သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မသန်မစွမ်း Burma Soldier မှသည် ထက်သန်နိုးကြား နိုင်ငံရေးအကျဉ်းသား ဖြစ်လာခဲ့သူ


တပ်မှူးတပ်သား ပြောစကား (၀၅၈)

ပြီးခဲ့တဲ့ ဧပြီ (၂၅)ရက်နေ့၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက၊ မြန်မာစစ်သားဟောင်းတဦးရဲ့ ဖြစ်ရပ်မှန် ဘ၀ Burma Soldier မှတ်တမ်းရုပ်ရှင်ကို၊ မီဒီယာတွေကို ဘိတ်ကြားပြသတဲ့ ပွဲမှာ၊ လက်ထောက်နိုင်ငံခြား ရေးဝန်ကြီး နှစ်ဦးနဲ့အတူ ဒီရုပ်ရှင်ထဲ ကိုယ်တိုင်ပါဝင်တဲ့၊ တပ်သားဟောင်း ကိုမျိုးးမြင့် ပါ တက်ရောက် အမှာ စကား ပြောကြားခဲ့ပါတယ်။ မေလ(၁၈)ရက်နေ့မှာ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအစီအစဉ်နဲ့ HBOရုပ်မြင်သံကြား ကပါ၊ ဒီရုပ်ရှင်ကို အမေရိကန် ပြည်ထောင်စုမှာ ပြသမှာဖြစ်ပါတယ်။ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာနဲ့ ရိုက်ကူး ထားတဲ့ ဒီရုပ်ရှင်ဟာ၊ မြန်မာနိုင်ငံထဲမှာ လည်း ပျံ့နံှ့နေတယ်လို့၊ နိုင်ငံခြားသတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ၂၀၁၀ Sundance Institute ၊၂၀၁၀ Irish ရုပ်ရှင်ပွဲတော်ဆုတွေ ရရှိခဲ့ပြီး၊၂၀၁၀ ဗြိတိန်၊ နယ်သာလန်၊ နော်ဝေ၊ ရူမေးနီးယား နဲ့ ၂၀၁၁ မြောက်ကာရိုလိုင်းနား၊ ဘော်စတွန် ရုပ်ရှင်ပွဲတော်တွေမှာ၊ အကောင်းဆုံး နိုင်ငံတကာမှတ်တမ်းရုပ်ရှင်တွေအဖြစ် ရွေးချယ်ပြသရာမှာ ပါဝင်ခဲ့တဲ့ Burma Soldier မှတ်တမ်းရုပ်ရှင်ထဲက ကိုမျိုးမြင့်နဲ့၊ ဦးရော်နီညိမ်းက တွေ့ဆုံမေးမြန်းပြီး၊ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံက စစ်တပ်ထဲမှာ စစ်မှုထမ်းခဲ့တဲ့ ကာလအတွင်း၊ လူလူချင်း နိုင့်ထက်စီးနင်း ပြုမူတဲ့ တုန်လှုပ်ခြောက်ခြားစရာ အဖြစ်အပျက်တွေ အများကြီး ကြုံခဲ့ရပါတယ်လို့၊ သူ့အတွေ့အကြုံကို ပြောခဲ့ သူကတော့၊ မြန်မာ့တပ်မတော် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတရင်းရဲ့ တပ်ခွဲတခွဲမှာ အမှုထမ်းခဲ့သူ၊ စစ် သည်ဟောင်း ကိုမျိုးမြင့်ပါ။

ကိုမျိုးမြင့်။ ။ ကြောက်စရာကောင်းတဲ့ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ ဖြစ်စဉ်တွေက၊ ကျနော့် စစ်သက် (၈) နှစ်လောက် အတွင်းမှာ အများကြီး ကြုံခဲ့တွေ့ခဲ့ရပါတယ်။

ဦးရော်နီညိမ်း။ ။ ဥပမာ တခု နှစ်ခုလောက် ပြောပြပါ။

ကိုမျိုးမြင့်။ ။ ဟုတ်ကဲ့။ ဥပမာ တခုက ဒီလိုဗျ။ အဲဒီတုန်းက ကျနော်က ခလရ(၄)၊ မန္တလေးက ပုသိမ်ကြီးက တပ်။ အဲဒီတပ်နဲ့ တွဲပြီး ကျနော်က ရှေ့တန်း ထွက်သွားတယ်။ လှုပ်ရှားစစ်ကြောင်းဆိုတာက စခန်းထိုင် မဟုတ်ဘူး။ ဒီလိုပဲ ပတ်ပြီးတော့…..။

