သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြောက်တရားကို တော်လှန်ဖို့ ဒေါ်စု တိုက်တွန်း


ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် ထူထောင်ဖို့ ဦးတည်နေတဲ့ မြန်မာနိုင်ငံမှာ အကြောက်တရား လွှမ်းမိုး မှုတွေကို တော်လှန်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ကျရောက်တဲ့ ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။ ပြည်သူကို တာဝန်ခံတဲ့ အစိုးရ ထဲမှာ တပ်မတော်သား တွေ ဟာလည်း တသားတည်း ပါဝင်ဖို့ကို ၈၈ မျိူးဆက် ကျောင်းသား တွေကလည်း တိုက်တွန်း လိုက်ကြပါတယ်။ ဒီလို တိုက်တွန်းချက်နဲ့ တပ်မတော်အပေါ် အမြင် သဘောထား တွေကိုတော့ မသင်းသီရိက ဆက်ပြောပြပေးပါ။

မြန်မာနိုင်ငံမှာ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့နေ့၊ ဖက်ဆစ် တော်လှန်ရေးနေ့ အခုတော့ တပ်မတော်နေ့ အဖြစ် နိုင်ငံမှာ ကျင်းပလာတာ ဒီကနေ့ဆို ၆၇ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခု မြန်မာနိုင်ငံက၊ ဒီမိုကရေစီ နိုင်ငံကြီး တခု ဖြစ်လာအောင် ကြိုးပမ်း ရုန်းကန် နေရတဲ့ကာလ အထူးသဖြင့် “စိတ်ဓါတ် တော်လှန်ရေးကြီး“ ကာလဖြစ်တယ် လို့ မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်က ဆိုပါတယ်။ ဒီကာလမှာ လူတိုင်းဟာ အကြောက်တရား လွှမ်းမိုးမှု တွေကို တော်လှန်ပြီး ကိုယ်လိုချင်တဲ့ လူ့အဖွဲ့စည်း ကို ထူထောင်ရမယ်လို့လည်း ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေးနေ့အတွက် ပေးပို့တဲ့ သူရဲ့ သဝဏ်လွှာ ထဲမှာ တိုက်တွန်းထားပါတယ်။

၁၉၆၃ ခုနှစ်တုန်းက တော်လှန်ရေး အတွက် ကဗျာဆရာကြီး မင်းသုဝဏ် ရေးသားခဲ့တဲ့ "သူ့မှာတမ်း" ကဗျာ ထဲကလို “ခရီးမတ်တပ်၊ လမ်းခုလပ်တွင်၊ ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍၊ အားနာခဲ့ကြောင်း...ပြောပါလေ” ဆိုတဲ့ ကွယ်လွန် ကာနီး တော်လှန်ရေးသမားက ရွာသားတွေကို ပြောခဲ့တဲ့ စကားလိုမျိူး၊ အခု စိတ်ဓါတ် တော်လှန်ရေး ဆင်နွဲနေရတဲ့ ကာလမှာ ဘယ်လောက် လုပ်ပြီးပြီလို့ မစဉ်းစားဘဲ ဆက် လုပ်စရာ တွေ အများကြီး ကျန်ပါသေးလားဆိုတာကိုပဲ အာရုံစိုက် စေချင်တယ်လို့လည်း ရေးသားထားပါတယ်။

အထူးသဖြင့် ကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လှုပ်ရှားမှုတွေမှာ ပြည်သူလူထုကို ခြိမ်းခြောက်မှုတွေ၊ ဖိအား ပေးတာတွေအပြင် မသမာမှု တွေ ကို ကြုံနေရပေမဲ့၊ ဇွဲ၊ သတ္တိ၊ ဝီရိယ တို့နဲ့ ကျော်လွှား ဖို့ကိုလည်း ဒေါ်အောင်ဆန်း စုကြည်က ၆၇ နှစ်မြောက် ဖက်ဆစ် တော်လှန်ရေး နေ့အတွက် ပေးပို့တဲ့ သူရဲ့ သဝဏ်လွှာ ထဲမှာ တိုက်တွန်းထားပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ချိန် တော်လှန်ရေးကာလတွေမှာ လူထုချစ်ခဲ့တဲ့ တပ်မတော်ဖြစ်ခဲ့ပေမဲ့ လက်ရှိ ခေတ် ကာလတွေ အတွင်း လူထုနဲ့ ဝေးနေတဲ့ တပ်မတော်ဖြစ်နေတာမို့ ဒီအခြေအနေတွေကိုလည်း ပြင်ဖို့ရာ အခု အချိန်ကောင်း ပဲလို့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်က မြင်ပါတယ်။

“ဟိုတုန်း ကတော့ ဗမာ့ တော်လှန်ရေး လုပ်တဲ့ အချိန် က ဗမာ့ ကာကွယ်ရေး တပ်မတော်ပေ့ါ။ ဗမာ့ ကာကွယ်ရေး တပ်မတော်ရဲ့ ဦးစီးချုပ်က ဗိုလ်ချုပ်အောင်ဆန်း။ ဟိုတုန်းက တပ်မတော် အခြေအနေက ပြည်သူ လူထု ရဲ့ အသည်းစွဲပဲ။ ဒါပေမဲ့လို့ ဒီလက်ရှိ အနေအထား မှာတော့ အဲဒီလို အနေအထားမျိုး ဖြစ်အောင် အများကြီးကို လုပ်ရလေဦးမယ်။ လက်ရှိလူတွေ အနေအထားမျိုးနဲ့က။ ပြောစရာ ဆိုစရာ တွေလည်း အများကြီး ရှိလာတယ်။ ဆိုတော့ ဒီအခြေအနေမျိုးမှာ ဒါဘယ်လိုပဲဖြစ်ဖြစ် ပြန်ပြီးတော့ အခြေအနေ ပေးတာကို မိမိရရ နှစ်ဘက်စလုံးက တက်သုတ်ရိုက် လုပ်နိုင်ရင် တပ်မတော်ရဲ့ အနေအထားဟာ အရင် အနေအထားမျိုး ပြန်ရောက်နိုင်မယ် လို့ ယုံကြည်တယ်လေ။”

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင် ပါရှင်။

နိုင်ငံမှာ ပြည်သူစိတ်ရှိတဲ့ အစိုးရ၊ အစိုးရ စိတ်ရှိတဲ့ ပြည်သူ ဖြစ်လာဖို့ကိုလည်း ၈၈ မျိူဆက် ကျောင်းသား တွေက ၆၇ နှစ်မြောက် တော်လှန်ရေးနေ့ တပ်မတော်နေ့မှာ တိုက်တွန်းကြပါတယ်။ အထူးသဖြင့် ပြည်သူကို တာဝန်ခံတဲ့ အစိုးရထဲ တပ်မတော်သား တွေလည်း တသားတည်ပါဝင်ဖို့ လိုမယ်လို့ ၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် က ပြောပါတယ်။

“ကျနော်တို့ သမိုင်းမှာ ပေါ့လေ၊ သမိုင်းက ပေးခဲ့တဲ့၊ သမိုင်းက ပြဋ္ဌာန်းခဲ့တဲ့ အမွေအနှစ်တွေ အရ ဆိုလို့ ရှိရင်တော့ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဒဏ်ရာတွေက နက်နက်ရှိုင်းရှိုင်း ရှိနေခဲ့ပါတယ်။ အဲဒီကျတော့ ဒီဒဏ်ရာ တွေကို ကျနော်တို့ ကုစားဖို့ ဆိုတာက တစ်နေ့ တစ်ရက်တည်းနဲ့တော့ မပြီး နိုင်ပါဘူး။ အခု လူထုရဲ့ အမြင်မှာလည်း တပ်မတော်ကို ကျနော်တို့က ဒီထက် ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်မျိုး ဖြစ်စေချင် တယ်။ လူထုက ယုံကြည်အားကိုးတဲ့၊ တိုင်းပြည်ရဲ့ ကာကွယ်ရေးကို တကယ် တာဝန်ယူထားရတဲ့ တပ်မတော် မျိုး ဖြစ်စေချင်တယ်။"

"ကျနော်တို့ ဒီ ဖွဲ့စည်းအခြေခံ ဥပဒေအရ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး အရ ဒီ နိုင်ငံတော် အာဏာဆို တဲ့ဟာကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ နိုင်ငံသား အားလုံး နဲ့ သက်ဆိုင်တယ် ဆိုတဲ့ ဟာကို ကျနော်တို့ အားလုံး ရှိတယ်။ အခုဆိုလို့ရှိရင် ကာကွယ်ရေး ဦးစီးချုပ်ကနေပြီး အမည်စာရင်း တင်သွင်း တဲ့၊ တပ်မတော်သား ကိုယ်စားလှယ်တွေက နေပြီးတော့ ဘယ်ရွေးကောက်ပွဲ ကိုမှ ဝင်ရောက် ရွေးချယ် ခံစရာ မလိုဘဲ နဲ့ ဝင်လာတယ် ဆိုတဲ့ဟာကတော့ နိုင်ငံသား အခွင့်အရေးထက် များနေတယ် ပေ့ါလေ။"

"ဒီ တပ်မတော်ရဲ့ Role ဆိုတဲ့ ဟာ၊ တပ်မတော်ရဲ့ အခန်းကဏ္ဍ ဟာ၊ ကျနော်တို့ မြန်မာနိုင်ငံသား တစ်ယောက် ကို ပေးထားတဲ့ အခွင့်အရေးထက် ပိုပြီး များနေပါတယ်။ ဒါကိုတော့ ကျနော်တို့ နိုင်ငံသား တွေလည်း သိတယ်။ တပ်မတော် ကိုယ်တိုင်လည်း သိလိမ့်မယ်ထင်ပါတယ်။ ဒီအခြေအနေတွေကနေ ကျော်လွန် နိုင်အောင်တော့ ကာကွယ်ရေး ဦးစီးချုပ် အပါအဝင်ပေါ့လေ၊ တပ်မတော်ကို တာဝန်ရှိတဲ့ သူတွေ ကော၊ ယနေ့ နိုင်ငံတော် အာဏာကို စွဲကိုင်ထားတဲ့ အာဏာရ ပါတီကော အခြား ဒီမိုကရေစီကို လိုလား ပြီးတော့ ပူးပေါင်း ဆောင်ရွက်ကြမယ့်သူတွေရော အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီအခြေအနေတွေဟာ မြန်မာ နိုင်ငံ အတွက် အကောင်းဆုံးဖြစ်အောင် ရွေးချယ် ပြောင်းလဲရမှာပါ။”

၈၈ မျိူးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် ပါရှင်။

အထူးသဖြင့် ဒီနိုင်ငံမှာ တိုင်းရင်းသား အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ကာလမှာ တပ်မတော်ဟာ တသီး တခြား ရှိမနေဘဲ အားလုံးနဲ့အတူ သဘောထား တခုတည်း ရှိဖို့ိလိုတယ် လို့လည်း ၈၈ မျိူးဆက် ကျောင်းသားအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG