သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန် မြန်မာ တပ်မတော်နှစ်ရပ် ဆက်ဆံရေး - အပိုင်း (၂)


တပ်မှူးတပ်သား ပြောစကား (၀၅၅)

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် ဖြစ်လာခဲ့ပြီးတဲ့နောက်၊ အမေရိကန်မြန်မာ တပ်မတော်ချင်း ဆက်ဆံရေး အလားအလာတွေ၊ အမေရိကန်မြန်မာ အစိုးရနှစ်ရပ်နဲ့တပ်မတော်နှစ်ရပ်တို့ရဲ့ ဆက်ဆံရေးသမိုင်းကြောင်းတွေကို၊ ဒီသီတင်းပတ်ရဲ့တပ်မှူးတပ် သား ပြောစကား အပတ်စဉ်ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့၊ ပြန်ပြီး ဖြစ်လာဖို့ အလားအလာ မြင်သလား ခင်ဗျ။ နှစ်နိုင်ငံ တပ်မတော်နှစ်ရပ် ပြန်ပြီးတော့ စစ်ရေး ဆက်ဆံမှု တွေ စစ်ရေးဖလှယ်မှုတွေ ပြန်လုပ်ဖို့။ ဟိုတုန်းကလို။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ပြန်ပြီးတော့ ဖြစ်လာဖို့ အနေအထားကတော့၊ မြန်မာစစ်တပ်ဘက်က ဘယ်လို အခြေ အနေ ရှိမယ်၊ ဘယ်လို ပြောင်းလဲမလဲ၊ လက်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမလဲ၊ ဆိုတာကိုတော့ အမေရိကန်တပ်မတော်က စောင့်ကြည့်နေ လိမ့်ဦးမယ်လို့၊ ကျနော်ထင်တယ်။ တပ်မတော် တပ်မတော်ချင်းက အရင် ၁၉၈၈ နောက်ပိုင်း၊ လုံး၀ (အဆက်အသွယ်) ပြတ်သွားတာ မှန်ပေ မယ့်၊ တစိပ်တပိုင်းတော့လည်း အဆက်အသွယ် ရှိခဲ့ပါတယ်။ အမေရိကန်က (မြန်မာ) စစ်သံမှူးတွေ၊ မြန်မာပြည်က (အမေရိကန်) စစ်သံမှူးတွေ၊ အမြဲတမ်း contact တော့ ရှိပါတယ်။ ၂၀၀၃ ခုနှစ်၊ ဒီပဲရင်း (ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ကို လုပ်ကြံရန် စစ်အစိုးရ၏ သြဇာခံ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိူးရေးအသင်းဘက်မှ ကြိုးပမ်းခဲ့ကြသော အရေးအခင်း) မတိုင်ခင်အထိ အဆက်အဆံ ရှိခဲ့ကြပါတယ်။ အရိုးကောက်တဲ့ ဥစ္စာပေါ့ဗျာ။ ဒုတိယကမ္ဘာစစ်တုန်းက (မြန်မာပြည်စစ်မြေပြင်မှာ ကျဆုံးခဲ့သော) အမေရိကန်စစ်သားတွေရဲ့ အရိုးတွေကို ကောက်တဲ့လုပ်ငန်းက ရှိခဲ့ပါတယ်။ ကျန်တာတော့ စစ်ရေးဆိုင်ရာအထောက်အပံ့ ဘာမှ မရှိတော့ဘူးပေါ့ ဗျာ။ ဒါတွေဟာ၊ ကျနော်တို့ ရှိတုန်းကတော့ တဲတဲလေး ကျန် တဲ့ ဆက်ဆံရေးတွေပေါ့ ဗျာ။ ဒါပေမယ့်၊ ဗိုလ်ချုပ်ခင်ညွန့် ပြုတ်သွားပြီးတဲ့ နောက်ပိုင်းမှာတော့၊ ဒီဟာတွေ အားလုံး ပျက်သုဉ်းသွားတဲ့ အနေအ ထားမျိုး ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ (ပြည်ထဲရေးဝန်ကြီး) ဗိုလ်ချုပ်ကြီးကိုကို ကိုတောင်မှ သူတို့ (အမေရိကန်) ချဉ်းကပ်နေပြီ။ ဗိုလ်ချုပ်ကြီးမင်းအောင် လှိုင်ကိုကော၊ အမေရိကန်တပ်မတော်တို့ Pentagon (ဝါရှင်တန်ဒီစီမြို့တော်ရှိ အမေရိကန်စစ် ဌာနချုပ်) တို့က စတင် ချဉ်းကပ်တော့မယ့် အနေ အထား ရှိမယ်လို့၊ မမြင်မိဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မြန်မာပြည်မှာရှိတဲ့ အမေရိကန် (ကြည်း-ရေ-လေ) စစ်သံမှူးတွေကတော့၊ မလွဲမသွေပဲ (တပ်မတော်) ကာကွယ်ရေး ဦးစီးချုပ်အသစ်ကို courtesy call (သံတမန်ထုံးတမ်းစဉ်လာ၊ လာရောက်တွေဆုံခွင့် တောင်းခံခြင်း) တောင်းပြီးတော့မှ၊ တွေ့မှာတော့ အမှန်ပါပဲ ခင်ဗျ။ ကိုမင်းအောင်လှိုင်ကလည်း ကျနော်ပြောခဲ့သလိုဘဲ၊ အမေရိကန်ကိုလိုလားသူ တစ်ယောက်ဖြစ်တယ်လို့ ကျနော်တို့က ပြောရပါလိမ့်မယ်။ ခက်နေတာက အမေရိကန်က တောင်းဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးတာတို့၊ အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်း တို့မှာ၊ တပ်မတော်အနေနဲ့ အရင်လိုပဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာကို ခံယူနေပြီးတော့မှ၊ သူပြောတဲ့အတိုင်း လိုက်လုပ်နေမယ်ဆိုရင်တော့၊ အမေရိကန်တပ်မတော်ဘက်က (မြန်မာ့တပ်မတော်နှင့် ဆက်ဆံမှုပြန်လည်ထူထောင်ရေး) ကို၊ လုပ်နိုင်မယ် မထင်ဘူး ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ရဲ့ အမြင်သဘောထားတွေကို တင်ဆက်ပြီးတဲ့နောက်မှာတော့၊ အမေရိကန်နဲ့မြန်မာ တပ်မတော်နှစ်ခုရဲ့ ဆက်ဆံရေးကို နောက်ကြောင်းပြန် မကြည့်ခင်မှာ၊ အမေရိကန်နဲ့မြန်မာ အစိုးရနှစ်ရပ်ရဲ့ ၁၉၈၈ မတိုင်ခင်က အနေအထားကို ပါ၊ နောက်ခံအဖြစ် တင်ဆက်ပေးချင်ပါတယ်။ ၂၀၀၉ ခုနှစ် ဇန်နဝါရီ လ (၂၃) ရက်နေ့က၊ ဗီအိုအေ-မြန်မာပိုင်းရဲ့ အကြီးတန်း အငြိမ်းစားအရာရှိ ကြီး ဦးခင်မောင်ဝင်းနဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းတို့နဲ့ ဆက်သွယ်မေးမြန်းခဲ့တာတွေကိုလည်း အကျဉ်းရုံးပြီး တင်ပြပေးချင်ပါတယ်။