ဦးရော်နီညိမ်း။ ။ မန္တလေးက ပုသိမ်ကြီးက တပ်ဆိုတော့၊ တိုင်းတပ်လား တပ်မတပ်လား။

ကိုမျိုးမြင့်။ ။ တပ်မတပ်ပါ။ တပ်မ (၉၉) လက်အောက်ခံ ခလရ (၄)။ အရင် No. (4) Gurkha လို့ ခေါ်တဲ့ တပ် (ဒုတိယကမ္ဘာစစ်မတိုင်ခင်၊ ဗြိတိသျှအင်ပါယာအတွင်း နီပေါနိုင်ငံမှ ဂေါ်ရခါး တိုင်းရင်းသားများနှင့် ဖွဲ့ စည်းပြီး၊ မန္တလေး၊ ပုသိမ်ကြီးတွင် အခြေစိုက်သော ဂေါ်ရခါး သေနတ်ကိုင်တပ်ရင်း (၄) (No. 4 Gurkha Rifle Regiment)။ အဲဒီတပ်နဲ့ တွဲပြီး ကျနော် ပါသွားရော။ တပ်ရင်းမှူးက (ဒု) ဗိုလ်မှူးကြီးမောင်မောင်စိုး။ လှုပ် ရှားစစ်ကြောင်းဆိုတာက စခန်းထိုင်လို အသေထိုင်ရတာ မဟုတ်ဘူး။ သွားနေရတာ စစ်ဆင်ရေးတပတ်လုံး။ အဲဒီလို သွားနေရတော့၊ ဥပမာ၊ ပေါ်တာတွေ လိုလာမယ်၊ လားမြင်းတွေ လိုလာမယ်၊ ဆိုတဲ့အခါကျတော့၊ ရောက်တဲ့ ရွာတွေကနေ၊ ဆင့်ပြီး ခေါ်သွားရတာပေါ့။ တကြိမ်မှာ ကျနော်တို့ စစ်ကြောင်းက ရွာတရွာထဲကို ရောက်လာတယ်။ ရွာတရွာထဲကို စစ်တပ်ဝင်ပြီ ဟေ့၊ ဆိုတာနဲ့၊ ယောက်ျားတွေ အကုန်လုံးက ထွက်ပြေးတာပဲ၊ တောထဲ သွားပုန်းတာပဲ။ အဲဒီလို မပုန်းရင်၊ ပေါ်တာဆွဲမယ် ဘာညာ တခုခုပေါ့၊ သူတို့ ခံရတော့မယ်။ အဲဒီ ဘက်က ရွာတွေမှာက ယောက်ျားတွေက သူကြီး မလုပ်ရဲဘူး။ ကျနော်တို့ ရောက်သွားတော့၊ အဲဒီရွာမှာ သူကြီးက မိန်းမသူကြီးမ။ သူကြီးမက လုပ်ပေးတယ်။ စစ်ကြောင်း ပြန်ထွက်မယ်ဆိုတော့၊ ပေါ်တာလိုတယ် ဆိုတော့၊ ယောက်ျားပေါ်တာ မရှိဘူး။ မိန်းမပေါ်တာအမျိုးသမီးတွေ အယောက်(၄၀)ကို သူကြီးမက ဆင့်ပေး လိုက်တယ်။ အသက်အရွယ်တွေကတော့ (၃၀) နဲ့ (၄၀) ကြားတွေပေါ့။ အမျိုးသမီးအယောက် (၄၀)ကို ကျနော် တို့ ခေါ်လာပြီးတော့၊ ဒီစစ်ကြောင်းကြီးက ဆက်ထွက်သွားတယ်။ ဒီအမျိုးသမီးတွေက ဘာတွေ သယ်ရလဲဆို တော့ (ပြောင်းဝအကျယ်) ၇၅မီလီမီတာ နောက်ပွင့်ရိုင်ဖယ်ကျည်ဆံတွေ (အမြောက်ဆံကဲ့သို့ ဗုံးသီးကျည်ဆံ များ)၊ တချို့ကျတော့လည်း၊ တခြား ဝန်ထုပ်ဝန်ပိုးတွေ သယ်ရတာပေါ့။ အဲဒီလိုထွက်လာကြပြီး၊ တနေရာ လည်း ရောက်ကော၊ ညအိပ်မယ့်နေရာလည်း ရောက်ကော၊ ဒီနေရာမှာ စခန်းချမယ်၊ ညအိပ်မယ် ဆိုတော့၊ ဒီအမျိုးသမီးတွေ ပေါ်တာအယောက် (၄၀)ကို ထွက်ပြေးမှာ စိုးတဲ့အတွက်၊ ကျနော့်ကို တွဲထားတဲ့ စစ်ကြောင်း ရုံးအဖွဲ့၊ လုံခြံရေးတပ်စု ကနေပြီးတော့၊ ဒီအမျိုးသမီးတွေ ပေါ်တာ အယောက်(၄၀)၊ ညဘက် ထွက်မပြေးနိုင် အောင် သူတို့ကို စောင့်ဖို့ဆိုပြီး၊ တာဝန်ပေးလိုက်တယ်။

ဦးရော်နီညိမ်း။ ။ အဲဒါက ၁၉၈၀ ခုနှစ်တွေ လောက်ကပေါ့။

ကိုမျိုးမြင့်။ ။ ကျနော် တိတိကျကျပြောရရင်၊ ၁၉၈၃ ခုနှစ် (၁၁) လပိုင်း လောက်က။

ဦးရော်နီညိမ်း။ ။ အဲဒီ အချိန်အခါက တောင်မှပဲ၊ အခုလို မဖြစ်သင့် မဖြစ်ထိုက်တာပေါ့။ ပေါ်တာဆွဲတယ် ဆိုရင်လည်းပဲ၊ အမျိုးသားတွေကို ဆွဲတာက၊ နဲနဲကြည့်ကောင်းသေးတယ်။ နှိုင်းယှဉ်ရင်ပေါ့။ တကယ်တမ်း တော့လည်း မကောင်းပါဘူး။ အမျိုးသမီးတွေကို ပေါ်တာဆွဲတဲ့ဟာကို၊ အထက်အဆင့်ဆင့်ကကော လက်ခံ ကြလား။ တပ်ရင်းမှူးက အမျိုးသမီးတွေကို ပေါ်တာဆွဲမယ် ဆိုရင်၊ သူက အထက်က ဗျူဟာမှူးကို တင်ပြရ မယ်။ တခါ ဗျူဟာမှူးကလည်း တပ်မမှူးကို တင်ပြရမယ်။ အဲဒါမျိုးတွေ မရှိဘူးလား။ “ဟေ့ မင်းတို့ ဒါတော့ မဖြစ်သင့်ဘူး။ အမျိုးသမီးတွေတော့၊ သွား မလုပ်နဲ့” ဆိုတာမျိုး၊ ဒီလိုမျိုး အထက်က ပြန်လာတဲ့ အမိန့်မျိုး မရှိဘူးလား။

ကိုမျိုးမြင့်။ ။ ကျနော် သိသလောက်တော့ မရှိဘူး။ မရှိဘူး ဆိုတာက၊ ရှေ့တန်းထွက်တဲ့ အခါကျရင်၊ ဥပမာ ထောက်ပို့ရေးတပ်မှာ လားတပ် ဆိုတာ ရှိတယ်။ ဒီတပ်က ရှေ့တန်းထွက်တဲ့ စစ်ကြောင်းတွေကို လားတွေ မြင်းတွေ ဖြည့်ဆည်းပေးဖို့။ တကယ့်တကယ်မှာ ကျနော်လိုက်ခဲ့သမျှ စစ်ကြောင်းတွေမှာ၊ ထောက်ပို့တပ် လား တပ်က လားမြင်းတွေ တကောင်ကိုမှ မသုံးဘူး။ အရပ်သား ရွာသူရွာသားတွေရဲ့ လားတွေကိုပဲ ဆွဲတာပဲ။ ဒါကို ဝန်တင် ခေါ်တယ်။ ဝန်ထမ်းလို့ ခေါ်တဲ့ ပေါ်တာကို ကျတော့လည်း၊ ယောက်ျား ရရင်ရ မရရင် မိန်းမပဲ။ ဒီဥစ္စာဟာ သင့်တော်တယ် မသင့်တော်ဘူး၊ ဆိုပြီး အထက်ကို တင်ပြခြင်း/မတင်ပြခြင်း၊ နောက်တခါ အထက် ကလည်း ဒီဥစ္စာဟာ မလုပ်သင့်ဘူး/လုပ်သင့်တယ် ဆိုတာ ဆုံးဖြတ်ပေးခြင်း/မပေးခြင်း၊ ဘာမှ မရှိဘူး။ အဓိက က၊ စစ်တပ်က သူသွားနေတဲ့ရည်မှန်းချက် ပေါက်သွားဖို့ပဲ။ ကျန်တဲ့ကိစ္စတွေ မစဉ်းစားဘူး။

ဦးရော်နီညိမ်း။ ။ ဒါဆိုတော့၊ ဒါတွေက လုပ်နေကျ ဖြစ်ရိုးဖြစ်စဉ်တွေ၊ ရိုးနေပြီ ဆိုတဲ့သဘော ဖြစ်နေတာ ပေ့ါ။

ကိုမျိုးမြင့်။ ။ ဟုတ်တယ်။ အဲဒီထက် ပိုဆိုးတာက၊ လူတွေကို ပေါ်တာအဖြစ် ယောက်ျားမိန်းမ မခွဲပဲ ဆွဲတဲ့ အပြင်၊ အဲဒီဆွဲလာတဲ့ ပေါ်တာတွေကို၊ တခါတလေ လိုအပ်လာရင်၊ ရန်သူကို ဝင်တိုက်တော့မယ် ရန်သူ့အနား သွားတော့မယ် ဆိုရင်၊ အဲဒီမှာ မိုင်းကွင်း ရှိနေရင်၊ သူတို့ကို ‘လူသားမိုင်းရှင်းကိရိယာ’အဖြစ် သုံးတဲ့ သဘော မျိုးနဲ့ စစ်ကြောင်းရဲ့ ရှေ့ကနေ တွန်းတင်ပစ်လိုက်တာ။ မသွားရင် နောက်ကနေ သေနတ်နဲ့ ချိန်ထားတာ။ မသွားလို့ မရဘူး။ နောက်ပြန် လှည့်တာနဲ့ သေမှာပဲ။

ဦးရော်နီညိမ်း။ ။ အမျိုးသမီးတွေကို ပေါ်တာတွေနဲ့ ဆွဲလာခဲ့တာမှာ၊ Burma Soldier မှတ်တမ်းရုပ်ရှင်ထဲ မှာ၊ ကိုမျိုးမြင့် ကြုံခဲ့ရတာကို ပြောပြခဲ့တာကို၊ ခု ဒီမှာ၊ ပြန်ပြောပြပါဦး။

