လာမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း အတည်ပြုချက် မထွက်လာသေးတာဟာ ကန့်ကွက်သူဖက်က သူရဲ့ကန့်ကွက်လွာကို တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံဝင်ထားတာကြောင့် ဖြစ်တယ်လို့ NLD အမျိူးသားဒီမိုကရေစီအဖွဲချုပ်က ပြောပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်းအရည်အချင်းကိုက်ညီမှု မရှိဘူးဆိုပြီး ကန့်ကွက်ထားတာကို ခရိုက်ကော်မရှင်ရုံးက ပယ်ချထားတာပါ၊ ဒီအကြောင်းရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးထားပါတယ်။
ဧပြီလ ၁ရက်နေ့မှာ လုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ဝင်ပြီး ပြိုင်ကြမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ အတော်များများအတည်ပြုချက် ထွက်လာပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်း အခုချိန်ထိ ထွက်မလာသေးတာဟာ သူကို ကန့်ကွက်ထားတဲ့အမှု မပြီးပြတ်သေးတာကြောင့် ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဝင်ပြီး ပြိုင်မယ့် ကော့မှူးမဲဆန္ဒနယ်ထဲမှာပဲ ဝင်ပြိုင်မယ့် တခြားပါတီတခုဖြစ်တဲ့ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီက ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်း တဦးရဲ့ အရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ဖေဖော်ဝါရီ ၆ရက်နေ့က ရန်ကုန်တောင်ပိုင်းခရိုင်ကော်မရှင်ရုံးကို ကန့်ကွက်ထားတာပါ၊
ဒီကန့်ကွက်လွာကို ခရိုင်ကော်မရှင်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က မှာ ပယ်ချခဲ့ပေမယ့် ကန့်ကွက်သူ ဦးတင်ရီဘက်က တိုင်းဒေသကြီး ကော်မရှင်ရုံးထိ အယူခံဆက်ဝင်နေတာကြောင့် ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်၊
ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ကန့်ကွက်တဲ့လုပ်ငန်းက မပြီးပြတ်သေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကန့်ကွက်လွှာကို ခရိုင်ကော်မရှင်ရုံးကနေပြီးတော့ ၁၁ ရက်နေ့က ပယ်လိုက်တယ်။ ပယ်လိုက်တော့ အဲဒီကန့်ကွက်တဲ့ သူတွေက အယူခံဝင်မယ်လို့ ကော်မရှင်ရုံးမှာ ပြောသွားတယ်။ အဲဒါကြောင့် အယူခံကိစ္စကို စောင့်နေရတယ်။ ဒါတွေပြီးပြတ်မှထွက်မယ်လို့ ကျနော်ထင်ပါတယ်။ ဒါက ကျနော်တို့က ခရိုင်ကော်မရှင်ကိုသွားတွေ့တဲ့အခါမှာ အမိန့်ချတဲ့အခါ ကန့်ကွက်သူရှေ့ကို အမိန့်ချတယ်၊ နောက် ဥပဒေအရလည်း အယူခံဝင်မှာလား မဝင်ဘူးလားဆိုတာမေးရပါတယ်။ အဲဒီလိုမေးတဲ့အခါ သူတို့က ဝင်မယ်လို့ ပြောသွားတာပါ။
ဥပဒေ ပြဌာန်းချက်အရ အယူခံဝင်လွှာကို ပယ်ချအပြီး ၁၅ ရက်တွင်းမှာ တိုင်းဒေသကြီး ကော်မရှင်ရုံးတင်ရမှာ ဖြစ်သလို တိုင်းကော်မရှင်ကလည်း( ၇ )ရက်အတွင်းစစ်ဆေးကာအမိန့်ချရမှာ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ကိုယ်စားလှယ်လောင်း တဦးကို ကန့်ကွက်တဲ့ နောက်ဆုံးအဆင့်လည်း ဖြစ်ပါတယ်။ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီက ကိုယ်စားလှယ်လောင်း ဦးတင်ရီကဒေါ်အောင်ဆန်းစုကြည်ဟာ ကိုယ်စားလှယ်လောင်းအရည်အချင်း နဲ့ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်ထားတဲ့ အချက်တွေက အဓိက အချက်တွေကို ဦးဉာဏ်ဝင်းရှင်းပြတာက