သခင်ချန်ထွန်း။ ။ အဲဒီတုန်းက (မြန်မာ့နိုင်ငံရေးမှာ) အမေရိကန်ဆိုတာကို မပေါ်သေးဘူး။ အမေရိကန်ကို နိုင်ငံရေးသမားတွေထဲမှာ စဉ်းစား တာ သိပ်မပါဘူး။ အင်္ဂလိပ်ရဲ့ကျွန်ဖြစ်လာတော့၊ အင်္ဂလိပ်လောက်ပဲ သိပြီးတော့၊ အင်္ဂလိပ်လောက်ကိုပဲ နယ်ချဲ့သမားဆိုပြီးတော့အမြင်နဲ့ အရင်း ရှင်ဆိုတဲ့ အမြင်နဲ့၊ ဒီလို မြင်ခဲ့ကြတာ။

ဦးရော်နီညိမ်း။ ။ ၁၉၅၂ ခုနှစ်မှာ၊ အမေရိကန်သမ္မတက အိုက်ဆင်ဟောင်ဝါ (Dwight D Eisenhower)၊ ဒုသမ္မတ ဖြစ်တဲ့ ရစ်ချတ်နစ်ဆင် (Richard Nixon) က၊ မြန်မာပြည်ကို လာလည်ခဲ့တယ်။

သခင်ချန်ထွန်း။ ။ ဖဆပလ (အာဏာရ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်) ထဲမှာ ရှိတဲ့ ဆိုရှယ်လစ်ပါတီကနေ ခွဲထွက် သွားခဲ့တဲ့၊ သခင်လွင်နဲ့ (ဝိဓူရ) သခင်ချစ်မောင်တို့ ခေါင်းဆောင်တဲ့ အလုပ်သမားလယ်သမား ပါတီက၊ မစ္စတာ နစ်ဆင်လာတော့၊ ပဲခူးမှာ သွား ပြီးလည်တဲ့အခါ၊ သူတို့ ကန့်ကွက်တဲ့ ဆန္ဒပြပွဲလေးတွေ လုပ်ခဲ့ကြတာကို ကျနော် ပြန်မှတ်မိနေတယ်။ အထူးသဖြင့် ကိုးရီးယားစစ်ပွဲ (၁၉၅၀ မှ ၁၉၅၃ အထိ အမေရိကန်နှင့် တောင်ကိုးရီးယားက တဘက်၊ တရုတ်နှင့်မြောက်ကိုးရီးယားတို့က တဘက်၊ ကိုးရီးယားကျွန်းဆွယ်မှာ တိုက်ခိုက် ခဲ့ကြသော စစ်ပွဲ) နဲ့ပတ်သက်ပြီးတော့ ကျနော်တို့က (အာဏာရ ဖဆပလ အဖွဲ့ချုပ်) က၊ အမေရိကန်နဲ့ ကုလသမဂ္ဂကို ထောက်ခံ လိုက်တာ။

ဦးရော်နီညိမ်း။ ။ ပါလီမန်ဒီမိုကရေစီခေတ်မှာ ဖဆပလ ခေါင်းဆောင်းတဦး၊ ဝန်ကြီးတဦး ဖြစ်ခဲ့တဲ့အပြင်၊ ၁၉၅၆ ခုနှစ်မှာ အမေရိကန်ပြည် ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီးလည်း ဖြစ်ခဲ့တဲ့ ဦးဝင်းရဲ့ သားဖြစ်သူ ဦးခင်မောင်ဝင်းဟာ၊ အဲဒီခေတ်က အမေရိကန်-မြန်မာ ခေါင်းဆောင် တွေရဲ့ ဆက်ဆံရေးကို သိမှီလိုက်သူ တဦးပါ။

