမြင်သာမှုမရှိသလို လွတ်လပ်ပြီး တရားမျှတတဲ့ အခြေအနေတွေလည်း မရှိခဲ့တာကြောင့် ဒီရွေးကောက်ပွဲကို နိုင်ငံတကာက ဝေဖန်ပြစ်တင်နေကြတာ ဖြစ်ပါတယ်။