အဓိက အချက်တချက်ပြောရရင် ဒေါ်အောင်ဆန်းစုကြည်က Domiciled ဖြစ်တယ်ပေါ့၊ ဗြိတိန်နိုင်ငံမှာ နေထိုင်ခွင့်ရသူ ဖြစ်တယ်၊ နောက်ပြီးတော့ ဗြိတိန်နိုင်ငံရဲ့ Green Card ရသူ ဖြစ်တယ်၊အဲဒါကတော့တော်တော့်ကိုမှားယွင်းတဲ့ စွပ်စွဲချက်ပဲ၊ ဗြိတိန်နိုင်ငံမှာ Green Card လည်းမရှိပါဘူး၊ British Domiciled ဆိုတာလည်း မရှိပါဘူး။ အဲတော့ မှားယွင်းပြီးတော့ တင်ပြတဲ့ အချက်ပါ။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားကနေ ရရှိတဲ့ ဆုငွေတွေကို အစိုးရဆီမအပ်ပဲနဲ့ အသိမပေးပဲနဲ့ ထားတယ်ပေါ့။ အဲဒါလည်း လုံးဝမှားတယ်။ ဒေါ်အောင်ဆန်းစုကြည်က ရသမျှဆုကြေး ကို သူ့ အကောင့် ( account) လည်းမရှိဘူး။ သူလည်းမယူဘူး။ ဖောင်ဒေးရှင်းတွေကို တခါတည်းပဲ တန်းလွှဲတယ်။ ဒါ့ကြောင့် ဒီစွပ်စွဲချက်ဟာ မှားလည်းမှားတယ်။ သူတို့မှာလည်း ဘာအထောက်အထားမှမရှိပါဘူး။
NLD ပါတီက ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းပါရှင်။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းတွင်း လစ်လပ်နေရာ (၆)နေရာအတွက် ဝင်ပြီး ပြိုင်မယ့် NLDပါတီက ကိုယ်စားလှယ်လောင်း တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လွဲရင် ကျန်တဲ့ အမည်စာရင်းတွေ အတည်ပြုချက် ထွက်နေပါပြီ။ ဒါကြောင့် လှည်းကူးမြို့နယ် မဲဆန္ဒနယ်က နေဝင်ပြိုင်မယ့် NLD ပါတီက ကိုဖြိုးမင်းသိန်းကဆိုရင် ကြိုတင်မဲကိစ္စတွေအတွက် စပြီး လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
ကျနော်တို့ ခရိုင်ကော်မရှင်ရုံးက ၆ ရက်နေ့က ခေါ်တွေ့တဲ့အချိန်မှာ ကြိုတင်မဲ ကိစ္စကိုဆွေးနွေးခဲ့ပါတယ်။ ကြိုတင်မဲ ယူမယ့်စာရင်းကို ကျနော်တို့ကိုပေးဖို့ပေါ့နော်။ ကျနော်တို့ ကိုယ်စားလှယ်တွေရဲ့ မဲရုံကိုယ်စားလှယ်တွေကနေ သွားရောက်ယူတဲ့အချိန်မှာ လိုက်ပါခွင့်ပြုဖို့ပေါ့။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူတို့ က စီစဉ်ဆောင်ရွက် ပေးနေတယ်လို့ ကျနော့်ကိုပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုတင်မဲ ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ အဓိက ကျတဲ့ ကိစ္စတရပ် ဖြစ်ခဲ့ပါတယ်။ ဒါ့ကြောင့်မို့ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကြိုတင်မဲ သွားယူတဲ့နေရာမှာ တိတိကျကျ ဖြစ်စေဖို့အတွက် ကိုယ်စားလှယ်တွေ လိုက်ပါခွင့်ရအောင် ဆွေးနွေး ထားတာ ဖြစ်ပါတယ်။
NLD ပါတီက ကိုယ်စားလှယ်လောင်း ကိုဖြိုးမင်းသိန်းပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖေဖော်ဝါရီ (၁၅) ရက်နေ့ကပဲ လှည်းကူးကိုသွားကာ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းအတွက် စည်းရုံးရေး သွားခဲ့သေးသလို မနက်ဖန် သောကြာနေ့မှာ ကျိုက်ထော်နဲ့ ဖျာပုံကိုလည်း ပါတီစည်းရုံးရေး သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးတိုင်း ကချင်ပြည်နဲ့ ရှမ်းပြည်နယ်ဘက်တွေကိုလည်း လူထုနဲ့တွေဖို့ ဒေါ်အောင်ဆန်းစုကြည်သွားဖို့ စီစဉ်နေတယ်လို့လည်း NLD ပါတီကပြောပါတယ်။