ဦးခင်မောင်ဝင်း။ ။ ရစ်ချတ်နစ်ဆင် (မြန်မာနိုင်ငံမှ) ပြန်သွားပြီးတဲ့အချိန်ကျတော့၊ (ဝန်ကြီးချုပ်) ဦးနုကို သူတို့က ဘိတ်ခဲ့တော့၊ ဦးနုက ဒီ (အမေရိကန်ပြည်ထောင်စု) ကို၊ လာလည်တယ်။ အမေရိကန်နဲ့မြန်မာနဲ့ (ခေါင်းဆောင်တွေ) တယောက်နဲ့ တယောက် သုံးသပ်ကြတဲ့ အမြင်ချင်း က မတူဘူးလေ။ အမေရိကန်ထင်တာက၊ ဦးနုတို့ ဖဆပလ ခေါင်းဆောင်တွေတို့ ဆိုတာ၊ လက်ဝဲသမားတွေ၊ ကွန်မြူနစ် မဟုတ်တောင်မှ ဆိုရှယ်လစ်တွေဆိုတဲ့ အမြင်ကို သူတို့က မြင်တယ်။ ဥပမာတခု ပြောရမယ်ဆိုရင်၊ ဒီမှာ စိုက်ပျိုးရေးဝန်ကြီး ဘင်ဆင် (ကွန်မြူနစ် ဆိုရှယ်လစ် ဆန့်ကျင်ရေး ပွင့်ပွင့်လင်းလင်း ပြောသူအဖြစ်၊ အမေရိကန်နိုင်ငံရေးလောကတွင် ထင်ရှားခဲ့သူ Ezra T. Benson) ဆိုတာ ရှိတယ်။ သူက ဦးနုကို ချိန်းထားပြီးတော့မှ၊ ဒီလက်ဝဲသမားကို ငါတို့ နှိမ်မယ်ဆိုတဲ့ အနေနဲ့၊ ဆင်းမတွေ့ဘူး၊ ဆင်း မကြိုဘူး။ အောက်မှာ ထိုင်စောင့်ခိုင်းထား တယ်။ အဲဒါမျိုး လုပ်ခဲ့တယ်၊ အဲဒီလောက်ကို ဖြစ်ခဲ့တယ်။ ဦးနုတို့ရဲ့ သဘောထားကလည်း၊ အမေရိကန်က ငါတို့ကို လွှမ်းမိုးဖို့သာ ကြိုးစားတာ၊ အမေရိကန်အကူအညီတွေကလည်း၊ ငါတို့ကို ကြီးစိုးချင်လို့သာ ပေးတာ၊ ဆိုတဲ့သဘောထားကို သူတို့ကလည်း ပြင်းပြင်းထန်ထန် ပြခဲ့ကြတယ်။

ဦးရော်နီညိမ်း။ ။ ၁၉၆၂ခုနှစ်မှာ စစ်အာဏာသိမ်းတော်လှန်ရေးကောင်စီ ပေါ်ပေါက်လာပြီးတဲ့နောက်၊ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ် ကြီးနေဝင်းဟာ (၁၉၆၆ ခုနှစ်မှာ) အမေရိကန်ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး၊ အဲ့ဒီအချိန်က အမျေရိကန်သမ္မတ လင်ဒန်ဂျွန်ဆင် (Lindon B Johnson) နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်ကို ရောက်ရှိလာခဲ့တယ့် ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ အမေရိကန်သမ္မတဂျွန်ဆင်တို့ ဆွေးနွေးခဲ့တာာမှာ၊ မပြေမလည် ဖြစ်ခဲ့တဲ့ အကြောင်းတွေကိုလည်း၊ ဦးခင်မောင်ဝင်းကပဲ အခုလို ရှင်းပြခဲ့ပါတယ်။

