သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီ အုပ်ချုပ်မှု တရားမဝင်တော့ဟု သမ္မတ အိုဘားမား ပြောဆို


ကဒါဖီ အုပ်ချုပ်မှု တရားမဝင်တော့ဟု သမ္မတ အိုဘားမား ပြောဆို
ကဒါဖီ အုပ်ချုပ်မှု တရားမဝင်တော့ဟု သမ္မတ အိုဘားမား ပြောဆို

မိုမာ ကဒါဖီဟာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှုမရှိတော့တာကြောင့် ရာထူးကနေ ချက်ချင်းဆင်းပေးသင့်ပြီလို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောလိုက်ပါတယ်။

မိုမာ ကဒါဖီဟာ လစ်ဗျားနိုင်ငံကို အုပ်ချုပ်ဖို့ တရားဝင်မှုမရှိတော့တာကြောင့် ရာထူးကနေ ချက်ချင်း ဆင်းပေးသင့်ပြီလို့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က ပြောလိုက်ပါတယ်။ ဂျာမန် ဝန်ကြီးချုပ် အန်ဂီလာ မာခေလ်း (Angela Merkel) နဲ့ စနေ့နေ့တုန်းက ဖုန်းနဲ့ စကားပြောဆိုရာမှာ သမ္မတအိုဘားမားက အခုလို ပြောသွားတာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်ရုံးက ကြေညာပါတယ်။

လစ်ဗျားနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းနေတဲ့အပေါ်မှာ အမေရိကန်နဲ့ ဂျာမဏီ နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးစလုံးက အင်မတန်စိုးရိမ်ပူပန်နေကြတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ဒီအခြေအနေကို နိုင်ငံတကာကနေ ထိထိရောက်ရောက်နဲ့သင့်လျော်သလို တုံ့ပြန်အရေးယူနိုင်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံကို အရေးယူပိတ်ဆို့မှုတွေကို သမ္မတအိုဘားမား သောကြာနေ့တုန်းက လက်မှတ်ထိုးခဲ့ပါတယ်။ အခု လစ်ဗျားမှာဖြစ်နေတဲ့ မငြိမ်သက်မှု အကြမ်းဖက်မှုတွေဟာ အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံရေး နဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုဘက်က ရှုမြင်ထားပါတယ်။ လစ်ဗျားနိုင်ငံကို လက်နက်မရောင်းချရေး ပိတ်ဆို့ကန့်သတ်မှုအပြင် လစ်ဗျားနိုင်ငံကို ခရီးမသွားလာရေးနဲ့ လစ်ဗျားခေါင်းဆောင်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားဖို့ အရေးယူမှုတွေလုပ်ဖို့ ဥရောပ သမဂ္ဂကလည်း သဘောတူထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လစ်ဗျားအရေး အရေးပေါ်အစည်းအဝေးကို ဒုတိယနေ့ ဆက်လက် ကျင်းပ ခဲ့ပါတယ်။ မိုမာကဒါဖီ အစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက် နှိမ်နင်းနေတာကြောင့် ပိတ်ဆို့မှုတွေနဲ့ အရေးယူနိုင်မယ့် အလားအလာတွေကို လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေစဉ်းစားနေကြပါပြီ။ မိုမာကဒါဖီအစိုးရ အပေါ် ပိုင်ဆိုင်မှုတွေထိန်းချုပ်တာ၊ ခရီးသွားလာမှုကန့်သတ်တာနဲ့ လက်နက်အရောင်းအဝယ် ပိတ်ပင်တာ တွေနဲ့ အရေးယူနိုင်ရေးအတွက် လုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံက ကိုယ်စားလှယ်တွေ စနေနေ့က စတင်ဆွေးနွေးခဲ့ကြပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီအစိုးရက ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာတွေနဲ့ ပတ်သက်ပြီး ICC (International Criminal Court) နိုင်ငံတကာ ရာဇဝတ်ခုံရုံး တင်သွင်းနိုင်ရေးအတွက် ဆုံးဖြတ်ချက် မူကြမ်းကို ပြင်ဆင်ခဲ့ကြပါတယ်။ အခုလို လူထုအုံကြွမှုအတွင်း အကြမ်းဖက် နှိမ်နင်းနေတာဟာ စစ်ရာဇဝတ်မှု မြောက်သလား ဒါမှမဟုတ် လူမဆန်တဲ့ ပြစ်မှုတွေကျူးလွန်နေတာလားဆိုတာကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံး စစ်ဆေးနိုင်ဖို့ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ ဒီမူကြမ်းနဲ့ ပတ်သက်ပြီး လစ်ဗျားသံအမတ်ကြီးက ထောက်ခံလိုက်ပါတယ်။ အရပ်သားတွေကို လက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့ တာဝန်ရှိသူတွေအပေါ် အရေးယူဖို့ ကုလသမဂ္ဂရဲ့ ကြိုးပမ်းမှုကို လစ်ဗျား ကိုယ်စားလှယ်အဖွဲ့က ထောက်ခံတယ်လို့ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားအမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး အဘဒူရာမန် ရှာဂမ်ရဲ့ စာမှာ ဖေါ်ပြထားပါတယ်။ သံအမတ်ကြီး ရှာဂမ်ဟာ သောကြာနေ့ကစပြီး ကဒါဖီ အစိုးရကို ကိုယ်စားမပြုတော့ဘူးလို့ ကြေညာ လိုက်ပါတယ်။

လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီအစိုးရကို အရေးယူရေး ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်၊ ပြင်သစ်၊ အမေရိကန် ပြည်ထောင်စုနဲ့ ဂျာမဏီနိုင်ငံတို့က ဆင်သွင်းလိုက်တာပါ။ ဒီမူကြမ်းနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သဘောတူညီမှုရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း၊ အမြန်ဆုံး အရေးယူနိုင်ဖို့ အကောင်အထည် ဖေါ်စေလိုတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဂျာမဏီနိုင်ငံ အမြဲတန်းကိုယ်စားလှယ် သံအမတ်ကြီး Peter Wittig ကပြောပါတယ်။

XS
SM
MD
LG