သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၆၉)

မြန်မာအစိုးရသစ်က မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိဘူးလို့၊ အရင်စစ်အစိုးရတွေအတိုင်း၊ ပြောဆိုနေ ပါတယ်။ တခါ ပြီးခဲ့တဲ့ ဇူလိုင် (၁၃)ရက်နေ့က၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့် ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့နဲ့ ကရင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး (Karen Human Rights Group) KHRG အဖွဲ့တို့ပူပေါင်းပြီး၊ အကျဉ်းသားတွေကို စစ်ပေါ်တာအဖြစ် မြန်မာစစ်တပ်က အသုံးပြုနေတာတွေကိုကန့်ကွက်တဲ့ Dead Man Walking အမည်ရှိ အစီရင်ခံစာတစောင်ကိုလည်း၊ ထုတ်ပြန် ခဲ့ပါတယ်။ ဒီအခြေအနေတွေပေါ်မှာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မီတီဝင် နှစ်ရှည်နိုင်ငံရေးအကျဉ်း သားဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ဦးရော်နီညိမ်းက မေးမြန်းဆွေးနွေးပြီး ဒီသီတင်းပတ်ရဲ့ “တပ်မှူး တပ်သား ပြောစကား” ကဏ္ဍကို တင် ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍမှာ၊ စီစဉ်တင်ဆက်ထားတဲ့ အကြောင်း အရာရဲ့ နောက်ခံအဖြစ်၊ ၂၀၁၁ ဇူလိုင်လ (၆) ရက်နေ့ ညနေ (၆) နာရီ၊ ဗီအိုအေ မြန်မာပိုင်းက ထုတ်လွှင့်ခဲ့တဲ့၊ မသင်းသီရိဆက်သွယ်မေးမြန်းထားတဲ့ သတင်းတပုဒ်ထဲကနေ၊ အရင်ဆုံး ကောက်နှုတ်တင်ပြ ပေးချင်ပါတယ်။ ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမတိုင်ခင်၊ ဖမ်းဆီးခံရပြီးတော့၊ ခန္တီးထောင်မှာ အကျဉ်းကျ နေသူ၊ ကုန်ဈေးနှုန်းကျဆင်းရေး တောင်းဆိုဆန္ဒပြမှုခေါင်းဆောင် ကိုထင်ကျော်၊ သူ့ရဲ့ လိပ်ခေါင်းရောဂါကို ကုသဖို့ ခန္တီးထောင်ကနေ ခန္တီးဆေးရုံကိုရောက်ရှိစဉ်မှာ၊ အနိုင်ကျင့်ခံရမှုကြုံတွေ့ရပုံကို ဇနီးဖြစ်သူ မသန်းသန်း မော်က အခုလို ပြောပြခဲ့တာပါ။

မသန်းသန်းမော် ။ ။ “မနက်ပိုင်းရောက်တော့ သူ့ကို သံကြိုးချည်ဖို့ ပြောတော့၊ သူ တရားဝင်ဆေးလာကု တဲ့ လူနာတယောက်ပေါ့၊ သံကြိုးမချည်ပါနဲ့လို့ ရှင်းပြတော့ သံကြိုးမခတ်ဘူးပေါ့။ မခတ်ဘဲ ည(၁၀)နာရီ လောက်ကျတော့ မြို့နယ်မှူး ဦးမင်းကြိုင်၊ ဒု-ရဲမှူးပေါ့၊ သူနဲ့အဖွဲ့ (၆) ယောက်၊ ရိုးရိုးအဝတ်အစားတွေနဲ့ဝင်လာ ပြီးတော့၊ နိုင်ငံရေးအကျဉ်းသား ဘယ်သူလဲပေါ့၊ ဘယ်မှာလဲလို့ ပြောတော့၊ ဘာကြောင့် သံကြိုးမခတ်ရလဲ ဆို ပြီး၊ ကိုထင်ကျော်ကို လုံခြုံရေးစောင့်နေတဲ့ ဒု-ရဲအုပ်မျက်နှာကို၊ လေးငါးခြောက်ချက် ထိုးလိုက်တော့ နှုတ်ခမ်း တွေ ဘာတွေကွဲပြီး၊ သွေးတွေထွက်ရော။ နောက် သူ့ကို လုံခြုံရေးစောင့်နေတဲ့ဦးမြင့်လှိုင်ကို တခါ သံကြိုးချည် ဖို့ ပြောတော့၊ သံကြိုး ငုံ့ချည်နေတုန်းမှာ သံကြိုးချည်တာ အသုံးမကျဘူး ဆိုပြီးတော့၊ ခြေထောက်နဲ့ ဆောင့် ကန်လိုက်တယ်။ ကန်ပြီး သံကြိုးကိုလည်း ဆောင့်ဆွဲ၊ ကိုထင်ကျော့် ခြေထောက်ကိုလည်း ဆောင့်ဆွဲပြီး ဒီလို ခတ်ရတယ်ဆိုပြီး သံကြိုးကို ခပ်ကြမ်းကြမ်းခတ်ပြီး၊ သော့ကိုပါ သိမ်းသွားပြီး၊ ဘယ်သူမှ မဖြုတ်ပေးရဘူး ဆို ပြီး ဆဲဆိုတယ်။ အဲဒီလိုမျိုး သူ့အတွက်နဲ့ပတ်သက်ပြီး ရဲတွေလည်း အထိုးခံရ၊ သူ့ကိုလည်း ခပ်ကြမ်းကြမ်း ရိုင်းရိုင်းစိုင်းစိုင်း အလုပ်ခံရတော့ ကိုထင်ကျော်က ဆေးကုသမှု မယူတော့ဘူး ဆိုပြီးတော့ (၇) ရက်နေ့မှာ ခန္တီးထောင်ကို ပြန်သွားတာ။

ဦးရော်နီညိမ်း ။ ။ တခါ ပြီးခဲ့တဲ့ ဇွန်လ (၇) ရက်နေ့က၊ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain)က ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့ တွေ့ ဆုံစဉ်မှာ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် စိုးရိမ်ကြောင်းပြောဆိုတဲ့အခါ၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်း သား မရှိဘူးလို့၊ ဦးတင်အောင်မြင်ဦးက ပြန်လည်ပြောဆိုခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ မုံရွာအကျဉ်း ထောင်မှာ ထောင်ဒဏ်(၁၁)နှစ် ကျခံနေရသူ၊ (၈၈)မျိုးဆက်ကျောင်းသူ မနိုဘယ်လ်အေးက၊ ဦးတင်အောင်မြင် ဦးရဲ့ ပြောကြားချက်ကို ကန့်ကွက်တဲ့အတွက်၊ အခုအခါ မိသားစုက သူ့ကို လာပြီး ထောင်ဝင်စာတွေ့ခွင့် ပိတ် ထားခံရပါတယ်။ ၂၀၁၁ ဇူလိုင်လ (၁၃) ရက်နေ့ ည (၉)နာရီ၊ ဗီအိုအေမြန်မာပိုင်းက ထုတ်လွှင့်ခဲ့တဲ့၊ မသင်းသီ ရိကပဲ မနိုဘယ်လ်အေးရဲ့မိခင် ဒေါ်အေးမြင့်သန်းနဲ့ဆက်သွယ်မေးမြန်းထားတဲ့ သတင်းထဲကနေ၊ ကောက်နှုတ် တင်ပြပေးပါရစေ။

ဒေါ်အေးမြင့်သန်း ။ ။ နိုဘယ်လ်ကနေ သမ္မတဦးသိန်းစိန်ဆီကို အိတ်ဖွင့်ပေးစာပေါ့။ ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင်ဦးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးအ ကျဉ်းသား မရှိပါဘူးလို့ ပြောတာဟာ၊ သူတို့ဟာ လက်ရှိအခြေအနေ ပကတိအခြေအနေတွေကို မျက်ကွယ်ပြု ပြီး ဗြောင်လိမ်တာ ဖြစ်တယ်၊ အဲဒါကြောင့် နိုင်ငံရေးအကျဉ်းသား မြန်မာနိုင်ငံမှာ မရှိဘူးလို့ ပြောကြားချက် တွေကို၊ တလအတွင်းမှာ ပြန်လည်ရုပ်သိမ်းပေးပါ၊ အကယ်၍ တလအတွင်းမှာ ပြန်လည် မရုပ်သိမ်းဘူးဆိုရင်၊ သူ့အနေနဲ့ ဆက်လက်ပြီး ကန့်ကွက်သွားရမှာ ဖြစ်တယ်ဆိုတဲ့၊ သဘောထားပါတဲ့ စာ။ အဲဒီစာကို အန်တီ့ဆီ မိတ္တူပို့လိုက်တယ်။ စာအိတ်ပေါ်က လက်ရေးကလည်း၊ သူ့လက်ရေး နောက်မိတ္တူကလည်း သူ့လက်ရေး၊ နောက် စာအိတ်ပေါ်မှာ ထောင်တံဆိပ်တွေ ပါတယ်၊ ထောင်မှူးမ လက်မှတ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ မနိုဘယ်လ်အေးဟာ ကိုထင်ကျော်လိုပဲ၊ ၂၀၀၇ သံဃာ့လှုပ်ရှားမှု မတိုင်ခင်မှာ၊ အမျိုးသားညီလာခံကို ဆန့်ကျင်တဲ့ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး အခုအခါ ထောင်ဒဏ် (၁၁)နှစ် ကျခံနေရသူ ဖြစ်ပါ တယ်။ အခုတော့ ၁၉၈၉ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ (၆) နှစ် (၁) ကြိမ်နဲ့၊ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အထိ (၁၄) နှစ် (၁) ကြိမ်၊ စုစုပေါင်း ထောင်ဒဏ်နှစ် (၂၀) ကို လျှော့ရက်မရှိ ကျခံခဲ့ရတဲ့၊ နှစ်ရှည် နိုင်ငံရေး အကျဉ်းသားဟောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မီတီဝင်၊ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ဆက် သွယ်မေးမြန်းထားတာကို၊ ဆက်ပြီး တင်ပြပါရစေ။

ဦးရော်နီညိမ်း ။ ။ ဦးဝင်းထိန် ခင်ဗျား၊ အခု မြန်မာအစိုးရအသစ်ဆိုတာ ပေါ်ပေါက်လာပြီးတဲ့နောက် မှာ၊ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်တဲ့ isuue ဟာ၊ ပေါ်ထွက်လာပြန်တယ်။ ဦးဝင်းထိန်က မကြာသေးခင် က အမေရိကန်ပြည်ထောင်စု ကွန်ဂရက် (Congress) ရဲ့ အထက်လွှတ်တော် (Senate) က အရီဇိုးနား (Arizona) ပြည်နယ် ကိုယ်စားပြုအမတ် ဂျွန်မက်ကိန်း ရောက်လာတဲ့အချိန်မှာ၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စရပ်မျိုးစုံကို၊ ဦးဝင်းထိန် ဦးဆောင်ပြီးတော့ ဆွေးနွေးခဲ့တယ်လို့၊ ကျနော်တို့ သိရပါတယ်။ ဒီအကြောင်းကို ကျနော်တို့ကို နဲနဲရှင်းပြပေးပါ။