ဦးခင်မောင်ဝင်း။ ။ အဲဒီ့အချိန်ကျတော့ ကျနော် ဗီအိုအေမှာ အလုပ်လုပ်နေပြီလေ။ သမ္မတဂျွန်ဆင်ဆီ ဗိုလ်ချုပ်ကြီးနေဝင်းလာတော့၊ ကျနော် ရယ် အဲ့ဒီအချိန်က အယ်ဒီတာချုပ် ဦးသောင်းခင်ရယ်၊ ကျနော်တို့ကို တာဝန်ပေးတော့ သူ့ကို cover (သတင်းယူ) လုပ်ရတယ်။ ဗိုလ်ချုပ်ကြီး နေ ဝင်းကို သူ့ရဲ့ဧည့်သည်တော်အဖြစ် ဘိတ်ပြီး ဧည့်ခံတဲ့အချိန်မှာ၊ သမ္မတဂျွန်ဆင်က တော်တော်လေးပြောတယ်။ အဲ့ဒီအချိန်မှာ (မြန်မာနိုင်ငံမှာ) နိုင်ငံရေးသမားတွေကို တော်တော်လေး ဖမ်းထားပြီးပြီကိုး။ မြန်မာပြည်မှာ တော်လှန်ရေးကောင်စီက ဖိနှိပ်တာတွေ အတော်လေးလုပ်လာပြီ။ သမ္မတဂျွန်ဆင်နဲ့ ဦးနေဝင်းနဲ့က အတော်လေး တင်းတင်းမာမာ ရှိခဲ့တယ်။ ဦးနေဝင်းကလည်း အဲ့ဒီအချိန်မှာ သူ့ရဲ့ မြန်မာ့ဆိုရှယ် လစ်လမ်းစဉ် ဆိုတာကို စတင် လုပ်နေတယ် ဆိုတော့၊ သူနဲ့ ဂျွန်ဆင်နဲ့ သိပ်ပြီး သဟဇာတ မရှိလှဘူး။

ဦးရော်နီညိမ်း။ ။ (ဗိုလ်ချုပ်ကြီးနေဝင်း) ဒီခရီးသွားရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး၊ အဲ့ဒီအချိန်က တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ဖို့ အလားအလာရှိသူ သခင်ချန်ထွန်းက၊ အကျိုးအကြောင်းကို အထိုက်အလျောက် သိရှိခဲ့ပါတယ်။

သခင်ချန်ထွန်း။ ။ Caretaker (Government) (၁၉၅၈ - ၁၉၆၀ အိမ်စောင့်အစိုးရ) တုန်းက၊ တောင်းတိုင်း ရတယ်။ ဒီက စစ်ဗိုလ်တွေ အမေရိကန်မှာ သင်တန်းတွေ အကုန်လုံးတက်ရတာ။ ဗိုလ်မှူးချုပ်မောင်မေင် (၂၀၀၉တွင် ကွယ်လွန် သူ ပါလီမန်ဒီမိုကရေစီခေတ် ဗမာ့တပ်မ တော် စစ်ခေါင်းဆောင်တဦး) နဲ့ တဆင့် CIA (Central Intelligence Agency အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ) မြန်မာပြည်က စစ်တပ်ထဲမှာ၊ အများကြီး ဝင်နေတာ။ Caretaker လက်ထက်က။

ဦးရော်နီညိမ်း။ ။ နောက်ထပ် ၂၂ နှစ်လုံးလုံး၊ ဦးနေဝင်းက အာဏာရှိနေပေမယ့်၊ အမေရိကားနဲ့ အဆက်အဆံ သွား မလုပ်တော့ဘူး။

