သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသား ဆုချီးမြင့်


ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ချီးမြင့်စဉ်၊ ရန်ကုန်မြို့၊ မတ်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird က ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ချီးမြင့်စဉ်၊ ရန်ကုန်မြို့၊ မတ်လ ၈ ရက်၊ ၂၀၁၂ ခုနှစ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ရောက်ရှိလာတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် (John Baird) ဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး - ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေ အပါအဝင် ဖွံ့ဖြိုးမှု အကူအညီပေးရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲလာနေတွေ အခြေအနေတွေကို လေ့လာ အကဲခတ်ဖို့အတွက် ပထမဆုံးအကြိမ် သမိုင်းဝင် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် ဟာ - ကြာသပတေးနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ တက္ကသိုလ်ရိပ်သာ လမ်း နေအိမ်မှာ တွေ့ဆုံခဲ့တာပါ။ ၁ နာရီကျော်ကြာ တွေ့ဆုံခဲ့ပြီးနောက် - ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း ကနေဒါ နိုင်ငံခြားရေးဝန်ကြီး ဂျွန်ဘာဒ့် က ဧပြီလ ၁ ရက်နေ့ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဟာ နိုင်ငံတကာက မျှော်လင့်သလို ဖြစ်-မဖြစ် စောင့်ကြည့်ပြီးတော့မှ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုတွေ ရုပ်သိမ်းရေး ၊ မရုပ်သိမ်းရေးကိစ္စ စဉ်းစားမယ်လို့ ပြောဆိုခဲ့တဲ့ အကြောင်း ဒီသတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် တက်ရောက် သတင်းယူခဲ့တဲ့ သတင်းထောက်တဦးက အခုလို ပြောပြပါတယ်။

“အဓိကကတော့ ထုံးစံအတိုင်းပါပဲ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်မယ်။ ကြားဖြတ်ရွေးကောက်ပွဲဟာ မျှတမှု - အများလက်ခံနိုင်မှု ရှိ-မရှိ ဆိုတာကို ကြည့်ပြီးတော့မှပဲ သူကို ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်မှုေ တွအားလုံးကို သူတို့ ပြန်ပြီး ရုတ်သိမ်း သွားမှာပေါ့နော်။ ဒါပေမဲ့ လုပ်သွားမယ် အဓိကပိုင်းတွေက လူမှုရေး အကူအညီတွေဖြစ်ဖို့များတယ်။ အဲ့ဒီအကြောင်းကို သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တွေကို ပြော သွားတယ်ခင်ဗျ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည်သူတွေ တိုက်ရိုက် အကျိုးခံစား ခွင့်ရမယ့် အကူအညီပေးမျိုးတွေ ကို ပေးအပ်ဖို့ တောင်းဆိုခဲ့တယ်လို့ အဲ့ဒီသတင်းထောက်က ဆက်ပြောပြ ပါတယ်။

“အဓိကကတော့ ပြည်သူတွေကို အကျိုးတိုက်ရိုက်သက်ရောက်မယ့်ဟာပေါ့ - ဥပမာဗျာ - သူဆိုလိုချင်တာကို ကျနော်တို့ ထင်တာကတော့ ကြားခံနဲ့မဟုတ်ဘဲနဲ့ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်မယ့် အလှူမျိုးပဲလို့ ပြောရမှာပေါ့ အဲ့လို အပိုင်းတွေမှာ အန်ဂျီအိုနဲ့ပဲဖြစ်ဖြစ် အိုင်အန်ဂျီအို နဲ့ပဲဖြစ်ဖြစ် တွဲပြီး လုပ်သွားဖို့ပေါ့”

အဲ့ဒီနောက် ကနေဒါနိုင်ငံခြားရေးဝန်ကြီး ဂျွန် ဘာဒ့် ဟာ သတင်းထောက်တွေရှေ့မှာပဲ ဒေါ်အောင်ဆန်း စုကြည်ကို ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု တရားဝင် ပေးအပ်ခဲ့ပါတယ်။ မစ္စတာဘာ့ဒ် ဟာ ဒေါ် အောင်ဆန်းစုကြည်နဲ့ မတွေ့ဆုံခင် - နေပြည်တော်မှာ အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံခဲ့သလို - သမ္မတ အိမ်တော်မှာလည်း သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တာပါ။ အဲ့ဒီလို တွေ့ဆုံ ခဲ့ပြီးမှာ ရန်ကုန်ကို ထွက်ခွာလာပြီး - ညနေပိုင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးနဲ့ လူ့အခွင်အရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး ၁၉၈၈ ခုနှစ် ကတည်း က မြန်မာနိုင်ငံကို စစ်ပစ္စည်းတွေ မရောင်းဖို့နဲ့ အကူအညီပေးအပ်တာတွေ မလုပ်ဖို့ ကနေဒါနိုင်ငံက တားမြစ် ထားတာပါ။ ၂၀၀၇ ခုနှစ် သံဃာတော်တွေရဲ့ နှိမ်နင်းမှုတွေ နောက်ပိုင်းမှာလည်း စီးပွားရေးပိတ်ဆို့ ဒဏ်ခတ် မှုတွေကို တိုးမြှင့်ချထားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေး အပြောင်းအလဲတွေ လုပ် ဆောင်လာရာက အပြန်အလှန် သံအမတ်ကြီးတွေ ခန့်ထားတာလို ဆက်ဆံရေးတွေမှာ တိုးမြှင့်လာခဲ့တာပါ။ တချိန်တည်းမှာပဲ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဖယ်ရှားရေး အတွက်ကို တော့ နိုင်ငံရေးအရ တိုးတက်မှု တွေဟာ ခိုင်ခိုင်မာမာ ဖြစ်-မဖြစ် စောင့်ကြည့်လိုတဲ့ ဆန္ဒရှိကြောင်း ကနေဒါ အစိုးရ တာဝန်ရှိသူတွေက ပြောဆိုနေတာ လည်း ဖြစ်ပါတယ်။

XS
SM
MD
LG