ကိုမျိုးမြင့်။ ။ ဟုတ်ကဲ့။ ခုန အမျိုးသမီး ပေါ်တာ အယောက် (၄၀) နဲ့ ထွက်လာတယ်။ ညအိပ်မယ့် နေရာ၊ စခန်းချထားတဲ့ တောင်စောင်း တခုမှာပေါ့။ ဒီ ပေါ်တာ အယောက် (၄၀) ကို တနေရာထဲမှာ စုပြီး ထားထား တယ်။ ကျနော် အိပ်တဲ့နေရာနဲ့ ဘယ်လောက်မှ မဝေးဘူ။ လေးငါး ရှစ် ကိုက်လောက်ပဲ ဝေးတယ်။ အဲဒီအချိန် မှာ တပ်စုမှူးအရာရှိကနေ တပ်စုတပ်ကြပ်ကြီးကို အမိန့်ပေးနေတဲ့အသံ၊ ကျနော် ကြားနေရတယ်။ “ဟိုကောင်မ ကွာ၊ ငါ့ ကျောပိုးအိပ် သယ်လာတဲ့ ကောင်မ၊ သွားခေါ်လာခဲ့” တဲ့။ ကျနော်လည်း တခုခုတော့ ဖြစ်ပြီ ဆိုတာ၊ သိလိုက်တယ်။ အဲဒီ အမျိုးသမီးကို သွားခေါ်လာတယ်၊ အဲဒီ အမျိုးသမီးရဲ့ ငြင်းသံ ဆိုသံ၊ ခြိမ်းခြောက် ကြိမ်း မောင်းနေတဲ့ အသံတွေ၊ အားလုံး ကျနော် ကြားနေရတယ်။ မိနစ် နှစ်ဆယ် အစိပ်လောက်လည်း ကြာရော၊ တပ်စုမှူးက တပ်စုတပ်ကြပ်ကြီးကို ခေါ်ပြီးတော့၊ “မင်းတို့လည်း လုပ်ချင် လုပ်လိုက်၊ ကြိုက်သလို လုပ်ကြ။ ပြီး ရင်တော့ ဒီကောင်မကို ဖျောင်ပစ်လိုက်” တဲ့။ အဲဒီ အသံလည်း ကျနော် ကြားလိုက်ရတယ်။ မတော်မတရား တွေ ဖြစ်နေတာ၊ စဉ်းစားလို့ ရနေပြီ။ ဘာတွေ ဖြစ်နေတယ် ဆိုတာ။ ခဏနေတော့ သူတို့တွေ အောက်ဆင်း သွားတယ်။ လိျှုထဲကို ဆင်းသွားတယ်၊ မတော်မတရား လုပ်နေတဲ့ အသံတွေလည်း ကျနော် ကြားနေရတယ်။ နောက်ပိုင်း မနက် (၄) နာရီလောက်လည်း ကျရော၊ သေနတ်သံ လေးငါးချက်လောက် ကြားလိုက်ရတယ်။ တခုတခု ဖြစ်သွားပြီ ဆိုတာ၊ ကျနော် သိလိုက်ရတယ်။ မိုးလင်းလို့ ခရီး ဆက်ထွက်မယ့်အချိန်မှာ၊ ပေါ်တာ တွေကို လူစစ်လိုက်တော့၊ ပေါ်တာတွေ (၃၉) ယောက်ပဲ ရှိတော့တယ်။

ဦးရော်နီညိမ်း။ ။ တယောက် မရှိတော့ဘူးပေါ့။

ကိုမျိုးမြင့်။ ။ မရှိတော့ဘူး။

ဦးရော်နီညိမ်း။ ။ ကျနော် သိချင်တာက၊ အဲဒါမျိုးတွေ ဖြစ်ပျက်နေတာက၊ တပ်ရင်းတရင်း စစ်ကြောင်း တကြောင်း ရှေ့တန်းထွက်တဲ့ အခါမှာ၊ အားလုံးက စိတ်ညီလက်ညီ ဒီလိုမျိုး အားလုံးဝိုင်းပြီး အတူတူကျူးလွန် နေကြတာလား။ ဒါမှမဟုတ် တချို့က ဒါမျိုးတွေ လက်မခံနိုင်ဘူး၊ ဒါကို မပြောရဲလို့ ငြိမ်နေရတာတို့၊ တချို့က လည်း ဒီလိုမျိုး အဖွဲ့အစည်းထဲမှာတော့ ငါတို့ မနေဘူးကွာ လို့ ဖြစ်သွားတာမျိုးတို့၊ အဲဒါမျိုးတွေကော မရှိဘူး လား။ မကြုံခဲ့ရဘူးလား။

ကိုမျိုးမြင့်။ ။ အဲဒါမျိုးတွေက အမိန့်ပေးလို့ လုပ်ရတာမျိုး အဲဒီပုံစံမျိုးတွေ မဟုတ်ပဲနဲ့၊ ဒါမျိုး လုပ်တဲ့လူတွေ ကိုယ်နှိုက်ကိုက၊ သူတို့ လုပ်ချင်လို့ လုပ်ကြတာ။ အရာရှိက လုပ်ရင်လည်း၊ အဲဒီအရာရှိက သူ လုပ်ချင်လို့ လုပ် တာပဲ။ သူ့တပ်စုက အကြပ်တပ်သားတွေက လုပ်တယ် ဆိုရင်လည်း၊ သူတို့ လုပ်ချင်လို့ လုပ်တာပဲ။ နောက် လိုက်ငယ်သားတွေက အဲဒီလို လုပ်နေတာကို၊ တဦးချင်းနဲ့ ဆိုင်တယ် ဆိုပေမယ့်၊ ဒီတပ်စုမှူးနဲ့ ဒီတပ်စုတစုလုံး ဒါတွေ လုပ်နေတယ် ဆိုတာကို၊ တပ်ခွဲမှူးက သိပေမယ့် အရေးမယူဘူး။ ဒီတပ်ခွဲမှူးနဲ့ တခြား ဘယ်သူတွေပဲ ဒါမျိုးတွေ လုပ်လုပ်၊ တပ်ရင်းမှူးက သိပေမယ့်၊ အရေးမယူဘူး။

ဦးရော်နီညိမ်း။ ။ ဒါဆိုရင် ရှမ်းအမျိုးသမီးအဖွဲ့တွေ ရေးသား ဖြန့်ေ၀ ထုတ်ဝေခဲ့တဲ့ အစီရင်ခံစာ “အဓမ္မ ပြု ကျင့်ရန် လိုင်စင်ပေးထားခြင်း” (“License to Rape” Report) ဟာ၊ အမှန်တွေပဲ ပေါ့။ ဒါတွေ ဖြစ်ပျက်နေ တာ။