သခင်ချန်ထွန်း။ ။ အဲ့ဒီအချိန်မှာ ဗိုလ်မှူးချုပ်မောင်မေင်ကို United Nations (ကုလသမဂ္ဂ)မှာ ညီလာခံတက်ဖို့ရာ၊ ကိုယ်စားလှယ် ထားတယ်။ အဲဒီတုန်းက သူက အင်ဒိုနီးရှားမှာ သံအမတ်။ UN ထဲမှာ၊ ကုလသမဂ္ဂမှာတက်နေတဲ့ ကိုယ်စားလှယ်အဖွဲ့ပေါ့။ သူက ဆိုရှယ်လစ်စကားများများ ပြောပြီး၊ anti-American (အမေရိကန်ဆန့်ကျင်ရေး) သဘောမျိုးကို ညီလာခံထဲမှာ သူပါတဲ့ဆပ်ကော်မတီ ထဲမှာ ပြောတာ။ အဲ့ဒီမှာ သူဟာ ညီလာခံတက်နေရင်း (မြန်မာနိုင်ငံကို) ပြန်ရတယ်။ သူက (အမေရိကန်ကို) ဘာလို့ဆန့်ကျင်ရလဲဆိုတော့၊ ဒီမှာက ဆိုရှယ်လစ်လမ်းစဉ် ဆိုတော့၊ သူကလည်း ဆိုဗီယက်အကြိုက်မျိုးတွေ တော်တော်များများ ပြောတဲ့အခါကျတော့၊ ဟိုက (အမေရိကန်က) တိုင်တဲ့အခါကျတော့၊ (ကုလသမဂ္ဂ အထွေထွေညီလာခံ) သုံးလလုပ်တာမှာ သူက နှစ်လလောက်နဲ့ ပြန်ရတာ။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်နဲ့ အမေရိကန်တပ်မတော်တို့ရဲ့ ဆက်ဆံရေး နောက်ခံသမိုင်းကြောင်းကိုတော့၊ ခေတ်သစ်မြန်မာ့တပ်မ တော်ရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့သူ၊ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦး ကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ကျနော်တို့က လွတ်လပ်ရေးရလာခဲ့တာက၊ ဗြိတိသျှအုပ်ချုပ်ရေးအောက်က ရလာခဲ့တာဆိုတော့၊ ကတိကဝတ်သဘော မျိုးနဲ့ ဆက်လက်ပြီးတော့ ဗြိတိသျှစစ်မစ်ရှင် (British Military Mission) ကို ဆက်ရှိပြီးတော့ ထားမယ် ဆိုတာကြောင့်၊ အစစအရာရာ စစ်သင် တန်းတွေနဲ့ ပတ်သက်ပြီးတော့၊ စောစောပိုင်းကတော့ ဗြိတိသျှတွေရဲ့နိုင်ငံမှာ သွားတက်ကြပါတယ်။ များသောအားဖြင့် တဖြည်းဖြည်းနဲ့ အမေရိ ကန်နဲ့ စစ်ဘက်ဆိုင်ရာဆက်သွယ်မှုတွေက များလတာပေါ့။ ပထမဆုံး Psychological Warfare (စိတ်ဓါတ်စစ်ဆင်ရေး) ဆိုတဲ့ စစ်မဏ္ဍိုင် တခု ပေါ်လာတာပေါ့။ ကျနော်တို့က ကွန်မြူနစ်တွေကို တိုက်နေတဲ့အခါကျတော့၊ သူတို့ဆီမှာလည်း Psychological Warfare နဲ့ပတ်သက်ပြီး ကွန် မြူနစ်ဝါဒကို တိုက်တဲ့ သင်တန်းမျိုးတွေ၊ လက်တွေ့လုပ်တဲ့ သင်တန်းတွေ အတွေ့အကြုံတွေ ရှိနေကြတော့၊ စာတွေပေတွေနဲ့ သုတေသနလုပ် ထားတာတွေ ရှိနေတော့၊ အဲဒီ အပေါ်မှာမူတည်ပြီး မြန်မာနိုင်ငံကလည်း ကွန်မြူနစ်တွေကို တိုက်နေဆိုတော့၊ သူတို့က (သတင်းအချက်အ လက်) ဖလှယ်ချင်တာကို အကြောင်းပြုပြီးတော့၊ သင်တန်းတွေ အဲဒီ (အမေရိကန်ပြည်ထောင်စု) မှာ သွားတက်ကြတာ၊ ဗိုလ်ကျော်ဆန်း (၁၉၈၈ စစ်အာဏာသိမ်းပြီးချိန် စစ်အစိုးရ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်) တို့၊ ဗိုလ်တင်အေးတို့၊ NLD မှာ လုပ်သွားတဲ့ ဗိုလ်တင်အေး (အငြိမ်းစားဗိုလ်မှူးကြီးတင်အေး) တို့၊ တော်တော်များများ officer တွေ Captain တွေ Major တွေ၊ Psychological Warfare သင်တန်းတွေ အမေရိကန်မှာ သွားပြီး တက်ကြတယ်။ အဓိပ္ပါယ်ကတော့ (ကွန်မြူနစ်ဝါဒကို) စာနဲ့ပေနဲ့ သဘောတရားနဲ့ ဘယ်လို ပြန်ပြီးတော့တုန့်ပြန်မလဲ ဆို တာတွေ အများဆုံးသင်တယ်။ အဲဒီဟာနဲ့ နည်းနည်း စလိုက်တယ်။ နောက်ပိုင်းကျတော့ စစ်ရေးစစ်ရာနဲ့ဟာတွေ တော်တော် ပါလာခဲ့ကြတယ်။ သို့သော် အမေရိကန်မှာ တက်တဲ့ (စစ်ရေးစစ်ရာ) ဟာတွေက၊ သင်တန်းငယ်တွေ မဟုတ်ဘူး။ သင်တန်းကြီးတွေ များတယ်။ ဥပမာဆိုရင်၊ Command & General Staff College (စစ်ရေးကွပ်ကဲမှုနှင့်စစ်ဦးစီးတက္ကသိုလ်) တို့လို၊ နောက်ပြီးတော့ Fort (အမေရိကန်ပြည် ထောင်စုမှ တပ်မြို့များ) တွေမှာ ရှိနေတယ့် Advanced Senior Officers Training (စစ်အရာရှိကြီးများအတွက် အဆင့်မြင့်သင်တန်း) တွေလို၊ အဲဒီလို ဟာမျိုးတွေကို သွားတက်ကြတာ များတယ်။

ဦးရော်နီညိမ်း။ ။ အန်ကယ် ခုနပြောတဲ့ Psychological Warfare သင်တန်းတွေ ဆိုတော့၊ အဲ့ဒီအချိန်တုန်းက ကာကွယ်ရေးဝန်ကြီးဌာန အောက်မှာ တပ်မတော်စိတ်ဓါတ်စစ်ဆင်ရေးဌာန မဖွဲ့ရသေးလို့လား။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဖွဲ့ပြီးပြီ။ ကွန်မြူနစ်တွေနဲ့ စတိုက်တဲ့ အချိန်မှာ စိတ်ဓါတ်စစ်ဆင်ရေး သဘောမျိုး ခေါ်ပြီးတော့ကာ၊ တပ်မှူးငယ်လေးတွေ ကို သင်တန်းတွေ ပေးတဲ့ဟာတွေ၊ စ နေပြီ ခင်ဗျ။ လက်တွေ့ ကွန်မြူနစ်ကို တိုက်တဲ့အပေါ်မှာ၊ (ကွန်မြူနစ်ဘက်က) ဝါဒဖြန့်တဲ့ဟာတွေမှာ ကျနော်တို့က ပြန်ပြီးတော့ ဝါဒဖြန့်ရတာတွေ များတယ် ခင်ဗျ။ ဥပမာ၊ လယ်ယာကိစ္စနဲ့ပတ်သက်ရင် ဘယ်လို၊ အလုပ်သမားကိစ္စနဲ့ပတ်သက်ရင် ဘယ်လို၊ ပြည်သူလူထုနဲ့ ဆက်ဆံရေးမှာ ဘယ်လို၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလို တိုတိုထွာထွာလေးတွေ၊ သဘောတရားရေးတွေလို မဟုတ်သေး ဘူး။ သူတို့ကွန်မြူနစ်တွေက ထုတ်တဲ့ စာတွေပေတွေပေါ်မှာ မှီငြမ်းပြုပြီးတော့၊ အထူးသဖြင့် သူတို့ကလည်း ပြည်သူလူထုဆီကို ထုတ်တာကိုး။ ပြည်သူ့အာဏာဂျာနယ်တို့ ဘာတို့ ထုတ်တယ်။ ကျနော်တို့ တပ်မတော်သားတွေကတော့၊ စစ်ရေးစစ်ရာပဲ ပြောတတ်တော့၊ ကျနော်တို့က ဘာ ကို အများဆုံးကိုင်ပြောသလဲဆိုတော့၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇ နှစ်ဆန်းတွင် ဗြိတိန်သို့ သွာပြီး၊ ဗြိတိသျှခေါင်းဆောင်တွေနှင့် မြန်မာ့လွတ် လပ်ရေးအတွက် အပေးအယူလုပ် စေ့စပ်ညှိနှိုင်းခဲ့သော ခရီးစဉ်) သွားရောက်ပြီးတော့၊ လွတ်လပ်ရေးကို ယူခဲ့တဲ့ အပိုင်းမှာ၊ ဒီလွတ်လပ်ရေးဟာ အစစ်အမှန် ဖြစ်တယ် ဆိုတာပေါ့။ သူတို့ (ကွန်မြူနစ်) ကတော့ ဒီလွတ်လပ်ရေးဟာ အစစ်အမှန် မဟုတ်ဘူး။ လွတ်လပ်ရေးဆိုတာ ပေးလို့၊ ရ လိုက်တယ် ဆိုတာမျိုး မဟုတ်ဘူး။ လွတ်လပ်ရေးဆိုတာ တော်လှန်ပြီး တိုက်ခိုက်ယူရမယ် ဆိုတာအပြင်၊ သူတို့က လူတန်းစားတိုက်ပွဲ အောင် မြင်မှ လွတ်လပ်ရေးဟာ ရရှိတယ် ဆိုတဲ့ဟာမျိုးနဲ့၊ ပြောကြဆိုကြပြီး၊ ကျနော်တို့ကတော့ မပြောတတ်မဆိုတတ်နဲ့ ဆိုတော့၊ အဲဒါကို ပြောတတ် ဆိုတတ်အောင် ဆိုပြီး၊ သင်တာပဲ ဗျ။ အဲဒီကနေ စပြီးတော့ အထူးသဖြင့်ကတော့၊ တပ်ရင်းမှူးလုပ်မယ့် ပုဂ္ဂိုလ်တွေကို ဒီသင်တန်းတွေမှာ များ သောအားဖြင့်ခေါ်ပြီးတော့၊ စိတ်ဓါတ်စစ်ဆင်ရေးပေါ့။ စတုတ္ထမဏ္ဍိုင် ပေါ့ဗျာ။ အဲဒီသင်တန်းတွေအတွက် အမေရိကန်ကို သွားရင်းနဲ့၊ နောက်က စီနီယာသင်တန်းတွေ လိုက်လိုက်လာတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ အချိန်ကာလနဲ့ ပြန်ကြည့်ရင်၊ ၁၉၅၈ ခုနှစ် တပ်မတော်က အာဏာယူထားတဲ့ အိမ်စောင့်အစိုးရ မတိုင်ခင်ကပေါ့။

ဗိုလ်ချုပ်ကြီးတင်ဦး။ ။ ဟုတ်တယ်။ မတိုင်ခင်ကပေါ့။ နောက်ပိုင်းကျတော့ ဘာတွေ များလာသလဲ ဆိုတော့၊ Command & General Staff တို့၊ Advance course တို့၊ နောက်တခုက ထူးထူးခြားခြား တက်ရတဲ့ သင်တန်း တခု ရှိသေးတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များခင်ဗျာ။ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်နှင့် အမေရိကန်-မြန်မာ တပ်မ တော် နှစ်ရပ် ဆက်ဆံရေး အပိုင်း (၃)” ကို၊ နောက်သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်း၊ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ဆက်ပြီး တင်ဆက်ပေး သွားပါမယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG