ထိုင်းဝန်ကြီးချုပ် အဘီဆစ် ၀ိတ်ချာချီဝရဲ့ ပထမဆုံးအကြိမ် မြန်မာခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မြန်မာ့အရေး လေ့လာသုံးသပ်သူတွေက တော့ ခရီးစဉ်အတွင်း မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ ထိုင်းနိုင်ငံအတွင်း လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေကိစ္စ၊ ပြီးတော့ လက်ရှိနယ်စပ်ပြဿနာ အခြေအနေတွေအပါအ၀င် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ်နေမှုတွေကို ဆွေးနွေးပြောဆိုနိုင်တယ်လို့ ခန့်မှန်းကြသလို ရွေးကောက်ပွဲနောက်ပိုင်း ပြောင်းလဲလာမယ့် အခြေ အနေအပေါ် ချဉ်းကပ်ဖို့ နည်းလမ်းရှာတာလည်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
မစ္စတာအဘီဆစ်ရဲ့ တရက်တာ မြန်မာနိုင်ငံခရီးစဉ်မှာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စ အပါအ၀င် ထိုင်းရောက် မြန်မာရွှေ့ ပြောင်း အလုပ်သမား ကိစ္စ၊ နယ်စပ်ကုန်သွယ်ရေးနဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးကိုလည်း ဆွေးနွေးမယ်လို့ ထိုင်း မီဒီယာတွေ ဖော်ပြကြပါတယ်။ ဒီခရီးစဉ်ဟာ ၀န်ကြီးချုပ်တယောက်အနေနဲ့ သူ့ရဲ့ပထမဆုံးမြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပါတယ်။
မစ္စတာအဘီဆစ်ရဲ့ ဒီမိုကရက်ပါတီနဲ့နီးစပ်သူ ဦးညိုအုံးမြင့်က သန်းနဲ့ချီရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ဒုက္ခသည်အရေးကို အလေးထား ဆွေးနွေးနိုင်တယ်လို့ ဆိုပါတယ်။
“သူတို့အနေနဲ့က မြန်မာနိုင်ငံဘက်က တာဝန်မဲ့တယ်ဆိုတဲ့ အချက်မျိုးကို သူတို့ မြင်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်ကိုင် မပေးနိုင်တဲ့အတွက် မြန်မာပြည်သားတွေဟာ တခြား အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့ Rule of Law လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေး ကိစ္စမှာ မြန်မာအစိုးရအနေနဲ့ ထိုင်းနိုင်ငံရဲ့ တရား ဥပဒေစိုးမိုးရေးမှာ တစိတ်တပိုင်း တာဝန်ရှိတဲ့ အတွက်ကြောင့် ဒီကိစ္စမှာ ဥပမာအားဖြင့် ဒုက္ခသည်တွေကို မြန်မာ နိုင်ငံကို ပြန်ပို့မယ်ဆိုရင် မြန်မာနိုင်ငံမှာ တည်ငြိမ်တဲ့ အစိုးရ၊ ဒေသတွင်းမှာ ငြိမ်းချမ်းတဲ့အနေထားရှိဖို့ အရေးကြီးတယ် ဆိုတာ သူတို့ အလေးနက်ခံယူပါတယ်။ ဒါပေမဲ့ တဘက်မှာ ရွှေ့ပြောင်း အလုပ် သမားတွေ သန်းနဲ့ချီပြီး ထိုင်းနိုင်ငံထဲ မှီခိုနေတဲ့ ကိစ္စကို မြန်မာအစိုးရအနေနဲ့ ဒီအပေါ် ဘယ်လိုတာဝန်ယူမလဲ ဆိုတဲ့အချက်ကို ၀န်ကြီးချုပ် အဘီဆစ်အနေနဲ့ သိချင်တယ် လို့ ကျနော် နားလည်ပါတယ်”
ဒီမိုကရက် ပါတီဟာ တခြားပါတီတွေနဲ့စာရင် မြန်မာ့ဒီမိုကရေစီအရေးနဲ့ပတ်သက်ပြီး တွန်းတွန်းတိုက်တိုက် ပြောဆိုလေ့ရှိပါတယ်။ မစ္စတာအဘီဆစ်ရဲ့ အခုခရီးစဉ်ဟာ (၂၀၁၀) ရွေးကောက်ပွဲနောက်ပိုင်း ပြောင်းလဲလာမယ့် အခြေအနေတွေ အပေါ် ချဉ်းကပ်ဖို့ နည်းလမ်း ရှာတာဖြစ်နိုင်တယ်လို့ ဦးညိုအုံးမြင့်က ဆက်ပြောပါတယ်။
“အဓိက ကတော့ ထိုင်းအစိုးရအနေနဲ့ လာမယ့်ရွေးကောက်ပွဲကို စစ်စစ်မှန်မှန်ဖြစ်ဖို့ အတွက် ဆန္ဒရှိတယ်လို့ထင်ပါတယ်။ ဒါပေမဲ့ သူတို့မှာ အဲလောက်ထိ မျှော်လင့်ချက် ထားမယ်လို့ မထင်ပါဘူး။ ဒါပေမဲ့ တဘက်မှာ ထိုင်းအစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲ က ထွက်လာမယ့်ရလာဒ်အပေါ် အခြေခံပြီး သူတို့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည် ပူးပေါင်းဆောင်ရွက်ဖို့၊ နည်းလမ်းတွေ ရှာဖွေဖို့ရှိပါ တယ်။ ဒါပေမဲ့ တဘက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးထားတဲ့ကိစ္စက ထိုင်းအစိုးရအတွက် သူ့ရဲ့ပေါ်လစီမှာ ရှေ့တိုးဖို့ အခက်ခဲရှိတယ်လို့ ထင်ပါတယ်”
ထိုင်း-မြန်မာဆက်ဆံရေးကို စောင့်ကြည့်လေ့လာနေတဲ့ ကိုကျော်လင်းဦးကတော့ လတ်တလောဖြစ်နေတဲ့ နယ်စပ် ပြဿနာတွေ၊ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးနိုင်မယ်လို့ သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံကို သွားလေ့သွားထရှိတဲ့ နိုင်ငံတခုအနေနဲ့တော့ သွားတာပါပဲ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် အချိန်အားဖြင့် နောက်ကျ သွားတယ်၊ တခြားနိုင်ငံတွေနဲ့စာရင် အခုမှ ၁ နှစ်ကျော်ကြာမှ အဘီဆစ်အနေနဲ့ သွားရတယ်ပေါ့။ နောက်တချက်က အခု သွားတဲ့အချိန် က တိုက်တိုက်ဆိုင်ဆိုင် နောက်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့လည်း နည်းနည်း နီးကပ်တဲ့အချိန် ဖြစ်နေတဲ့ခါကျတော့ ကျနော်ထင် တယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့တွေ့တဲ့အချိန်မှာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေ၊ အာဆီယံရဲ့ မျှော်မှန်းချက် တွေကိုလည်း ထည့်ပြောလိမ့်မယ်ထင်တယ်။ နောက်တခုက ထိုင်းနဲ့မြန်မာကြားဖြစ်နေတဲ့ နယ်စပ်ပြဿနာပေါ့ဗျာ၊ တံတား ပိတ်ထားတဲ့ ကိစ္စ၊ ဒါတွေကလည်း ထိုင်းစီးပွားရေးကို တော်တော်လေးထိခိုက်ပါတယ်။ အဲဒီအပေါ်မှာလည်း ချက်ချင်း နယ်စပ် တံတား ပြန်မဖွင့်ဘူး ဆိုရင်တောင် ဘယ်တော့လောက် ဖွင့်နိုင်မလဲဆိုတဲ့ အခြေအနေမျိုးကိုလည်း ဆွေးနွေးလိမ့်မယ်ထင်တယ်”
ထိုင်းဟာ မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာသန်း ၉၅၀၀ ကျော် ရင်းနှီးမြှုပ်နှံထားပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ကုန်သွယ်ဖက်ထဲမှာ အများ ဆုံးရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေတော့ သဘာဝဓာတ်ငွေ့၊ ရေအား လျှပ်စစ်နဲ့ ဓာတ်သတ္တုကဏ္ဍတွေ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ထိုင်းဟာ အမေရိကန်ဒေါ်လာ ၁၃ ဘီလျှံအကုန်ကျခံ တည်ဆောက်မယ့် ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်းကိုလည်း မကြာခင် လက်မှတ်ထိုးမယ်လို့သိရပါတယ်။