ကိုမျိုးမြင့်။ ။ ဟုတ်ပါတယ်။ ကျနော်တို့ တပ်ထဲကို ရောက်စ၊ စစ်သင်တန်း စ တက်ကတည်းက၊ သူတို့လူ မျိုးစု အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူမျိုးစုအင်အားစုတွေ အကုန်လုံးဟာ တိုင်းပြည်ရဲ့ရန်သူ ဖြစ် တယ်လို့၊ ကျနော်တို့ကို ရိုက်သွင်းထားတာ။ အဲဒီတော့ “အဲဒီလူတွေနဲ့ အဆက်အသွယ်ရှိတဲ့ သူတွေ၊ အဲဒီလူ တွေနဲ့ တနည်းမဟုတ်တနည်းနဲ့ ပတ်သက်နေတဲ့ သူတွေ၊ အဲဒီသူတွေအပေါ် စစ်တပ်က ဘာလုပ်လုပ် တရား တယ်။ လုပ်သမျှ မှန်တယ်။ ဒါဟာ တိုင်းပြည်ရဲ့ရန်သူတွေ အန္တရာယ်တွေကို ငါတို့ တပ်မတော်က နှိပ်ကွပ်တာ ဖြစ်တယ်” ဆိုတဲ့ အတွေးအခေါ်က ရှိနေတယ်။ အဲ့ဒီအတွက် မိန်းမတွေကို မုဒိန်းကျင့်တာကလည်း ရန်သူ့လူ ကို ချေမှူန်းတာပဲ။ ယောက်ျားတွေကို ပေါ်တာဆွဲတာ၊ လူ သားမိုင်းရှင်းကိရိယာအဖြစ် သုံးတာ၊ ကြိုက်သလို လုပ်တာ၊ လုပ်ချင်သလို လုပ်တာ၊ လုပ်သမျှ အကုန်လုံးဟာ၊ ရန်သူ့လူကို ငါတို့က ချေမှူန်းတာ ဖြစ်တယ်ဆိုပြီး၊ သူတို့ ခေါင်းထဲမှာ အဲဒီအတိုင်းတွေ ဖြစ်နေကြတယ်။

ဦးရော်နီညိမ်း။ ။ ဒါ ရန်သူမှ မဟုတ်ပဲ။ ဒေသခံ ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်း သားလူထု တွေပဲ။

ကိုမျိုးမြင့်။ ။ ဟုတ်တယ်။ ဒါပေမယ့် သူတို့ သတ်မှတ်တာက အဲဒီလို။ ဒီလူထုတွေက သူပုန်အင်အားစုတွေ ကို လိုတဲ့ငွေကြေးတွေ ထောက်ပံ့မယ်။ စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းတွေ ပေးမယ်။ ဒီလူထုတွေဟာ ရန်သူ့ လူတွေ ဒီလူထုတွေ ကပဲ ရန်သူ့တပ်ထဲမှာ ဝင် အမှုထမ်းကြတယ်ပေါ့။ စသည်ဖြင့် သတ်မှတ်ထားတာ။

ဦးရော်နီညိမ်း။ ။ ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံ အရှေ့မြောက်ခြမ်းက ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ တပ်တွေနဲ့ ဖြစ်ပွားခဲ့တဲ့ စီစီဝမ်-တာပန် တိုက်ပွဲမှာ၊ လက်နက်ကြီးနဲ့ မြေမြှုပ်မိုင်းတွေ ပေါက်ကွဲခဲ့တဲ့ ကြားမှာ၊ ကိုမျိုးမြင့် ဟာ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့ရပါတယ်။

ကိုမျိုးမြင့်။ ။ ကျနော်က မိုင်းရှာတဲ့ စက်ကလေးနဲ့၊ လက်နက်ကြီး တပစ်စာ လက်နက်ကြီး တချစာ၊ နေရာ၊ ကျနော် ရှင်းပေးတယ်။ ရှင်းပြီးသွားတာကို သတင်းပို့ပြီးတော့၊ ခဏလေးနားနေတဲ့ အချိန်မှာပဲ၊ ဗမာပြည်ကွန် မြူနစ်ပါတီတပ်ဘက်ကနေ ပစ်လိုက်တဲ့ မော်တာကျည်ဆံ တခုကနေပြီးတော့၊ ကျနော် ရှိနေတဲ့နေရာနဲ့ လေး ငါးကိုက်အကွာ၊ ညာဘက်ထဲမှာ ဒိုင်း ဆို လာပြီးကျတယ်။ မော်တာကျည်ဆံလည်း ကွဲတယ်။ မိုင်းကွင်းထဲမှာ ရှိတဲ့ မိုင်းတွေလည်း ကွဲတယ်။ ကွဲပြီးတော့ မော်တာကျည်ဆံ အစတွေကော မိုင်းအစတွေကော၊ ကျနော့်ကို ထိပြီးတော့၊ အခု မြင်တဲ့အတိုင်းပဲ၊ ညာခြေက ဒူးဆစ်အောက်က၊ ညာလက်က တံတောင်ဆစ်အောက်က၊ ဘယ်ဘယ်လက်ချောင်းတွေ အားလုံးနဲ့၊ ဘယ်ဘက်မျက်လုံးတွေ ဆုံးရှုံးသွားတယ်။

ဦးရော်နီညိမ်း။ ။ ကိုမျိုးမြင့်က အဲဒီလို ရှေ့တန်းမှာ တိုက်ပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာတွေက ပြင်းထန်လို့၊ ကိုယ် လက်အင်္ဂါတွေ အခုလို ဖြတ်တောက်ပစ်လိုက်ရတဲ့ နောက်ပိုင်းမှာ၊ တပ်မတော်အနေနဲ့ ဒီအပေါ်မှာ ဘယ်လို မူဝါဒ ရှိသလဲ။ “တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် မသင့်” ဆိုပြီး အငြိမ်းစား ပေးတာတော့ မှန်တယ်၊ ဘယ်လိုအနေအထားမျိုးနဲ့ ဘယ်လိုခံစားခွင့်တွေ၊ ကိုမျိုးမြင့်အပေါ် ချမှတ်ပေးတာ ရှိသလဲ။ လုပ်ထုံးလုပ်နည်း အတိုင်းပေါ့။ ဒါမှမဟုတ် ဘယ်လိုများ အထူးကိစ္စတွေ ရှိခဲ့သလဲဆိုတာ၊ နည်းနည်း ရှင်းပြပေးပါ။

ကိုမျိုးမြင့်။ ။ ကျနော် ၁၉၈၇မှာ တပ်က ထွက်တော့၊ ကျနော့်ကို ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားမှုအတွက်၊ လျော်ကြေး ဆိုပြီးတော့၊ အဲဒီတုန်းက (ရွှေတကျပ်သား ကျပ်သုံးထောင်ခေတ်) မြန်မာငွေနဲ့ ငွေခြောက်ထောင် တလုံးတခဲထဲ ပေးတယ်။ ဒါလျော်ကြေးအနေနဲ့ ပေးတာ။ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးသွားမှုအတွက်၊ အားလုံး အတွက်ကို။ ပြီးတော့ ကျနော် တပ်ကထွက်တဲ့အချိန်မှာ၊ တသက်တာ ပင်စင်ပေါ့။ သေသည်အထိ ပင်စင်ဆိုပြီး ပေးတယ်။ အဲဒီပင်စင်က တလကို (၁၁၁) ကျပ် ရတယ်။ ပြီးတော့ ကျနော့်အတွက် helper(အကူ)ပေါ့။ ကျနော် က ကိုယ့်ဟာကိုယ် ဘာမှ မလုပ်နိုင်တော့ဘူး။ ကျနော် မသေမချင်း helper အတွက်ကို၊ အကူလစာပေးတယ်။ အဲဒီ အကူလစာရယ် ကျနော့် ဆေးပင် စင်ရယ်၊ နှစ်ခုပေါင်းရင်၊ တလကို ကျနော် (၂၈၀)ကျပ်လောက်ရတယ်။

ဦးရော်နီညိမ်း။ ။ ကိုမျိုးမြင့်ဟာ ၁၉၈၈ ဒီမိုကရေစီအရေး လူထုအုံကြွမှုအရေးတော်ပုံကြီးမှာ ဆန္ဒပြပြည်သူ တွေနဲ့ အတူ လက်တွဲ ပါဝင်ရင်း၊နောက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အဖွဲ့ဝင် ဖြစ်လာခဲ့သလို၊ အကျဉ်းထောင်ထဲမှာ၊ (၁၅) နှစ်လောက် အချုပ်အနှောင်ခံခဲ့ရတဲ့၊ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးလည်း ဖြစ်ပါတယ်။

ကိုမျိုးမြင့်။ ။ ကျနော်ဟာ စစ်သားတယောက်အဖြစ်နဲ့ကော၊ အင်မတန် ရက်စက်ကြမ်းကြုတ်မှုတွေကို တွေ့ ကြုံလာခဲ့ရတယ်။ ပြည်တွင်းစစ်ရဲ့ အနိဌာရုံတွေကို သိလာရတယ်။ တပ်က ထွက်တဲ့ အချိန်မှာကော၊ မထွက် သေးခင် အချိန်ကလေးမှာကော၊ ငါ တတ်နိုင်သမျှ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေး လုပ်မယ်လို့၊ ကျနော် ဆုံးဖြတ်လိုက်တယ်။ ၁၉၈၈ မှာ ဒီမိုကရေစီတောင်းဆိုမှု အရေးတော်ပုံကြီး ဖြစ်လာတယ်။ ကျနော် ပါ ဝင်လာတယ်။ နောက်ပိုင်းမှာ NLD member ဖြစ်လာခဲ့တယ်။ NLD ရဲ့ “မတရားတဲ့ အမိန့်အာဏာဟူသမျှ တာဝန်အရ ဖီဆန်ကြ” ဆိုတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ကျနော် ပါသွားတယ်။ ပထမအကြိမ် ကျနော် အဖမ်းခံရတယ်။ ထောင်ထဲမှာ (၁)လ ကြာတယ်။ ပြီးတော့ ပြန်လွတ်လာတယ်၊ ဒုတိယအကြိမ် ပြန်အဖမ်းခံရ တယ်။ ထောင် (၁၀)နှစ် ချခံခဲ့ရတယ်။ ထောင်ထဲမှာ (၈)နှစ် နီးပါး ကြာခဲ့တယ်။ ပြီးတော့ ပြန်လွတ်လာတယ်။ အပြင်မှာ (၂၉)ရက်ပဲ နေရတယ်။ တတိယအကြိမ် အဖမ်းခံရတယ်။ (၇)နှစ် ကျတယ်။ ထောင်ထဲမှာ (၇)နှစ်နဲ့ (၄) လ နေခဲ့ရတယ်။ စုစုပေါင်း ကျနော် ထောင်ထဲမှာ (၁၅)နှစ်ပြည့်ဖို့ ရက်ပိုင်း အလိုလောက် နေခဲ့ရတယ်။ ကျနော် နိုင်ငံရေးထဲ ပါလာပြီးတော့ NLD ကို ဝင်လိုက်ပြီးတဲ့နောက်၊ ထောင်လည်း ကျသွားရော၊ ကျနော့်ကို ပေးထားတဲ့ ဆေးပင်စင်တွေ အကုန်လုံးကို ဖြတ်ပစ်လိုက်တာ၊ အခု အချိန်အထိပဲ။ မရတော့ဘူး။ သူတို့ ကျနော့်ကို တသက်တာ အခမဲ့ဆေးကုခွင့်၊ ပင်စင်၊ အကုန်ပေးခဲ့တာ မှန်ပေမယ့်၊ သူတို့နဲ့ ကျနော် ဆန့်ကျင် ဘက် side မှာ ရပ်လိုက်မိတဲ့ အခါကျတော့၊ သူတို့ ကျနော့်ကို ပေးထားတဲ့ ခံစားခွင့်တွေ အကန် ရုပ်သိမ်းပစ် လိုက်တယ်။

