သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေးမှာတိုင်းရင်းသားတွေ ပူးပေါင်းဖို့ဒေါ်စုတိုက်တွန်း


မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ထွန်းကားဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု လိုအပ်တယ်လို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ ရှမ်းပြည်နယ်ကို သွားရောက်တဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း - အခုလို ပြောဆိုခဲ့တာပါ။ ဒါ့အပြင် ဒီမိုကရေစီရရှိအောင် လုပ်ပေးမယ့် တပ်မတော်ကို လိုလားတဲ့အတွက် တပ်မတော်သားတွေအနေနဲ့လည်း NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲထည့်ကြဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်က ဒီခရီးစဉ်အတွင်းမှာ တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ရာ တလတင်းတင်းသာ လိုတော့တဲ့အချိန် - မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လူထု မဲဆွယ်စည်းရုံးရေးခရီးစဉ်တွေကို တောက် လျှောက် ပြုလုပ်နေတာပါ။ ဒီကနေ့ မတ်လ ၁ ရက်နေ့မှာ ဆိုရင် ရှမ်းပြည်နယ် ကလော၊ အောင်ပန်း နဲ့ ဟဲဟိုးမြို့တွေကို သွားရောက်ခဲ့ပြီးတော့ - အဲ့ဒီမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းအတွင်း - တိုင်းရင်းသားတွေရဲ့ ညီညွတ်မှုနဲ့ ပူးပေါင်းပါဝင်မှုက ဒီမိုကရေစီရရှိဖို့အတွက် အရေးကြီးတယ်ဆိုတာကို ပင်လုံက သက်သေပြ နေတယ်လို့ ဆိုခဲ့ပါတယ်။

“ကျမတို့ တိုင်းရင်းသားနယ်တွေက ပြည်သူတွေဟာ ဒီလိုစုပြီးတော့ ညီညွှတ်မှု သွေးစည်းညီညွှတ်မှုကို ပြပြီးတော့ အထူးကျေးဇူးတင်ပါတယ် လို့ ကျမ ပြောပါရစေ။ ကျမတို့ တိုင်းရင်းသားတွေ မပါခဲ့လို့ရှိရင် ကျမတို့ဟာ လွတ်လပ်ရေး ရခဲ့မှာမဟုတ်ဘူး။ ဒါဟာ ပင်လုံမှာ သက်သေထူနေတာ ဒီကိစ္စပါဘဲ။ ပင်လုံကို ကြည့်လိုက်တာနဲ့ တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု ကြောင့်သာ ကျမတို့ လွတ်လပ်ရေး ရနိုင်ခဲ့ တယ်။ အခုလည်း တိုင်းရင်းသားတွေရဲ့ ပူးပေါင်းဆောင်ရွက် မှု နဲ့သာ စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စု တစ်ခု ထူထောင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ တိုင်းရင်းသားတွေကို အလေးထားပြီးတော့ အခု ဒီကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပြည်နယ်တွေ မှာ လွတ်လပ်နေတဲ့ နေရာမှန်သမျှမှာ ကျမတို့ မဖြစ်ဖြစ်အောင် ဝင်ပြီးတော့၊ ကျမတို့ ကိုယ်စားလှယ်တွေကို ထည့်ပြီးတော့ ယှဉ်ပြိုင်ခိုင်းတာဖြစ်ပါတယ်။ ဒီတော့ ဒီကိုယ်စားလှယ်တွေကို အားပေးကြပါ။ မဲပေးကြပါ။"

အခုလို ပြောကြားချက်နဲ့အတူ တိုင်းရင်းသားတွေအနေနဲ့လည်း ယဉ်ကျေးမှုနဲ့ ကိုယ့်ဘာသာစကားကို ဂုဏ်ယူတန်ဖိုးထားပြီး ထိန်းသိမ်းတတ် ဖို့ကိုလည်း ပြောဆိုသွားခဲ့တာပါ။ ကြာသပတေးနေ့မနက်ပိုင်း ဟဲဟိုးလေဆိပ်ကို ရောက်ရှိလာချိန် အဲ့ဒီကနေတဆင့် အောင်ပန်း - ကလော ကို သွားတဲ့ လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည်ကို သောင်းနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ကြိုဆိုနှုတ်ဆက်ခဲ့ကြတာပါ။ ဒါ့အပြင် ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က တပ်မတော် နဲ့ ပြည်သူကြားမှာ အမြဲတမ်း နွေးထွေးမှုရှိပြီး ယုံကြည်စိတ်နဲ့ ဆက်ဆံတဲ့ ဆက်ဆံရေးမျိုးကို လိုလားတယ်လို့ အခုလို ဆက်ပြောခဲ့ပါတယ်။

“တပ်မတော်သားများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက် မဲပေးဖို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့ဟာ ကျမက အားလုံးသိတဲ့ အတိုင်းဘဲပေါ့ ဗိုလ်ချုပ်အောင်ဆန်းသမီးဆိုတော့ ကျမကလည်း တပ်မတော် မိသားစုက ပေါက်ဖွားလာတာပါ။ ဒါကြောင့်မို့လို ပြည်သူနဲ့ တပ်မတော်ကြားမှာ အမြဲဘဲ လုံးထွေး ပြီးတော့ စစ်မှန်တဲ့ တစ်ဦးပေါ်တစ်ဦး ယုံကြည်ချက်ပေါ်မှာ အခြေခံတဲ့ ဆက်ဆံမှုမျိုးဖြစ်စေချင်ပါတယ်။ ပြည်သူက ဘယ်လောက်တောင်မှ ကျမတို့ နဲ့ ဒီလို လက်တွဲပြီးတော့ ဒီမိုကရေစီ ရရှိမယ့် ရရှိအောင် လုပ်ပေးမယ့် တပ်မတော်ကို လိုလားတယ်ဆိုတာ ကျမတို့ အားလုံးသိပြီးသားပါ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ဟဲဟိုးလေဆိပ်ကနေ ရန်ကုန်ကို ပြန်လည်မ ထွက်ခွာခင်လေးမှာ - ပြည်သူတွေ အနေနဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားဖို့ ဒါမှ အစိုးရလုပ်သူများကလည်း ပြည်သူတွေကို တန်ဖိုးထားမှာဖြစ်ပါတယ်ဆိုတာကို သူ့အနေနဲ့ ရဲရဲကြီး ကတိပေးနိုင်တဲ့အကြောင်း ပြောကြား ခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ညနေ ၄ နာရီလောက်မှာတော့ ဟဲဟိုးလေဆိပ်ကနေတဆင့် ရန်ကုန်ကို ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။ ဒီရှမ်းပြည်ခရီးစဉ်အပြီး မတ်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ တော့ မြန်မာနိုင်ငံ အလယ်ပိုင်း မန္တလေးနဲ့ စစ်ကိုင်းဘက်တွေကို သွားရောက်ဖို့ရှိပြီး - မတ်လ ၆ ရက်နေ့ နေပြည်တော်ကို သွားရောက်မယ့် ခရီးစဉ်မှာတော့ - တားမြစ်ကန့်သတ်ချက်တွေနဲ့ ကြုံတွေ့နေရ တာဖြစ်ပါ တယ်။

XS
SM
MD
LG