ဦးဝင်းထိန် ။ ။ အဲဒီကိစ္စကို မပြောခင်မှာ၊ အခု အငြင်းပွားနေတဲ့ နိုင်ငံရေးအကျဉ်းသား မရှိဘူး ဆိုတဲ့ ဟာနဲ့ ပတ်သက်ပြီး၊ ထိပ်ဆုံးကနေ မုသာဝါဒပြောနေတဲ့ ပုဂ္ဂိုလ်တွေကို ကျနော်ပြောချင်တာက၊ နိုင်ငံရေးအ ကျဉ်းသား မရှိဘူး ဥပဒေချိုး ဖေါက်နေသူတွေပဲ ရှိတယ် ပြောတယ်၊ ဒါပေမဲ့ အဲဒီလိုနည်းနဲ့ ထောင်ချခံရတဲ့သူ တွေကို၊ အကျဉ်းသားတိုင်း ရတဲ့ လျှော့ရက်မရတာ ဘယ်သူတွေလဲလို့၊ မေးလိုက်လို့ရှိရင်၊ ကျနော်တို့လို နိုင်ငံ ရေးနဲ့ ထောင်ကျတဲ့သူတွေကိုသာ လျှော့ရက်မပေးတာ၊ ကျန်တဲ့ သူခိုး၊ ဓါးပြ၊ ခါးပိုက်နှိုက်၊ ပြည့်တန်ဆာ အကုန်လုံးဟာ၊ အစိုးရသတ်မှတ်ထားတဲ့ Jail Manual (အကျဉ်းထောင်လက်စွဲဥပဒေ)အတိုင်း သတ်မှတ်ထား တဲ့၊ လျှော့ရက်ရတယ်။ အကုန်လုံးက အနည်းဆုံး တလကို (၄) ရက်ကို ရကြတယ်။ ကျနော်တို့လို နိုင်ငံရေးအ ကျဉ်းသား မဟုတ်ဘူးဆိုတဲ့သူတွေကို ကျတော့၊ လျှော့ရက် (၁) ရက်မှ မရပဲနဲ့၊ (၇) နှစ်ကျတဲ့ကောင်က (၇) နှစ် အပြည့်နေ၊ (၁၀)နှစ်ကျတဲ့ကောင်က (၁၀) နှစ် အပြည့်နေ၊ အဲဒီလို နေရတဲ့ဟာက ဘာသဘောလဲ ဆိုတာ၊ တချက် ပြောချင်တယ်။ မစ္စတာ ဂျွန်မက်ကိန်းနဲ့ ကျနော်တို့တွေ့ကြတာ၊ ကျနော် တယောက်ထဲတင် မကဘူး လေ၊ NLD က စစ်ကိုင်းတိုင်း ဥက္ကဋ္ဌ (အငြိမ်းစား) (ဒု)ဗိုလ်မှူးကြီးကျော်ဆန်း (၁၉၉၀ရွေးကောက်ပွဲ၊ တန့်ဆည် မြို့နယ် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) ပါတယ်။ နောက်ပြီးတော့ ဂီတပညာရှင် ကိုဇေယျာ သော် ပါတယ်။ နော်အုန်းလှ (နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး အင်္ဂ ါ နေ့တိုင်း ဝတ်ပြုဆုတောင်း အဖွဲ့) ပါတယ်။ လေတပ် ဗိုလ်ကြီးဟောင်း ဦးဇော်ညွန့် ပါတယ်။ NLD လူငယ် ကိုသိန်းစိန် ပါတယ်။ အားလုံး ကတော့ ကိုယ့်ကဏ္ဍတွေ ကိုယ်ပြောကြတာပေါ့။ ကျနော်ကလည်း အားလုံးပေါင်း စုစုပေါင်းရင် နှစ်(၂၀)ကျော် ထောငကျတဲ့ ကိစ္စနဲ့ ပတ်သက်လို့၊ ဂျွန်မက်ကိန်းက တော်တော် အံ့အားလည်း သင့်သွားတယ်။ စိတ်မကောင်း လည်း ဖြစ်သွားတယ်။ ခုန ကိုရော်နီညိမ်းပြောတဲ့ ကိစ္စတွေကို ပြန်ပြီးပြောရမယ် ဆိုရင်တော့၊ ၁၉၉၉ ခုနှစ် အောက်တိုဘာလ ကနေ၊ စပြီးတော့မှ၊ ICRC (International Committee of the Red Cross - နိုင်ငံတကာ ကြက်ခြေနီ ကော်မီတီ) က ထောင်တွေထဲဝင်ခွင့်ရတဲ့ အချိန်ကစပြီးတော့၊ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အခြေ အနေတွေရော၊ တခြား ရာဇဝတ်အကျဉ်းသားတွေရဲ့ အခြေအနေတွေရော၊ ထောင်တွေမှာ တဖြည်းဖြည်းနဲ့ စားဝတ်နေရေး အခြေအနေတွေ ပိုမိုကောင်းမွန်လာတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမို ကောင်းမွန် လာတယ်။ ထောင်ထဲမှာရှိတဲ့ မတရားမှုတွေ ပိုပြီးတော့ ပြေလျော့လာတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့၊ ထောင် ဝန်ထမ်းတွေ အများစုက မကြိုက်ကြဘူး။ ဘာကြောင့် မကြိုက်ကြလဲဆိုရင်၊ အစဉ်အဆက်အကျဉ်းသားမှန် သမျှကို၊ ဖိနှိပ်ပြီးတော့မှ အမြတ်ထုတ်တဲ့ ဝန်ထမ်းက အများစုကိုး။ အခုလည်း မပြောင်းလဲပါဘူး။ အဲဒီပုဂ္ဂိုလ် တွေက၊ ICRC ကြောင့် ကျနော်တို့ကို အခွင့်အရေးတွေ ပိုပြီး ပေးရတာကို၊ မကြည်ဖြူဘူး။ နောက်ပြီးတော့ သူတို့ မဟုတ်မတရားလုပ်ထားတာတွေကို ဖေါ်ထုတ်တဲ့အတွက်ကြောင့်၊ (ထောင်ဝန်ထမ်းများထဲမှ) ခံရတဲ့လူ တွေ များတယ်။ ၁၉၉၉ ခုနှစ်မှာ ICRC ဝင်ပြီးတော့၊ ၂၀၀၅ မှာ၊ ICRC အကျဉ်းထောင်တွေကို မဝင်ရတော့ ဘူး။ အဲဒီ မဝင်ရတဲ့နောက်ပိုင်းက စလို့၊ တစတစပိုဆိုးလာတဲ့အခါမှာ၊ နောက်ဆုံး ထောင်ပိုင်တွေ၊ အရင်တုန်း ကတော့ ထောက်လှမ်းရေး၊ အခုတော့ SB (Special Branch ရဲ အထူးသတင်းတပ်ဖွဲ့)၊ အဲဒီပုဂ္ဂိုလ်တွေက အ ကျဉ်းသားတွေကို သူတို့လိုရင် လိုသလိုတမျိုး၊ မလိုရင် မလိုသလိုတမျိုး၊ ဆက်ဆံတယ်။ ခန္တီးမှာ ကိုထင်ကျော် ကို ရဲမှူးက မတရား ဆက်ဆံတဲ့အခါ၊ ကိုထင်ကျော်ရဲ့ တုန့်ပြန်မှု မှန်တယ်လို့၊ ကျနော် ထင်တယ်။ ကျနော် ထောက်ခံတယ်။ ဘာကြောင့်လဲဆိုရင်၊ ဒါက တရားလက်လွတ် လုပ်တာကိုး။ တရားစောင့်ရမဲ့လူက တရား လက်လွတ်လုပ်တာကို၊ ကိုထင်ကျော်က တုန့်ပြန်တာ သဘာဝလည်းကျတယ်။ ဘာ့ကြောင့် သဘာဝကျလဲ ဆို ရင်၊ အဲဒါမျိုးလုပ်တာကို ခံနေမယ်ဆိုရင်၊ ဒီ့ထက်ဒီ့ထက် ပိုပိုဆိုးလာမှာ။ ဒါက ဆက်ဆံရေးပေါ့။ တခါ အကျဉ်း သားတွေအပေါ်မှာ ငွေရေးကြေးရေးအရ အမြတ်ထုတ်တာတွေက အများကြီးပဲ၊ အများကြီးပဲ။ ပြောလို့ဆုံးမှာ မဟုတ်ဘူး။ ကျနော်က