သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း


ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း
ရင်းနှီးမြုပ်နှံမှု ဥပဒေအရ အကာအကွယ်ပေးမှု မြန်မာ အားနည်းလွန်း

မြန်မာနိုင်ငံဟာ ရင်းနှီးမြုပ်နှံမှုတွေနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ဥပဒေအရ အကာအကွယ်ပေးမှု အနည်းဆုံး နိုင်ငံတနိုင်ငံဖြစ်တယ်လို့ အင်္ဂလန်အခြေစိုက် Maplecroft စီးပွားရေးလုပ်ငန်းများဆိုင်ရာ သုတေသနအဖွဲ့တခုရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံတွင်း ရင်းနှီးမြုပ်နှံမှုတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရှိပြီးသားဖြစ်ပြီး၊ ဒီ ဥပဒေတွေကို လက်တွေ့အကောင်အထည်ဖော်မှုပိုင်း အားနည်းချက်သာ ဖြစ်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တဦးကတော့ သုံးသပ်ပြပါတယ်။ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။

ကမ္ဘာနိုင်ငံပေါင်း ၁၉၇ ခုနှစ်ကို လေ့လာထားတဲ့ Maplecroft သုတေသနအဖွဲ့ရဲ့ အစီရင်ခံစာထဲ၊ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအပေါ် အကာအကွယ်ပေးမှု အား အနည်းဆုံး နိုင်ငံတွေထဲမှာ ရေနံနဲ့သဘာဝဓါတ်ငွေပေါကြွယ်တဲ့ မြန်မာ၊ တောင်ဆူဒန်၊ Turkmenistan လစ်ဗျား၊ အင်ဂိုလာနဲ့ အီရတ်နိုင်ငံတို့ စာရင်းထဲ ပါဝင်နေတာတွေ့ရပါတယ်။

စီးပွားရေးလုပ်ငန်းတွေအတွက် အန္တရာယ်များတဲ့ ဥပဒေစိုးမိုးမှုအားနည်းတဲ့အခြေအနေကို အဓိကဇောင်းပေး ဖော်ပြတဲ့ အစီရင်ခံစာဖြစ်ပါတယ်။ မြန်မာအပါအဝင် အဲဒီလို ဥပဒေစိုးမိုးမှုအားနည်းတဲ့ နိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံကြမယ့် အဖွဲ့အစည်းတွေ လုပ်ငန်းတွေအဖို့ အတော်လေး သတိထားရမယ့် အခြေအနေဖြစ်တယ်လို့ အစီရင်ခံစာရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံတွင်းမှာ ရင်းနှီးမြုပ်နှံမှုဥပဒေရှိပြီးသားဖြစ်ပြီး၊ အဲဒီအပေါ်မှာ ဥပဒေစိုးမိုးမှု ကင်းမဲ့နေတာဟာ အဓိကပြဿနာဖြစ်တယ်လို့ စီးပွားရေးစီမံခန့်ခွဲပညာရပ်ဆိုင်ရာ မဟာဘွဲရ၊ လက်ရှိလည်း လုပ်ငန်းရှင်တဦးဖြစ်သူ ဦးမင်းခင်က ပြောပါတယ်။ လက်ရှိ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းအများစုကို တရားဝင်ဘောင်အတွင်း လုပ်နိုင်ကိုင်နိုင်ခွင့် ယှဉ်ပြိုင်နိုင်ခွင့် ရှိဖို့ အခြေအနေလိုမယ်လို့ သူက ထောက်ပြပါတယ်။

“ရှိထားတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ တည်ဆဲဥပဒေအရတော့ အထိုက်အလျောက်ကာကွယ်မှုက နဂိုလ်ကတည်းက ရှိပြီးသားပဲ။ အဲဒါတွေကို လက်တွေ့ကျင့်သုံးပြီး အကာအကွယ်မပေးနိုင်တာက တကယ့်ပြဿနာလို့ ထင်တယ်။ တတိုင်းပြည်လုံးမှာလည်း ယေဘူယျ ဥပဒေစိုးမိုးမှု အားနည်းလာတာ တောက်လျှောက်ဖြစ်လာခဲ့တယ်လေ။ အဲဒါတွေရဲ့ သက်ရောက်မှုရှိတယ်။ နောက်တခု လက်တွေ့စီးပွားရေးလုပ်တဲ့အခါမှာ စီးပွားရေးလုပ်ရခက်တဲ့ ကိစ္စတွေပေါ့၊ မလိုလားအပ်တဲ့ စရိတ်စကတွေ အရမ်းများပြီးတော့ လုပ်ငန်းတွေ လုပ်ရကိုင်ရ ခက်လာတာ၊ legally သွားလို့ မရတာတွေ၊ ပိုပြီး များလာတာပေါ့။ အဲဒါတွေက အခက်အခဲတွေဖြစ်လာတယ်။ အဲလိုဖြစ်လာတော့ ဒါတွေကို ရှောင်နိုင်တဲ့ နည်းလမ်းတွေ ရှာလာကြာတာတွေလည်းရှိတယ်။ ပိုပြီးတော့ legally ဥပဒေကြောင်းအရ အကာအကွယ်ပေးဖို့ ခက်လာတဲ့ အကြောင်းရပ်တွေလည်း ရှိလာပါတယ်။”

စီးပွားရေးဆောင်းပါးရှင် ခင်မောင်ညို(ဘောဂဗေဒ)ကတော့ စီးပွားရေးလုပ်ငန်းတွေကို အကာအကွယ်ပေးနိုင်တဲ ဥပဒေပြောရင် အခြေခံကအစ ပြောင်းလဲစရာတွေ အတော်များများရှိနေသေးတယ်လို့ မြင်ပါတယ်။

“အခြေခံကစပြောရမှာပဲ။ တကယ်တမ်း ဒီမှာက ပုဂ္ဂလိကပိုင်ဆိုင်မှုဆိုတာလည်း ပြောရမှာခက်တယ်။ အချို့နေရာတွေမှာ ပုဂ္ဂလိက ပိုင်ဆိုင်ခွင့်ကိုက မရှိဘူး။ ဥပမာပြောရရင် စိုက်ပျိုးရေးဆိုရင် ကိုယ်စိုက်ချင်ရာစိုက်မယ် ကိုယ်ရောင်းချင်တဲ့သူကို ရောင်းမယ် ဝယ်ချင်တဲ့သူ ဝယ်မယ်ပေါ့ ဒါမျိုးလေးတွေကအစ ဒီမှာတော့မရှိဘူး။ အခြေခံမှာကိုက အတော်လေး လိုသေးတာပေါ့။ လယ်ယာမြေ ပိုင်ဆိုင်ခွင့်တောင် ရှိသေးတာမဟုတ်ဘူးလေ။”

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူတာတွေ ဖယ်ရှားပြီး၊ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်ခွင့်ရဖို့အတွက် လက်ရှိ အစိုးရသစ်နဲ့ ပြုပြင်ပြောင်းလဲလိုသူတွေက လိုလားနေတာပါ။ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေကို အခွင့်အရေးတွေ မက်လုံးတွေပေးပြီး စည်းရုံးတာမျိုးရှိပေမယ့်၊ တကယ်တမ်း ကိုယ့်အတွင်းက ပြင်ဆင်စရာတွေကို ဦးစွာဆောင်ရွက်ဖို့လိုမယ်လို့ ဦးမင်းခင်ကတော့ မြင်ပါတယ်။

“ဒီနေ့အထိက ဥပဒေစိုးမိုးရေး ဥပဒေအရ တရားဝင် လုပ်တဲ့ကိုင်တဲ့သူတွေကို အကာအကွယ်ပေးရေး တရားသဖြင့် ယှဉ်ပြိုင်ပြီး လုပ်နိုင်ရေးပေါ့ဗျာ၊ အဲဒါတွေ တဖက်က ရှိဖို့လိုတယ်။ ပြီးတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံတဲ့သူတွေတင် မကဘူးပေါ့၊ စီးပွားရေးကို တရားသဖြင့် မှန်မှန်ကန်ကန် လုပ်တဲ့သူတွေကို သက်ဆိုင်ရာဌာနတွေက တာဝန်ခံနိုင်တဲ့ responsiblity accountability ရှိရှိ ဆောင်ရွက်ပေးနိုင်ဖို့လိုတယ်။ အဲဒါတွေ မရှိပဲ အခုနကလို အခွင့်အရေးတွေ ပေးလည်းပဲ၊ တကယ့် စီးပွားရေးလုပ်ငန်းကြီးတွေ အားကိုးလောက်တဲ့ ရင်းနှီးမြုပ်နှံမှုတွေ လာဖို့ သိပ်မလွယ်သေးဘူး။ အဲဒီအပိုင်းကိုလည်း အခုအထိ ထင်ထင်ရှားရှား မြင်ပုံမရသေးဘူးဗျ။”

Maplecroft အဖွဲ့ရဲ့ နှစ်စဉ်အစီရင်ခံစာ ငါးနှစ်တလျှောက်လုံးမှာ မြန်မာနိုင်ငံဟာ စီးပွားရေးလုပ်ငန်းတွေအတွက် စိတ်မချရတဲ့ ဥပဒေစိုမိုးမှုအနည်းဆုံး နိုင်ငံစာရင်းထိပ်ဆုံးမှာ ရှိနေခဲ့တာပါ။ မြန်မာအစိုးရဟာ မူဝါဒပိုင်းဆိုင်ရာကို ချုပ်ကိုင်ထားပြီး တရားရေးဆိုင်ရာကိစ္စရပ်တွေမှာ ဝင်ရောက်စွတ်ဖက်မှုရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြပါတယ်။

ဒါကြောင့် စီးပွားရေးလုပ်ငန်းအခြေအနေတွေ ရေရှည်တည်တံပြီး အားကောင်းလာဖို့ဆိုရင်တော့ တရားရေးဆိုင်ရာလွတ်လပ်ခွင့်ရှိဖို့၊ လုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ပိုပြီး ပွင့်လင်းမြင်သာဖို့အပါအဝင် ဥပဒေစိုးမိုးမှုကိစ္စရပ်တွေမှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေရှိလာဖို့ လိုမယ်လို့ အစီရင်ခံစာမှာ ထောက်ပြအကြံပေးထားပါတယ်။

XS
SM
MD
LG