သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၀ “တပ်မှူးတပ်သား ပြောစကား” အနှစ်ချုပ် အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၄၁)

ဦးရော်နီညိမ်း။ ။ တပ်မှူးတပ်သား ပြောစကား အစီအစဉ် အမှတ်စဉ်(၁) ကို ၂၀၁၀ မတ်လ(၂၇) ရက်နေ့ (၆၅) နှစ်မြောက် တော်လှန်ရေး နေ့ကစပြီး ထုတ်လွှင့်ခဲ့တာပါ။ တစ်နှစ်အတွင်း အစီအစဉ်တွေထဲကနေ တပ်မှူး တပ်သားတွေရဲ့ ပြောစကားတွေကို အနှစ်ချုပ်ပြီး တင်ဆက်ပေး လိုက်ပါတယ်။ ပထမဆုံးတော့ ခေတ်သစ် မြန်မာ့ တပ်မတော်ကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ ပြောစကားကို နားဆင်ကြရအောင်ပါ ခင်ဗျာ။

အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇော။ ။ တပ်မတော်သားများကိုလည်း ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူကိုရန်သူလိုသဘောမထားကြပါနဲ့ လို့၊ ပန်ကြားလိုပါတယ်။ ဗမာပြည်ရဲ့ မပြီးဆုံးသေး တဲ့ ဒီမိုကရေစီတိုက်ပွဲအတွက်၊ တစ်ခန်းတစ်ကဏ္ဍက ပါဝင်လှုပ်ရှားနေကြတဲ့ သတင်းဌာန အသီးသီးကို ကျေးဇူး အထူးတင်ပါတယ်။ တပ်မတော်သားများနဲ့ ပြည်သူလူထုကြားနားလည်မှုရအောင်၊ ယုံကြည်မှုရအောင်၊ ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးရရှိနိုင်ပါစေ။

ဦးရော်နီညိမ်း။ ။ ခေတ်သစ်မြန်မာ့တပ်မတော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူကတော့ အငြိမ်း စား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးပါ။ တပ်ထဲကို ဗမာ့ကာကွယ်ရေးတပ်မတော် BDA - Burma Defence Army မှာစတင် ဝင်ရောက်ခဲ့တာဟာ အနာဂတ်မှာ ကိုယ်ကြီးပွါးဖို့လား စစ်ထဲဝင်လျှင် ကိုယ်ကျိုးအတွက် တစ်စုံတစ်ရာ အကျိုးကျေးဇူး ဖြစ်ထွန်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါလားလို့ မေးမြန်းခဲ့စဉ်မှာ ………..

