အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေနဲ့ နိုင်ငံမငြိမ်မသက်ဖြစ်နေတာကြောင့် လစ်ဗျားနိုင်ငံရှိ နိုင်ငံခြားသားတွေဟာ ကုန်းလမ်း၊ လေကြောင်းနဲ့ ရေလမ်းတွေသုံးပြီး နိုင်ငံက ထွက်ခွာနေကြဆဲဖြစ်ပါတယ်။
ဗြိတိသျှစစ်လေယာဉ်တွေဟာ စနေနေ့က လစ်ဗျားသဲကန္တာရထဲကို ဆင်းခဲ့ပြီး ရေနံချက်စက်ရုံအလုပ်သမား ၁၅၀ ကို မော်လတာနိုင်ငံကို ပို့ပေးခဲ့ပါတယ်။ ထရီပိုလီမြို့ရှိ ဗြိတိသျှသံရုံး ပိတ်ပစ်လိုက်ပြီး သံတမန်တွေ အားလုံး ပြန်လည် ခေါ်ယူလိုက်ပါတယ်။ ကနေဒါနဲ့ ပြင်သစ်နိုင်ငံသံရုံးတွေလည်း ပိတ်လိုက်ပြီး ၀န်ထမ်းတွေ အားလုံး လစ်ဗျား ကနေ ထွက်ခွာခဲ့ကြပါပြီ။
အမေရိကန်တနိုင်ငံတည်းအနေနဲ့ လစ်ဗျားအစိုးရအပေါ် ပိတ်ဆို့မှုတွေနဲ့ အရေးယူရေးအမိန့် သမ္မတ အိုဘားမား လက်မှတ်ထိုးတဲ့ သောကြာနေ့ကပဲ လစ်ဗျားရှိ အမေရိကန်သံရုံးလုပ်ငန်းတွေ ဆိုင်းငံ့လိုက် ပါတယ်။ လစ်ဗျားနိုင်ငံတွင်း အကြမ်းဖက်မှုတွေနဲ့ မတည်ငြိမ်းမှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့် အမေရိကန် အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒကို မကြုံစဖူး ထူးထူးကဲကဲ ခြိမ်းချောက်နေတယ်လို့ သမ္မတအိုဘားမားကပြောပါတယ်။
လစ်ဗျားမှာ အလုပ်လုပ်နေကြတဲ့ တရုတ်အလုပ်သမား ၂၈၀၀ ကျော်ကို ဂရိသင်္ဘောတစင်းနဲ့ ဂရိနိုင်ငံက Crete ကျွန်းကိုပို့ပေးခဲ့ပါတယ်။ ဘန်ဂါဇီမြို့က တရူတ်အလုပ်သမား ၂၂၀၀ ကိုတော့ မော်လတာနိုင်ငံကို ပို့ပေးခဲ့ပါတယ်။
လစ်ဗျားပြည်သူ ၂၂၀၀၀ ခန့် ဟာ အိမ်နီးချင်း တူနီးရှားနိုင်ငံထဲ ထွက်ပြေးခိုလှုံနေကြသလို၊ တသောင်းခွဲ ခန့်ဟာလည်း အီဂျစ်နိုင်ငံကို တိမ်းရှေင်ခဲ့ကြတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက လုံခြုံရေးကောင်စီကို တင်ပြလိုက်ပါတယ်။