ဦးရော်နီညိမ်း။ ။ လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု အင်းဒီးယားနားပြည်နယ် (Indiana State) ဖို့(တ်)ဝိန်း (Fort Wayne) မြို့မှာ၊ ‘ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်’ (Refugee Resettlement Program) နဲ့၊ ကိုမျိုုးမြင့် နေထိုင်နေပါတယ်။ သူ့အကြောင်းကို ဒါရိုက်တာ Nic Dunlop က၊ Burma Soldier အမည်နဲ့ မှတ်တမ်း ရုပ်ရှင်(documentary film) ရိုက်ကူးခဲ့ပါတယ်။ စစ်တပ်အတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ သူ့ဘ၀ အတွေ့အကြုံတွေကို မှတ်တမ်းတင်ထားတဲ့ ရုပ်ရှပ်ပါ။

(မှတ်ချက်။ ။ နောက်ခံစကားပြောသူက မူရင်းအင်္ဂလိပ်ဘာသာနှင့် ပြောထားသောနေရာတွင် မြန်မာလိုစကား ပြောနှင့် အစားထိုးထားပြီး၊ ကိုမျိုးမြင့် ကိုယ်တိုင်က မြန်မာလို ပြောဆို ပါဝင်ရိုက်ကူးထားသည့် မိနစ် (၇၀) ကြာ Burma Soldier မှတ်တမ်းရုပ်ရှင် အစအဆုံးကို၊ http://vimeo.com/21435257 တွင်၊ download လုပ်ပြီး ကြည့်ရှုနိုင်ပါသည်။

Burma Soldier ကို New York မြို့ Break Thru Films Production မှ ရိုက်ကူးပြီး၊ ဒါရိုက်တာများမှာ Nic Dunlop, Annie Sundberg, Rick Stern နှင့် A LeBrocquy တို့ ဖြစ်ကြပါသည်။ ထုတ်လုပ်သူက Julie LeBrocquy ဖြစ်ပါသည်။

ဤ http://vimeo.com/21435257 တွင်၊ JOIN THE CLANDESTINE RELEASE INTO BURMA - THE PRODUCERS OF BURMA SOLDIER OFFER YOU THE FILM IN BURMESE HERE FREE TO STREAM AND DOWNLOAD - PLEASE PASS TO ALL BURMESE IN AND OUTSIDE OF BURMA ဟု ဖေါ်ပြထားပါသည်။ “ဤမှတ်တမ်းရုပ်ရှင်ကို မြန်မာနိုင်ငံတွင်းသို့ လျှို့ဝှက်စွာတင်သွင်းနေသော လှုပ်ရှားမှုတွင်၊ သင်လည်း ပူးပေါင်းပါဝင်ပါ။ Burma Soldier ထုတ် လုပ်သူများက မြန်မာဘာသာနှင့် ဤမှတ် တမ်းရုပ်ရှင်ကို၊ အခမဲ့ download လုပ်ခွင့်ပြုပြီး၊ ဆက်ပြီး ဖြန့်ပေးကြဖို့၊ မေတ္တာရပ်ခံလိုက်ပါသည်။ မြန်မာ ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသား အားလုံးဆီ၊ ဖြန့်ချိပေးကြပါ” ဟု အဓိပ္ပါယ် ရပါသည်။)

Download လုပ်ပြီးမှ ကြည့်ရန် အချိန်မပေးနိုင်သူများ၊ ကြည့်ရုံသာကြည့်ခွင့်ပြုသည့် youtube တွင် အစအဆုံး ကြည့်ရှုနိုင်ပါသည်။

http://www.youtube.com/watch?v=82kmEtwEsZk

ကိုမျိုးမြင့်။ ။ ကျနော် ဒီ အမေရိကန်ပြည်ထောင်စုကို ရောက်လာတယ်။ (၂၀၀၈ ဇွန်လ ၂၄ ရက်တွင်၊ ထိုင်း နိုင်ငံ တပ်(ခ်)ခရိုင် (Thak Province)၊ အုံးဖျံရွာအနီး “အုံးပြန့် ဒုက္ခသည်စခန်း” (Umpiem Mai Refugee Camp) မှ အမေရိကန်ပြည်ထောင်စု အင်းဒီးယားနားပြည်နယ် (Indiana State) ဖို့(တ်)ဝိန်း (Fort Wayne) မြို့သို့ ရောက်ရှိလာခဲ့သည်.) အမေရိကန်ပြည်ထောင်စုမှာ ကျနော် တပြားမှလည်း tax (အခွန်) မဆောင်ဖူး ဘူး။ အမေရိကန်ပြည်ထောင်စုအတွက်လည်း ကျနော် ဘာအလုပ်မှ လုပ်မပေးခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော် ရောက်တဲ့ လက စပြီးတော့၊ ကျနော့်ကို social supplemental income (လူမှုရေးအရ အထောက်အကူပြုဝင် ငွေ) ခေါ်တဲ့ ထောက်ပံ့ကြေးငွေ တလကို ဒေါ်လာ ၆၇၄ ဒေါ်လာ ပေးထားတယ်။ အဲဒီ ၆၇၄ ဒေါ်လာက ကျနော့်တယောက်ထဲ အတွက်ဆို လောက်တယ်။ ဆိုတော့၊ ကျနော် တချိန်တုန်းက ကိုယ်လက်အင်္ဂါတွေပါ အဆုံးရှုံးခံပြီးတော့၊ စွန့်လွှတ်ခဲ့ပြီးတော့ လုပ်ခဲ့ရတဲ့ တပ်မတော်က၊ တကယ့်တကယ်မှာ အတွေးအခေါ်အရ ကျနော်နဲ့ ဆန့်ကျင်ဘက်ဖြစ်လာတဲ့အချိန်မှာ၊ ကျနော့်ကို ရန်သူလို့ သတ်မှတ်လိုက်ပြီး အကုန် ဖြတ်တောက် လိုက်တယ်။ ကျနော် ဘာတခုမှ လုပ်မပေးခဲ့ဘူးတဲ့ အကျိုးမပြုပေးခဲ့ဘူးတဲ့၊ အမေရိကန်ပြည်ထောင်စုက အမေရိကန်ပြည်သူတွေက၊ ကျနော့်ကို တလကို ၆၇၄ ဒေါ်လာ ပေးထားတယ်။ ကျနော်က ဒါကို နှိုင်းယှဉ်ပြီး တော့ တွေးကြည့်တဲ့အခါမှာ၊ ကျနော့်ခေါင်းထဲမှာ တွေးစရာတွေ အများကြီး ဖြစ်လာတယ်။ တခြားတပ်မတော် သားတွေကို ကျနော် ပြောပြချင်တာက၊ စစ်သားတယောက် အနေနဲ့ကတော့ အထက်ကပေးတဲ့အမိန့်ကို နာခံ ရမှာပဲ။ ဒါပေမယ့် စစ်သားဆိုပေမယ့်၊ စစ်သားကလည်း လူသားပဲ။ လူသားတယောက်အနေနဲ့ လူသားရဲ့ နှလုံးသား၊ လူသားရဲ့သိမ်မွေ့တဲ့စိတ်ကတော့ လူသားတိုင်းမှာ ရှိတာပဲ။ အဲဒီတော့၊ အထက်ကနေ ပြီးတော့ “မင်း စစ်သား၊ အမိန့်နာခံရမယ်၊ ဒါ လုပ်ဆိုတိုင်း လုပ်ရမယ်” ဆိုတဲ့ဟာမျိုးကတော့၊ မသင့်တော်ဘူးလို့ ကျနော် ထင်တယ်။ ခိုင်းလိုက်တဲ့ အမိန့်ဟာ မသင့်တော်ဘူး၊ မလုပ်သင့်ဘူးလို့ ထင်ရင်၊ အာဏာဖီဆန်ခွင့် ရှိတယ်။ အဲဒီ အာဏာဖီဆန်ခွင့်အတွက် ရမယ့် အကျိုးရလဒ်ကတော့ ထောင်ထဲတော့ ရောက်မှာပဲ။ စစ်စည်း ကမ်းအရတော့ အရေးယူခံရမှာပဲ။ ဒါပေမယ့်၊ ကိုယ်ဟာ ပြည်သူလူထုအပေါ်မှာ မတရားသဖြင့် မလုပ်ခဲ့တဲ့ စစ်သားတယောက်၊ ပြည်သူလူထုအကျိုးစီးပွားဘက်က ရပ်ပြီးတော့၊ စစ်တပ်ကနေ ပေးလာခဲ့တဲ့ အမိန့်ဟာ၊ မတရားဘူးထင်ရင် အာခံခဲ့တဲ့ စစ်သားတယောက်အဖြစ်နဲ့၊ အခုအချိန်မှာ တိုင်းပြည်အတွက် လူထုအတွက် ဝင်ရပ်ပေးလိုက်တာဟာ၊ တချိန်ကျရင် တိုင်းပြည်မှာ တပ်မတော်သားကောင်း တယောက်အနေနဲ့၊ တချိန်တုန်း က လူထုဘက်က ရပ်တည်ခဲ့တဲ့ တပ်မတော်သားတယောက်အနေနဲ့၊ သူဟာ လူထုရဲ့မိတ်ဆွေ လူထုရဲ့ချစ်သူ အဖြစ်နဲ့တော့ သူ့သမိုင်းမှာ တင်ကျန်ခဲ့မှာပဲ။

ဦးရော်နီညိမ်း။ ။ တပ်မတော်(ကြည်း) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတရင်းရဲ့ တပ်ခွဲတခွဲမှာ တာဝန် ထမ်းဆောင်ရင်း၊ ၁၉၈၄ စီစီဝမ်-တာပန် တိုက်ပွဲမှာ၊ ကိုယ်လက်အင်္ဂါတွေ ဆုံးရှုံးခဲ့သူ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် အဖြစ်နဲ့ ထောင်ဒဏ်(၁၅)နှစ် ကျခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့သူ၊ မြန်မာ့ တပ်မတော်ရဲ့ စစ်သည်ဟောင်း ကိုမျိုးမြင့်ကို တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

ဒုတိယကမ္ဘာစစ်မတိုင်ခင်၊
XS
SM
MD
LG