သူရဦးတင်ဦး။ ။ ဟာ ။ ဘယ်၊ အဲဒါမျိုးတွေ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူးဗျ။ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူး ။ ကျနော်တို့ တပ်ထဲ ဝင်မယ်။ နောက်ပြီးတော့ ကျနော်တို့ တပ်မတော်မှာ တာဝန်ထမ်းဆောင် မယ်၊ နောက်ပြီးတော့ အမိမြန်မာနိုင်ငံအတွက် လုပ်မယ်၊ ဒီလိုနဲ့ ကျောင်းသားတွေစိတ်ဓါတ်နဲ့ ပါတာဘဲ။ နောက် ပြီးတော့ ကျောင်းရောက်တော၊့ ဗိုလ်သင်တန် ကျောင်းရောက်တော့လည်းဘ၊ဲ ဥပမာဆိုလို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း၊ ကျနော်တို့ စစ်သေနာပတိအနေနဲ့ ကျောင်းကိုလာလာပြီးတော့ စိတ်ဓါတ်ရေး ရာနဲ့ ပတ်သက်လို့ ဟောတယ် ပြောတယ်ဗျ။ ဟောတဲ့ပြောတဲ့ထဲမှာ သူပြောနေတာ အမြဲတမ်း ပြောတာက၊ ငါပေးနိုင်တာက မင်းတို့ကို (ဟုတ်လား) စားဖို့သောက် ဖို့ဆိုရင်ပေါ့။ ငါ့အနေနဲ့ ခု ကျောက်ခဲသလဲပဲ ပေးနိုင် မယ်ပေါ့။ ဒါမျိုးတွေ ပေါ့လေ။ နောက်တစ်ခုက၊ ဒီ၊ တပ်မတော်ထဲမှာ ကျနော်တို့ စစ်သည် ကောင်းဖြစ်ဖို့ဆိုတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက်၊ နိုင်ငံတော်နဲ့ပတ်သက်တဲ့ ရှေ့ ကျနော်တို့တည်ဆောက်ရမယ့် ကိစ္စအပိုင်း တွေမှာ၊ လွတ်လပ်ရေးရပြီးရင် ဘယ်လိုတည်ဆောက်မယ်၊ စသည်ဖြင့် ဒါတွေကို ဟောတဲ့ပြောတဲ့ အခါမှာ၊ အင်မတန်တက်ကြွတယ်။ အဲဒီစိတ် ဓါတ်က ဒီဘက်အထိ ပါလာတာဗျ ကျနော်တို့က။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ်(၁) ကနေ ကျောင်းဆင်းခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့် ဟာ သူ့ရဲ့ အချစ်ဆုံး မိတ်ဆွေသူငယ်ချင်း တစ်ဦးဖြစ်သူ ဗိုလ်ကြီးမြင့်ထူးရဲ့ အကြောင်းကို ဗွီအိုအေကို ပြောပြခဲ့ပါတယ်။ ဗိုလ်ကြီးမြင့်ထူးဟာ ဖက်ဆစ်ဂျပန် တော်လှန်ရေးကာလက အထက်ဗမာပြည်တိုင်း ဗိုလ်မှူးကြီးဗထူးရဲ့ သားဖြစ်ပြီးတော့ OTS – Officer Training School အပတ်စဉ် (၂၆) ဗိုလ်သင်တန်း ကနေ ကျောင်းဆင်းခဲ့သူဖြစ်ပါတယ်။

ဦးခင်မောင်ညွှန့်။ ။သူက သာယာဝတီအမှတ် (၂၅) ခြေလျင်တပ်ရင်းကပါ ခင်ဗျား။ သူ့ကို ဗိုလ်မှူးကြီး ဗထူးရဲ့သားဆိုတာလည်း ကျနော်တို့ ကမသိဘူးခင်ဗျ။ သိချင်တော့ တစ်နေ့ ကျနော်တို့ က အဲဒါ နော်ခန်းကြီးဘုရားပေါ် လမ်းလျှောက်ရအောင်ဆိုတော့ ကျနော်တို့ လမ်းလျှောက် ရင်းနဲ့ ကျနော့်အဖေဟာတဲ့ ဖက်ဆစ်ဂျပန်တော်လှန်ရေးမှာတဲ့ အထက်ဗမာပြည် တိုင်းမှူး ဗိုလ်မှူးကြီးဗထူး ဆိုတာ ခင်ဗျားကြားဖူးမှာပေါ့တဲ့။ ငှက်ဖျားရောဂါနဲ့ ပဲအဲဒီ တော်လှန်ရေးကာလ အတောအတွင်းမှာ ကလော၊အောင်ပန်း ဧရိယာဘက်မှာပေါ့ဗျာ နော်။ အဲဒီဘက်မှာ တာဝန်ယူ နေရင်း ပြုရင်းနဲ့ ကျဆုံးသွားတယ်တဲ့။ သူနောက်ဆုံး ကျနော် အမေနဲ့ ကျနော်တို့ ကိုလာတွေ့ တဲ့အချိန်မှာ ကျနော်က (၅) နှစ်သား (၆)နှစ်သား လောက်ပဲ ရှိသေးတယ်တဲ့။ နောက်သူသွားမယ့်နေ့ ကျတော့ အမေ့ကို ပြောတယ်ပေါ့လေ။ သူဘာပြော သလဲ၊ ဘာလဲညာလဲ၊ ဘာမှ ကျနော် ဘယ်မှတ်မိမလဲဗျာတဲ့ (၅)နှစ်သား (၆)နှစ်သားကိုးတဲ့။ အမေက ကျနော် (၈)တန်းလောက်ရောက်တဲ့ အချိန်ကျတော့ သူ့ အဖေက ဘာမှာခဲ့ တယ် ဆိုတာ သူကပြောပြတာ။ အေးအဲဒီတော့ ငါ့သားတွေ သမီးတွေကိုတော့ ငါပေါ့လေ၊ ဘယ်တော့မှ ပြန်တွေ့ နိုင်မလဲ၊ ဘာမှကိုမရေရာဘူး။ သို့သော်လည်း ငါ့သားကြီး ဒီမြင့်ထူးကိုတော့ သူလူလား မြောက်လာတဲ့ အချိန်မှာပေါ့လေ သူ့ အဖေကနေ ငါအကယ်၍ ပြန်မလာနိုင်ရင်ပေ့ါလေ။ မှာခဲ့တယ်ဆိုတာ တစ်ခုကို ပြောပေးပါလို့၊ ကျနော့်အဖေက ကျနော့် အမေကိုပြောတယ်တဲ့၊ ငါ့သားကြီးကိုပေါ့လေ၊ လူလားမြောက်လာတဲ့အချိန် မှာ ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ အဖေ့ရဲ့သမိုင်းကိုပေါ့လေ၊ အစဉ်အလာကို ထိန်းတဲ့အနေနဲ့ တပ်ထဲကို ဝင်၊ ဝင်ပြီးတော့ နိုင်ငံနဲ့ ပြည်သူကို အကျိုးပြုပါ၊ အဲဒါအဖေမှာတယ်ပေါ့လေ၊ သူ့ ကိုမှာထားတဲ့ အကြောင်းကို အမေကနေ သူ(၈)တန်းရောက်တဲ့ အချိန်ကျမှ ဒီအကြောင်းကို ပြေပြတာ။ ဘာပဲ ဖြစ်ဖြစ် ကျနော် အခုတပ်ထဲကို ရောက်နေပြီ၊ တပ်မတော် အရာရှိလည်းဖြစ်နေပြီ ဆိုတော့ အဖေ့ဆန္ဒကို ကျနော်ဖြည့်စည်းနိုင်သရွေ့တော့ ဖြည့် ဆည်းနေပါပြီတဲ့၊ ဒါပေမယ့် ဆက်ပြီးတော့ ဖြည့်စည်းစရာတွေကိုတော့ ကျနော် ဖြည့်ဆည်းဦးမှာပါပဲတဲ့၊ အဲလို သူပြောတယ်လေ။

ဦးရော်နီညိမ်း။ ။ တခါ ၁၉၆၀ ရွေးကောက်ပွဲရဲ့ အကျိုးဆက်အဖြစ် အဲဒီအချိန်က ဗမာ့တပ်မတော်ရဲ့ တပ်မှူးကြီးတွေ တပ်မတော်ကနေ ဖယ်ရှားခြင်းခံခဲ့ရတဲ့ ၁၉၆၀ ရတနာပုံ ရေတပ်စခန်း တပ်မှူးများညီလာခံက သမိုင်းဝင် အဖြစ်အပျက်တွေကိုလည်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦး တင်ဦးက အခုလိုပြောပြခဲ့ပါတယ်။

သူရဦးတင်ဦး။ ။ အဲဒီမနက်က (၈) နာရီလောက်မှာ ရတနာပုံရေတပ်စခန်းမှာ လုပ်မှာ၊ မလုပ်ခင် တပ်မှူးတွေကို (၈) နာရီမတိုင်ခင်ကို။

ဦးရော်နီညိမ်း။ ။ အဲဒါ ၁၉၀၀ ဘယ်နှစ်ခုနှစ်လဲ အန်ကယ်။

သူရဦးတင်ဦး။ ။ အဲဒါ ၁၉၆၀ ခုနှစ်ပဲလေ၊ ရွေးကောက်ပွဲပြီး ဘာမှမကြာဘူး။ ဟုတ်တယ် ၁၉၆၀ခုနှစ်ထဲမှာပဲ။ ၁၉၆၁ တောင် မကူးသေးဘူး။ ၁၉၆၁ ဆို ကျနော် တပ်မဟာ(၁၃)ရဲ့ တပ်မဟာမှူး ဖြစ်နေပြီလေ။ အဲဒီတော့ အဲဒါ မတိုင်ခင်မှာပေါ့။ ကျနော် အဲဒီတုန်းက တပ်ပေါင်းစုမှူး (ရခိုင်) ဗျ။ ဒုဗိုလ်မှူးကြီး…ဒုဗိုလ်မှူးကြီး။ အဲဒါနဲ့ ဗျာ၊ အဲဒီကို ရောက်ပြီးတဲ့အခါကျတော့ မစခင် လေးမှာ၊ အဲဒီ ဗိုလ်ချုပ်နေဝင်းပေါ့။ သူက အခန်းထဲမှာ အရင် အစောကြီးကတည်းက ရောက်နေတယ်ခင်ဗျ။ သူ့ရုံးခန်းထဲမှာ။ ကျနော်တို့လည်း ဝင်ကြတာပေါ့၊ အစည်းဝေးခန်းလေးပေါ့၊ စုပေါင်းထိုင်တဲ့ နေရာမျိုးမှာ စီပြီးထိုင်နေကြတာပေါ့။ ထိုင်နေတုန်း ဗိုလ်မှူးခင်ညိုကို ကာကွယ်ရေးဦးစီးချုပ်က ခေါ်နေတယ်လို့ ပြောတော့ ဗိုလ်မှူးခင်ညို ထသွား တယ်ဗျ။ ထသွားပြီးတော့ ဘာမှ မကြာဘူးပေါ့၊ မကြာဘူးဆိုတာ ဆယ့်ငါးမိနစ်လောက်ပဲ ကြာမယ်ထင်တယ်။ ရှူးရှူးရှဲရှဲနဲ့ သူပြန်ဝင်လာတယ်။ မျက်နှာလည်း နီနေတယ်ဗျ၊ ကာကွယ်ရေးဦးစီးချုပ်က မှာလိုက်တယ်တဲ့၊ မင်းတို့အထဲမှာ အခု လက်နက်ပါလာတဲ့ကောင်ရှိရင် ဒီလက်နက်ကို ခုံ ပေါ်လာတင်ထားလို့ ကာကွယ်ရေးဦးစီးချုပ်ကပြောတယ်တဲ့။ အဲဒီလို ပထမဦးဆုံးပြောတယ်။ အဲလိုပြောလိုက်တော့ တစ်ယောက်နဲ့တစ်ယောက် ကြည့်ကြတာပေါ့ ဗျာ။ ကြည့်ကြတော့ လက်နက်တွေကလည်း ဘယ်သူမှ မပါပါဘူး။ တစ်ယောက်မှလည်း မပါကြဘူး။ အဲဒီတုန်းက ကျနော်က ဘယ်သူနဲ့ ထိုင်သလဲဆိုတော့၊ ကျနော့် ဘေးနားမှာ ဗိုလ်မှူးကြီးတင့်ဆွေ ဗျ။ ဒုဗိုလ်မှူးကြီးတင့်ဆွေ ထိုင်နေတယ်ဗျ။ ကျနော်တို့က အငယ်ဆုံးကို ဗျ။ ကျနော်က တပ်ပေါင်းစုမှူးဆိုတော့ တပ်မဟာမှူးပြီးရင် ကျနော်ပေါ့။ ထိုင်နေပြီးတော့မှ တစ်ယောက်ပြီးတစ်ယောက် ခေါ်ခေါ်ပြီး ပစ်ပစ်ခါခါ ဆဲ တာပေါ့ဗျာ။ ဆဲတဲ့ စကားလုံးတွေတော့လည်း ကျနော် မပြောချင်တော့ပါဘူး ဗျာ။ တော်တော်လေး ပက်ပက်စက်စက် ဆဲတယ်ပေါ့။

(ဗိုလ်မှူးခင်ညို = ၁၉၆၂ အာဏာသိမ်းစစ်ကောင်စီ တော်လှန်ရေးကောင်စီဝင်ဟောင်း၊ ၁၉၆၄ တွင် ကျပ် (၁၀၀) တန် နှင့် ကျပ် (၅၀)တန် ငွေ စက္ကူများအား တော်လှန်ရေးကောင်စီမှ တရားမဝင် မကြေညာမီ၊ ထိုကိစ္စပေါက်ကြားမှုဖြင့် အနားပေးခြင်း ခံရသူ။ ၁၉၉၀ ရွေးကောက်ပွဲတွင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ နိုင်ငံရေးပါတီ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ၏ ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့သူ ကွယ်လွန်သူ ဗိုလ်မှူးကြီးခင်ညို)

(ဒုဗိုလ်မှူးကြီးတင့်ဆွေ = မကြာခင်က ကိုယ်ရေးအတ္ထုပတ္တိစာအုပ် ရေးသားခဲ့သူ၊ ၈၈၈၈ လူထုအုံကြွမှုအချိန်တွငိ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၏ နောက်ဆုံးဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၁၇) ဦးထဲမှ တစ်ဦး၊ အမှတ်(၁) စက်မှုဝန်ကြီးဟောင်း၊ အငြိမ်းစား ဗိုလ်မှူးချုပ်တင့်ဆွေ)

ဦးရော်နီညိမ်း။ ။ အများရှေ့မှာလား အန်ကယ်။ တစ်ယောက်ချင်းကို ခေါ်ပြီးတော့ ပြောတာလား။

သူရဦးတင်ဦး။ ။ အကုန်လုံးကို ဆဲတာပေါ့ဗျာ။ ဆဲပြီးတော့မှ သူလည်း တော်တော့်ကို ဒေါသဖြစ်နေပြီးတော့ ဆဲပြီးတော့ တခါထဲ ဘာပြောသလဲ ဆိုတော့၊ ဗိုလ်ချုပ်မောင်မောင် (ထိုစဉ်က ဗမာ့တပ်မတော် နံပါတ်(၃) ခေါင်းဆောင်၊ ကွယ်လွန်သူ ဗိုလ်မှူးချုပ်ဟောင်းမောင်မောင်) ကို တော့ သူ နိုင်ငံခြားကို တာဝန်ပေးလိုက်ပြီပေါ့။ အစ္စရေး သံအမတ်ပေါ့။ နောက်ပြီးတော့ ကျနော်တို့ ဥက္ကဌ ဦးအောင်ရွေ (ထိုစဉ်က မြောက်ပိုင်း တိုင်းစစ်ဌာ နချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ရွှေ၊ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ) ကိုလည်းပဲ၊ ဦးအောင်ရွေက အဲဒီမှာထိုင်နေတော့ ဦးအောင်ရွှေ ကိုလည်း ပြောစရာရှိတာတွေ သူပြောပြီးတော့၊ တခါထဲ မင်း သြစတြေလျ သံအမတ်၊ သွား။ အခု ကျနော် ပြောတဲ့ လေသံတော့ မဟုတ်ဘူး၊ လေသံတွေကတော့ မာမာကြီးပေါ့။ အဲလိုပဲ 'သွား' လို့ပြောတယ်။ ပြောပြီးတဲ့အခါကျတော့ တစ်ယောက်ပြီး တစ်ယောက်ပေါ့၊ အဲဒီ မှာ ဟို …ကြည်ဝင်း (၁၉၉၀ ရွေးကောက်ပွဲတွင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၏ နိုင်ငံရေးပါတီ ပြည်ထောင်စုအမျိုးသားဒီမိုကရေစီပါတီ ၏ ခေါင်း ဆောင်တစ်ဦး ဖြစ်ခဲ့သူ ဗိုလ်မှူးကြီးဟောင်းကြည်ဝင်း) လို့ ပြောပြီး မင်းထွက်၊ ချစ်ခိုင် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ကော် မီတီဝင် ကွယ်လွန်သူ အြငိမ်းစား ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်) လို့ ပြောပြီး မင်းထွက်၊ နောက်ပြီး ဘယ်သူကတော့ဖြင့် စစ်သံ၊ အဲဒီလို ပေါ့၊ ထွက်ခိုင်းတဲ့ထဲမှာ ကိုချစ်ခိုင်ကို ထွက်ခိုင်းတယ်။ နောက်ပြီးတော့ မြတ်ထန် (ကွယ်လွန်သူ စာရေးဆရာ၊ ချယ်ရီမဂ္ဂဇင်းကို တည်ထောင်ခဲ့သူ) ခေါ်တဲ့ ကိုတင်မောင်၊ ဗိုလ်မှူးကြီးတင်မောင်ကို ထွက်ခိုင်းတယ်။ နောက် ဗိုလ်မှူးကြီးဘဖြူကို ထွက်ခိုင်းတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်မှာ စစ်သည်တော်ကျင့်ဝတ်ကို အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေ အပြည့်အဝလိုက်နာဖို့ဆိုပြီး တပ်တွေ မှာ စစ်သည်တော်ကျင့်ဝတ် စာမေးပွဲဖြေဆိုတဲ့ ပြိုင်ပွဲတွေ လုပ်ဆောင်နေတာကို စစ်အစိုးရ မီဒီယာတွေမှာ မကြာခဏ တွေ့ကြုံနေကြရပါတယ်။ ဒါပေမယ့်လည်း OTS – Officer Training School ဗိုလ်သင်တန်း အပတ်စဉ် (၂၆) ကဆင်းတဲ့ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး အေးမြင့်က တော့ စစ်သည်တော်ကျင့်ဝတ်တွေကို ထိပ်ဆုံးက ကာကွယ်ရေးဦးစီးချုပ် ဖြစ်သူကအစ လိုက်နာခြင်းမရှိခဲ့ဘူးလို့ သူတို့ ခေတ်က အတွေ့အကြုံ တွေကို အခုလို ပြောပြခဲ့ပါတယ်။

ဒုတိယဗိုလ်မှူးကြီး အေးမြင့်။ ။ ၁၉၅၃ ခုနှစ်လောက်က စတင်ပြဌာန်းခဲ့တာဆိုတော့ ကျနော်က တပ်ထဲကို ၁၉၅၅ ခုမှာ ရောက်တဲ့အတွက် ကျနော်တို့ တပ်ထဲရောက်တဲ့အချိန်မှာ အဲဒီ စစ်သည်တော်ကျင့်ဝတ် (၆၀)ဟာ ပြဌာန်းထားပြီးတော့လျှင် လိုက်နာကျင့်ကြံကြတဲ့ အနေအထားမှာ ရှိတာကို တွေ့ရပါတယ်။ အဲဒီအချိန်တုန်းက တပ်မတော်ရဲ့ အနေအထားက စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ စစ်တိုင်းကြီး နှစ်တိုင်းရဲ့ တိုင်းမှူး တွေရယ်၊ တပ်မဟာတပ်မင်းတွေရယ် ကွပ်ကဲမှု အဆင့်ဆင့်ရှိခဲ့တယ်ဗျာ။ အဲဒီ ကွပ်ကဲမှု အဆင့်ဆင့်ကနေ ပြီးတော့ စစ်သည်တော်ကျင့်ဝတ် (၆၀) ကိုလိုက်နာကျင့်သုံး လှုပ်ရှားခဲ့ရတဲ့ အနေအထားမှာ ကျနော်တို့ ရဲဘော်ဘဝတုန်းက ကတည်းကပေါ့လေ၊ ဒါကို အလေးအနက်ထားပြီး တော့ရင် လိုက်နာကျင့်သုံးခဲ့ရပါတယ်။ အဲဒီတော့ ကွပ်ကဲမှု အဆင့်ဆင့်အရ ဆိုလျှင် ကျနော်တို့ရဲ့ စစ်ခေါင်းဆောင် အကြီးအကဲများ အနေနဲ့ စစ်သည်တော်ကျင့်ဝတ်ကို သတ်မှတ်ညွှန်ကြား စေ့ဆော်တိုက်တွန်းတဲ့ နေရာမှာ ပညတ်ချက်တွေ၊ အမိန့်ညွှန်ကြား ချက်တွေ၊ အဆိုအမိန့်တွေ နဲ့ပါ ကျနော်တို့ကို စေ့ဆော် ဆုံးမ သွန်သင်ခဲ့ကြပါတယ် ခင်ဗျား။

ဦးရော်နီညိမ်း။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ထောင်ထဲမှာ အနှစ် (၂၀) လောက်နေခဲ့ရသူ ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ရဲ့ လက်ထောက်တစ်ဦးဖြစ်သူ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ပါ။ ၁၉၈၉ ခုနှစ်မှာ ထောင်ဒဏ် (၆)နှစ်၊ ၁၉၉၆ ခုနှစ်မှာ ထောင်ဒဏ်(၁၄)နှစ် ကျခံခဲ့ရပြီးတော့ ၂၀၁၀ ဇူလိုင်လမှာ ပြန်လွတ်လာခဲ့တဲ့ ဦးဝင်းထိန်ဟာ စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် (၅)က အောင်စစ်သည်နှင့် စာပေထူးချွန်ဆု ဆုနှစ်ဆုကိုရရှိခဲ့ တဲ့သူဖြစ်ပါတယ်။ ထောင်ကနေပြန်လွတ် လာတဲ့ ဦးဝင်းထိန်က သူ့ရဲ့ ခံယူချက် သဘောထားတွေကို ဗီအိုအေကို အခုလိုပြောပြခဲ့ပါတယ်။

ဦးဝင်းထိန်။ ။ ကျနော်တို့ နှစ်ပေါင်း(၂၀) အန်အယ်လ်ဒီမှာ လှုပ်ရှားပါဝင်တဲ့အခါမှာ၊ ဒေါ်စုက စပြီး ဟိုးအောက်ခြေက အန်အယ်လ်ဒီ ပါတီဝင်တွေ အထိဟာ ဆုံးရှုံးမှုတွေ၊ နစ်နာမှုတွေ၊ ပေးဆပ်မှုတွေ အသက်တောင် သေသွားပြီး အသက်စွန့်တဲ့လူတွေ အများကြီး ရှိခဲ့တယ်။ ရှိခဲ့တော့၊ အဲဒီ လိုလူတွေ ရှိတဲ့အတွက်ကြောင့် ကျနော့်မှာ ဆုံးရှုံးရချည်ရဲ့လို့ ပြောရမှာရှက်တယ်။ အဲဒီတော့ ကိုယ့်ယုံကြည်ချက်ကလည်းရှိနေတဲ့အတွက် ကြောင့်မို့ ဒေါ်စုလုပ်တဲ့အတိုင်း ကျနော် ဆက်ပြီးတော့ လုပ်ရလိမ့်မယ်။ ဆက်ပြီးတော့လည်း သူ ကျနော့်ကို ဘယ်မှာထားမလဲ၊ သူ့နားမှာ ထား ချင်လည်းထား၊ မထားချင်လည်း မြို့နယ် ပို့မလား၊ တိုင်း ပို့မလား၊ ကြိုက်တဲ့နေရာပို့။ လုပ်မယ်လို့ ကျနော် ဆုံးဖြတ်ပြီးပြီ။ ကျနော်တို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကြီး တစ်ခုလုံးမှာ အန်အယ်လ်ဒီက ပြတ်ပြတ်သားသား နိုင်ခဲ့တဲ့အတွက်ကြောင့်မို့ အခုရွေးကောက်ပွဲကလည်း သူတို့က တရားဝင် မကြေညာဘဲနဲ့ အာဏာပြန်သိမ်းတာပဲ။ သဘောကတော့ ဒီအတိုင်းပဲ။ ပြည်သူလူထုတွေကို မေးကြည့်လိုက်ရင် မကျေနပ်တဲ့လူက အများကြီး။ ဒါပေမယ့် အကြောက်တရား ရှိနေကြတယ်။ အဲဒီ အကြောက်တရားကိုတော့ ကိုယ့်ကိုယ်ကို ဆင်ခြင်ပြီးတော့မှ မတရားတာကို နည်းမျိုးစုံနဲ့ တတ်နိုင်သမျှ ဆန့်ကျင်ပေးကြပါ။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်လိုပုဂ္ဂိုလ်တွေကို ပိုပြီးတော့ ထောက်ခံပေးကြပါလို့ မေတ္တာ ရပ်ခံချင်တယ်။

ဦးရော်နီညိမ်း။ ။ ၂၀၁၀ တစ်နှစ်တာအတွင်း တပ်မှူး တပ်သားတွေရဲ့ ပြောစကားတွေကို အနှစ်ချုပ် တင်ပြပေးခဲ့တာပါ ခင်ဗျာ။

XS
SM
MD
LG