မြင်းခြံထောင်၊ မိတ္ထီလာထောင်၊ အင်းစိန်ထောင်၊ မန္တလေးထောင်၊ ကသာထောင်တွေ မှာ၊ နေလာခဲ့တဲ့အခါကျတော့၊ ထောင်ဝန်ထမ်းတွေ ထောင်မှူး ထောင်ပိုင်တွေရဲ့ အနေအထားတွေ၊ ကျနော် ကောင်းကောင်းနားလည်တယ်။ မြင်းခြံထောင်မှာ ကြုံခဲ့ရတဲ့ ထောင်ပိုင်ဦးသောင်းညွန့်ဆိုရင်၊ ကျနော်တို့ နိုင်ငံ ရေးအကျဉ်းသားတွေကို၊ အရင်က ပေးထားတဲ့အခွင့်အရေးတွေကို တစတစ ဖိနှိပ်တဲ့အခါကျတော့၊ ကျနော်က ရိုးရိုးသာမန် ပါးစပ်နဲ့တင်ပြတာကို၊ သူ မခံနိုင်တော့ပဲနဲ့၊ ကျနော့်ကျတော့ ထောင်ပြောင်းပစ်လိုက်တယ်။ အဲဒီ လိုပဲ မန္တလေးထောင်မှာလည်း ခြစားမှုဟာ၊ အကြီးအကျယ်ဖြစ်တဲ့ ကိစ္စ။ အားလုံးလည်း ဝိုင်းတိုင်ကြမှာပေါ့ လေ။ ကျနော်ကိုယ်တိုင်ကလည်း အဲဒီမှာရှိတဲ့ SB၊ နံမည်တောင် မေ့သွားပါပြီ၊ အဲဒီ SB ပုဂ္ဂိုလ်ကို ခေါ်ပြော လိုက်တယ်။ ဘယ်လိူလူတွေကို ဘယ်သူတွေက ပိုက်ဆံညှစ်နေတယ်။ ထောင်ထဲမှာ ရောက်နေတဲ့ ဒုက္ခသည် တွေကို၊ ပိုက်ဆံညှစ်ပြီး အမြတ်ထုတ်နေတယ် ဆိုတာကို၊ ပြောလည်းပြောလိုက်ရော၊ နောက်တပတ်လောက် ကြာတော့၊ ကျနော့်ကို ကသာထောင်ကို ပြောင်းပစ်လိုက်တာပဲ။ ဒါ သူတို့ရဲ့ နည်းဗျူဟာ တခုပေ့ါ့။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ ဒီကိစ္စတွေကို၊ မစ္စတာ ဂျွန်မက်ကိန်းနဲ့တွေ့ပြီး တင်ပြတဲ့အခါမှာ၊ သူက အကြံဉာဏ်ပေးတာ ရှိပါသလား။ ဘယ်လို ဆက်ပြီးတော့လုပ်ရင် ကောင်းမလဲ။ ဥပမာအားဖြင့်၊ သူပြန်သွားပြီး တဲ့နောက်ပိုင်းမှာမှ၊ ထောင်တွေကို ICRC ပြန်ပြီး ဝင်ခွင့်ရလာခဲ့တယ်။ ဒါလည်း အကျဉ်းသားတွေနဲ့ တွေ့ခွင့် တော့ မရသေးဘူး။ ထောင်ထဲမှာရှိတဲ့ facilities (လုပ်ငန်းများ ပုံမှန်လည်ပတ်နေသည့် ဌာနများ) တွေကိုပဲ၊ လိုက်လံစစ်ဆေးတာပဲ ရှိသေးတယ်။ အဲဒီအခါကျ မစ္စတာ ဂျွန်မက်ကိန်းနဲ့၊ ဘယ်လို ရှေ့ဆက်လုပ်မလဲဆိုတာ ဆွေးနွေးခဲ့တဲ့ အပိုင်းလေးကိုလည်း၊ ပြန်ရှင်း ပြပေးပါဦး။

ဦးဝင်းထိန် ။ ။ မစ္စတာ ဂျွန်မက်ကိန်းကို၊ ကျနော်တို့တွေက ဝိုင်းပြီးတော့မှ ထောင်တွေမှာကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ ညှင်းဆဲတာတွေ ပိုက်ဆံညှစ်တာတွေကို ပြောတဲ့အခါမှာ၊ အနှစ်ချုပ်က ICRCက အကျဉ်း ထောင်တွေကို ဝင်ခွင့်မရတဲ့အချိန်က စလို့၊ အကစ (အကျဉ်းဦးစီးဌာန) ဝန်ထမ်းတွေကို၊ တစတစ ဖိနှိပ်မှုတွေ ပိုပိုများလာတဲ့အတွက်ကြောင့်၊ ICRC ထောင်တွေကို ဝင်ခွင့်၊ သက်ဆိုင်ရာအစိုးရကို တိုက်တွန်းပါလို့၊ ကျနော် တို့က တင်ပြတဲ့အခါမှာ၊ ဂျွန်မက်ကိန်းက သူ့ရဲ့သတင်းထုတ်ပြန်ချက်မှာလည်း၊ အစိုးရကို ICRC က အကျဉ်း ထောင်တွေကို ဝင်ခွင့်ပြုဖို့တိုက်တွန်းတယ်လို့၊ ကျနော် ဖတ်လိုက်ရတယ်။ အခု အစိုးရက ICRC ကို၊ ထောင် တွေကို ဝင်ခွင့်ပေးတာက၊ အပေါ်ယံကြောပါ။ အနှစ်သာရ မရှိပါဘူး။ ဂျွန်မက်ကိန်းပြောလို့၊ လုပ်ပြပေးတဲ့ သဘောပါ။ ဒါပေမဲ့ အကျဉ်းသားတွေ ခံနေရတဲ့ကိစ္စကို၊ သေသေချာချာသိမှသာလျှင် နိုင်ငံရေးအကျဉ်းသား တွေရော ရာဇဝတ်အကျဉ်းသားတွေရော၊ အနေအထား ပိုပြီး ကောင်းလာမှာပါ။ အထူးသဖြင့်၊ အကျဉ်းစခန်း တွေမှာ ရက်ရက်စက်စက် ခိုင်းနေတာတွေ၊ အထူးသဖြင့်၊ စစ်ပေါ်တာ ရက်ရက်စက်စက် ခိုင်းနေတာတွေဟာ၊ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အချင်းချင်းမှာတောင်၊ မကြားဝံ့မနာသာတွေ။ အခု အကစ ညွှန်ချုပ် (အငြိမ်းစား ဗိုလ်မှူးကြီး ဦးဇော်ဝင်း DSA 15) တို့ ဘာတို့က၊ အကြီးအကျယ်တွေ ရှောက်ပြောနေတာပေါ့။ အလုပ်တွေ လည်း လုပ်ပြနေတယ်။ ဥပမာ၊ စာအုပ်ထုတ်တာတို့၊ (သီတဂူဆရာတော်) ဦးဉာဏိဿရ ကို၊ ထောင်ထဲကြွပြီး တရားဟောခွင့် ပြုတာတို့၊ ဒါတွေက ကောင်းပါတယ်။ ဒါတွေ ကောင်းပေမဲ့၊ ထောင်ထဲရောက်နေတဲ့ ဒုက္ခသည် တွေရဲ့ စားဝတ်နေရေး နေထိုင်မှုတွေကို၊ ဗုဒ္ဓဘာသာပြီပြီ ဗြဟ္မစိုရ်တရားနဲ့ဆက်ဆံဖို့ကတော့၊ အဝေးကြီးလိုပါ သေးတယ်။

ဦးရော်နီညိမ်း ။ ။ အကျဉ်းသားတွေကို ရှေ့တန်းတွေမှာ စစ်ပေါ်တာအဖြစ် အသုံးပြုနေတာနဲ့ ပတ် သက်ပြီးတော့၊ ဇူလိုင်လ (၁၃) ရက်နေ့ကပဲ နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး (Human Rights Watch) အဖွဲ့နဲ့ ကရင်လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး (Karen Human Rights Group) KHRG အဖွဲ့တို့ပူပေါင်းပြီး၊ Dead Man Walking လို့ နံမည်ပေးထားတဲ့၊ အစီရင်ခံစာ တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့။ သူတို့က စစ်ပေါ်တာတွေ ရှေ့တန်းကို ရောက်ရှိလာ ပြီးတော့မှ၊ တွေ့တဲ့အတွေ့အကြုံတွေကို၊ ရေးတာ။ ဦးဝင်းထိန်တို့ကျတော့ အထဲကနေပြီးတော့မှ၊ စစ်ပေါ်တာ ကို ဘယ်လိုရွေးတယ်၊ ဘယ်လိုမက်လုံးပေးတယ် သို့မဟုတ် လိမ်ညာလှည့်ဖျားပြီးတော့ ခေါ်ထုတ်သွားတယ်၊ စသည်ဖြင့် ပေါ့။ ထောင်ထဲကနေ စစ် ပေါ်တာအဖြစ် လိုက်ပါသွားရတဲ့လူတွေ၊ သူတို့ရဲ့ဆန္ဒရှိလား မရှိဘူး လား ဒါမှမဟုတ် မလိုက်မနေရ အနေအထားမျိုးနဲ့ ခေါ်သလား၊ အဲဒီအခြေအနေမျိုးတွေကို ရှင်းပြပေးပါ ခင်ဗျ။

ဦးဝင်းထိန်။ ။ တချို့ထောင်တွေမှာတော့ စစ်ပေါ်တာအဖြစ်လိုက်ရင်၊ ဘယ်လိုအခွင့်အရေးမျိုးတွေ ခံ စားရမယ် ဆိုပြီး၊ မက်လုံးပေးပြီး ခေါ်တာရှိတယ်။ တချို့ထောင်တွေကျတော့၊ ဘာမှကို မပြောပဲနဲ့ နှစ်အတိုကျ တဲ့ (၂)နှစ် (၃)နှစ် သမား၊ လေးငါးနှစ်ကျတဲ့လူတွေ ဆိုရင်၊ လွတ်ဖို့ ရှစ်လ တနှစ်ပဲ ကျန်နေတဲ့လူတွေကို၊ ကောက်ခါငင်ခါ ခေါ်သွားပြီးတော့၊ သူတို့ကို ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ နယ်စပ်တွေမှာ လှုပ်ရှားနေတဲ့ စစ်စခန်းတွေဆီကို ပို့တယ်။ ရွှေကျင်၊ ကျောက်ကြီးဘက်က အကျဉ်းစခန်းတွေဆီကို ပို့တယ်။ ပို့တဲ့အခါမှာ၊ ထောင်ထဲမှာနေတုန်းက ပြန်ရောက်လာတဲ့ အကျဉ်းသားတွေဆီကရော၊ အခု ကျနော်အပြင်ရောက်မှ ကြားတာ တွေရောဟာ၊ ရှေ့တန်းကို စစ်ပေါ်တာပါသွားပြီ ဆိုတာနဲ့၊ တပ်မတော်သားတွေက စစ်ပေါ်တာတွေကို နိုင်ချင် တိုင်းနိုင်၊ အစားအသောက် ကောင်းကောင်းမကျွေးဘူး၊ အဝတ်အစား ကောင်းကောင်းမပေးဘူး၊ ဒီကြားထဲ တိုက်ပွဲဖြစ်ရင် သေကြသေးတယ်၊ ရက်ရက်စက်စက် ခိုင်းတာ၊ ငတ်ပြတ်နေအောင် ခိုင်းတာ။ စစ်ပေါ်တာတွေ ပါသွားရင် ၅၀%လောက်က စစ်ပွဲမှာ ထိခိုက်လို့ သေကုန်တာတွေ ရှိတယ်၊ နာဖျား မကျန်းမာလို့ သေတာတွေ ရှိတယ်၊ အစာငတ်ရေငတ်နဲ့ သေကုန်တာတွေ ရှိပါတယ်။ အဲဒီစစ်ပေါ်တာတွေကို စစ်ဆင်ရေးကာလ ခြောက် လ ရှစ်လ ပြီးလို့၊ ထောင်တွေကိုပြန်ပို့တဲ့အခါ၊ အဝတ်တထည်ကိုယ်တခုနဲ့ ပြန်ရောက်လာကြပြီးတော့၊ ထောင် ထမင်းကိုတောင် နတ်သုဒ္ဓါလိုစားလိုက်ကြသလိုဖြစ်ကြရတယ်။ ဘာ့ကြောင့်လဲဆိုတော့၊ ရှေ့တန်းမှာ တိရစ္ဆာန် သဘောမျိုးနဲ့ နေခဲ့ကြရလို့ပဲ။

ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၂)ကို တော့၊ နောက်သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ ညနေခင်းတေါမှာ၊ ဆက်ပြီး ထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG