တပ်မှူးတပ်သား ပြောစကား (၀၇၀)
ပြီးခဲ့တဲ့ ဇူလိုင် (၁၃) ရက်နေ့က၊ အမေရိကန်ပြည်ထောင်စုအခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေး (Human Rights Watch) (HRW) အဖွဲ့နဲ့ ကရင်လူ့အခွင့် အရေးစောင့်ကြည့်လေ့လာရေး Karen Human Rights Group (KHRG) အဖွဲ့တို့ ပူပေါင်းပြီး၊ အကျဉ်းသားတွေကို စစ်ပေါ်တာအဖြစ် မြန်မာစစ်တပ်က အသုံး ပြုနေတာတွေကို ကန့်ကွက်တဲ့ Dead Man Walking အမည်ရှိ အစီရင်ခံစာတစောင်ကိုလည်း၊ ထုတ်ပြန်ခဲ့ပါ တယ်။ နမ့်ဆမ်လေတပ်စခန်းဌာနချုပ်ကိုတည်ဆောက်စဉ်က အကျဉ်းထောင်တွေကနေ နမ့်ဆမ်ကျောက်ထုတ် လုပ်ရေးအကျဉ်းစခန်းကို ရောက်ရှိခဲ့ကြတဲ့၊ အကျဉ်းသားစစ်ပေါ်တာတွေရဲ့ အခြေအနေတွေကို ကိုယ်တိုင်ကြုံ တွေ့ခဲ့သူ မြန်မာ့တပ်မတော်က စစ်သည်ဟောင်း ဦးထွန်းလင်းနဲ့ ဦးရော်နီညိမ်းက ဆွေးနွေးမေးမြန်းပြီး၊ ဒီသီ တင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” ကဏ္ဍကို တင်ဆက်ထားပါတယ်
ဦးရော်နီညိမ်း ။ ။ ၁၉၈၃ ခုနှစ်၊ ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်ကို မြောက်ကိုးရီးယားသူလျှိုတွေ ဗုံးခွဲ တိုက်ခိုက်ခဲ့စဉ်က၊ အဲဒီ ဗုံးခွဲတရားခံသူလျှိုတွေကို၊ လိုက်လံလက်ရဖမ်ဆီးခဲ့တာမှာ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ သန်လျင်မြို့ ခလရ(၉၀)က စစ်သည် ဦးထွန်းလင်းဟာ၊ ကိုယ်တိုင်ပါဝင်ခဲ့သူပါ။ နောက်ပိုင်းမှာ တပ်မတော်က ထွက်ခွာလာခဲ့ပြီး ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်ဆန်မြို့မှာ သူ့ရဲ့ ဆွေမျိုးသား ချင်းတွေရှိတဲ့ အရပ်ဒေသမှာ၊ ခြံလုပ်ငန်းယာလုပ်ငန်းတွေနဲ့ ဘဝသစ်ထူထောင်ဖို့ သူကြိုးပမ်းနေတဲ့အချိန်မှာပဲ၊ သူ့ရဲ့ ပတ်ဝန်းကျင်က တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေနဲ့ အကျဉ်းဦးစီးဌာနက တာဝန်ရှိသူ ပုဂ္ဂိုလ်တချို့တွေရဲ့ မတော်မတရားလုပ်မှုတွေ သူကိုယ်တိုင် မြင်တွေ့ကြားသိနေရတဲ့ အတွေ့အကြုံတွေထဲက တချို့ကို “တပ်မှူး တပ်သား ပြောစကား” ကဏ္ဍမှာ၊ ဦးထွန်းလင်းက ပြောပြခဲ့ပြီးပါပြီ။ ၁၉၉၀ ခုနှစ်တွေရဲ့ အစောပိုင်းနှစ်တွေက၊ “နမ့်ဆန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း” နဲ့ “အကျဉ်းဦးစီးဌာန ကျောက်ထုတ်လုပ်ရေးစခန်း” ဆိုင်း ဘုတ်နှစ်ခုအောက်မှာ၊ မြန်မာ့တပ်မတော်က အရာခံဗိုလ် တဦးကို ထောင်ပိုင်အဖြစ် ခန့်ပြီးတော့၊ ပြစ်မှုဆိုင်ရာ အကျဉ်းသားတွေနဲ့ “နမ့်ဆန် လေတပ်စခန်းဌာနချုပ်” ကို၊ တည်ဆောက်ခဲ့တာမှာ၊ အဲဒီအကျဉ်းစခန်းထဲ ဖြစ် ပျက်နေပုံတွေကို ဦးထွန်းလင်းက ထပ်ပြီး ပြောပြထားတာတွေနဲ့၊ ဗီအိုအေနဲ့ မေးမြန်းဆွေးနွေးထားမှုတွေကို၊ တင်ပြထားပါတယ် ခင်ဗျာ။
(မြောက်ကိုးရီးယားသူလျှိုများအား လိုက်လံဖမ်းဆီးမှု = ဗီအိုအေမှ ၂၀၁၀ နိုဝင်ဘာ(၂၆) နှင့် ဒီဇင်ဘာ (၃) တို့တွင် ထုတ်လွှင့်ခဲ့သည့် "တပ်မှူးတပ်သား ပြောစကား" - အမှတ်စဉ် (၀၃၆) နှင့် (၀၃၇) ၊ " မြန်မာ-မြောက် ကိုးရီးယား ဆက်ဆံရေး နှင့် အာဗာနည်ဗိမ္မာန် တိုက်ခိုက်ခံရမှု" - အပိုင်း (၁) နှင့် (၂) တို့တွင်၊ ဖတ်ရှုနားဆင် နိုင်ပါသည်။)
ရည်ညွှန်း
http://democracyformilitarymight.blogspot.com/2010/11/blog-post_8712.html
http://democracyformilitarymight.blogspot.com/2010/11/blog-post_8712.html)
(နမ့်ဆမ်လေတပ်စခန်းဌာနချုပ် တည်ဆောက်မှု ကျောက်ထုတ်လုပ်ရေးအကျဉ်းစခန်း = ဗီအိုအေမှ ၂၀၁၁ ဇွန် (၁၈) နှင့် ၂၀၁၁ ဇွန် (၁၈) တို့တွင် ထုတ်လွှင့်ခဲ့သည့် "တပ်မှူးတပ်သား ပြောစကား" - အမှတ်စဉ် (၀၆၅) နှင့် (၀၆၆) ၊ “စစ်ပေါ်တာအဖြစ် သေသည်ထိ နှိပ်စက်ညှင်းပန်းအသုံးချခံ ပြစ်မှုဆိုင်ရာအကျဉ်းသားများ" - အပိုင်း (၁) နှင့် (၂) တို့တွင်၊ ဖတ်ရှုနားဆင်နိုင်ပါသည်။
ရည်ညွှန်း
http://democracyformilitarymight.blogspot.com/2011/06/blog-post_21.html
http://democracyformilitarymight.blogspot.com/2011/06/blog-post_26.html)
ဦးထွန်းလင်း ။ ။ အဲဒီ အကျဉ်းစခန်းထဲမှာ ဆိုရင်၊ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ တကယ့်ကို ဆိုးပါတယ် ဆိုတဲ့ AIDS ရောဂါနဲ့ HIV ဗိုင်းရပ်(စ်)ပိုး ပြန့်ပွားနေတာဟာ၊ အဲဒီလိုမျိုး အကျဉ်းစခန်းတွေမှာ အများဆုံး ဖြစ်လိမ့်မယ် လို့၊ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့၊ အကျဉ်းသားတွေဆိုတော့ အဲဒီမှာ တကိုယ်ရေသန့်ရှင်းမှု မရတာ၊ နောက်တခါ အလုပ်ပင်ပန်းတဲ့ဒဏ်၊ အရိုက်အနှက်ခံရတဲ့ဒဏ်တွေနဲ့ နာမကျန်း ဖြစ်လာတဲ့အခါကျတော့ သူတို့ အကျဉ်းစခန်းထဲမှာရှိတဲ့ ဆေးခန်းကို သွားကြတယ်။ အဲဒီဆေးခန်းထဲမှာ ဆိုလို့ ရှိရင်လည်း၊ ဆရာဝန် သူနာပြုဆရာမ ရှိတာ မဟုတ်ဘူး။ အဲဒီမှာ အကျဉ်းဦးစီးဌာနက တပ်ကြပ်လောက် အဆင့်က ဆေးခန်းတာဝန်ခံလုပ်တယ်။ နောက်တခါ ထောင်ကျလာတဲ့ စစ်တပ်ကဆေးတပ်သားတွေက ဆေး မှူးတွေ ပေါ့။ ဆေးထိုး၊ ဆေးတိုက်၊ chart ပေါ်မှာ on တာ၊ treatment on တာက အစ၊ အကျဉ်းသား အချင်း ချင်း လုပ်တာပဲ။ အကျဉ်းသားတွေ ဆေးခန်းလာပြရင်၊ သူတို့က အကုန်လုံးကို တန်းစီခိုင်းလိုက်ပြီး၊ နံမည်နဲ့ ဘာဖြစ်တာလဲ မေးပြီးတော့၊ ဖျားတဲ့လူတွေက တတန်း၊ ကိုက်ခဲတဲ့လူတွေက တတန်း၊ အနာဖြစ်နေတဲ့လူတွေ က တတန်း၊ ဝမ်းသွားနေတဲ့လူတွေက တတန်း၊ အားအင်ကုန်ခမ်း အားမရှိတဲ့လူတွေက တတန်း၊ အဲဒီလို စီ ခိုင်းလိုက်တယ်။ ပြီးတော့မှ ဖျားနေတဲ့လူကို အဖျားပျောက်ဆေး ဥပမာ gentamycin 80 miligram လိုဟာ မျိုးကို ထိုးပေးဖို့အတွက် gentamycin 2 cc (၁၀) ပုလင်းလောက်ကို၊ 20 cc syringe (ဆေးထိုးအပ်) ထဲကို စုပ်ထည့်လိုက်ပြီးတော့၊ ဒီ အပ်တချောင်းထဲနဲ့ လူ အယောက် (၂၀) လောက်ကို တန်းစီပြီး၊ တောက်လျှောက် ထိုးသွားတာ။ ဒါက HIV virus ပြန့်ပွားဖို့၊ နောက်တခါ Viral Hepatitis (အသည်းရောင်အသားဝါ C type ပိုး) ရောဂါ ပြန့်ပွားဖို့ အများဆုံး ဖြစ်နိုင်တဲ့ နည်းလမ်းတွေပေ့ါ။ ဒါက ဒီအကျဉ်းစခန်းထဲ ဖြစ်နေတဲ့ အဆိုးဝါးဆုံး အဖြစ်အပျက်တွေထဲက တခုပါ။
ဦးရော်နီညိမ်း ။ ။ နောက်ပြီးတော့ ကျနော်တို့ ကြားဖူးတာတခုက၊ ထောင်ထဲမှာ အကျဉ်းစခန်းတွေထဲ မှာ လူကုန်ကူးတယ်၊ လိင်ကျွန်ကုန်ကူးတယ် ဆိုတဲ့ ကိစ္စကြားဖူးတာ ရှိပါတယ်။ အဲဒါကို ဦးထွန်းလင်း ကြုံခဲ့ရ သမျှ နည်းနည်း ရှင်းပြပါဦး။
ဦးထွန်းလင်း ။ ။ အကျဉ်းစခန်းတွေထဲကို ဖြစ်ဖြစ်၊ အကျဉ်းထောင်ထဲတွေထဲကို ဖြစ်ဖြစ်၊ စစ်ပြေးမှု နဲ့ ရောက်လာခဲ့တဲ့ ငယ်ရွယ်တဲ့ ကလေးတွေ၊ အဲဒီလိုအရွယ် ကလေးတွေကို၊ ရာဇဝတ်အကျဉ်းသားတွေထဲက “တန်းစီး” တို့၊ တပ်ခွဲမှူးတို့ အဲဒီလိုလူမျိုးတွေက သူတို့နားကို ခေါ်ထားတယ်။ သူတို့ရဲ့ သားမယားအဖြစ် ဒီကလေးတွေကို ပြုကျင့်တယ်။ ဒီကလေးတွေကို ဘာမှ အလုပ်မခိုင်းဘူး။ အမြဲတမ်း သနပ်ခါးလိမ်းခိုင်းထား တယ်။ အလှပြင်ခိုင်းထားတယ်။ စားချင်တာကိုစား၊ နေချင်သလိုနေ၊ လွှတ်ပေးထားတယ်။ ဒါပေမဲ့ သူတို့ရဲ့ သားမယားအဖြစ်တော့ နေရတယ်။
ဦးရော်နီညိမ်း ။ ။ အဲဒါက ယောက်ျားချင်း လိင်ဆက်ဆံတာလား။
ဦးထွန်းလင်း ။ ။ ဟုတ်ပါတယ်။ အရွယ်မရောက်သေးတဲ့ ကလေးတွေကို စစ်တပ်ထဲ ဆွဲသွင်း၊ ရှေ့တန်းတို့ လေ့ကျင့်ရေးတပ်တို့မှာ ကလေးတွေက ပင်ပန်းဆင်းရဲတဲ့ဒဏ်တွေ အစားဆင်းရဲတဲ့ဒဏ်တွေ အဲဒီဒဏ်တွေကို မခံနိုင် တဲ့အခါကျ၊ သူတို့ ထွက်ပြေးကြတယ်။ ဒီစစ်တပ်ထဲကို ဒီကလေးတွေက ဝင်ချင်လို့ဝင် တာ မဟုတ်ဘူး။ ခြိမ်းခြောက်ပြီးတော့ သော်လည်းကောင်း၊ ဖမ်းဆီးပြီးတော့သော်လည်းကောင်း၊ လိမ်လည် လှည့်ဖျားပြီးတော့ သော်လည်းကောင်း၊ တပ်ထဲကို ခေါ်လာခဲ့ကြတယ်။ ဒီကလေးတွေ စစ်တပ်ထဲမှာ စစ်သင် တန်းတွေထဲမှာရောက်တော့၊ မိသားစုဆီ ပြန်ချင် လို့ ထွက်ပြေးကြတာပေါ့။ အဲဒီအခါကျ ဒီကလေးတွေကို ပြန် ဖမ်းမိတဲ့အခါ၊ ဒီကလေးတွေကို စစ်စည်းကမ်း ဖေါက်ဖျက်မှု၊ တပ်ပြေးမှု၊ အဲဒီလို ပုဒ်မတွေနဲ့ ထောင်ချတယ်။ အဲဒီကလေးတွေဟာ ထောင်ထဲ ရောက်လာတဲ့အခါ ဖြစ်ဖြစ်၊ အကျဉ်းစခန်းတွေထဲ ရောက်လာတဲ့အခါ ဖြစ်ဖြစ်၊ ခုနလို လိင်ပိုင်းဆိုင်ရာဆက်ဆံမှုတွေ ခံရတယ်။ ခုနပြောတဲ့ ထောင်ထဲက လူဆိုးတွေက၊ သူတို့လက်ထဲမှာ ထောင်အခေါ်အဝေါ်အရ “ချွတ်” လို့ ခေါ်တဲ့ သံချွန်တွေ၊ ဆူးချွန်တွေနဲ့ ခြိမ်းခြောက်ပြီးတော့၊ ဒီကလေးတွေကို အဓမ္မပြုကျင့်တယ်။ အဲဒီကနေ တဖြည်းဖြည်းနဲ့ ဒီကလေးတွေ နောက်ဆုံးမှာ အဲဒီ ဘဝကို ရောက်သွားကြ တယ်။ အနိုင်ကျင့်ခံကြရတာပေါ့။ ဒီကလေးတွေ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံကြရတာပေါ့။
ဦးရော်နီညိမ်း ။ ။ အဲဒီကိစ္စတွေကို အကျဉ်းသားတွေထဲကပဲ လုပ်နေတာလား၊ ယောက်ျားလေးတွေ ကို ဒီလို လိင်ကျွန်ဖြစ်အောင် လုပ်တာ။ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေကော၊ ဒီကိစ္စတွေမှာ ပါဝင်ပတ် သက်မှု ရှိပါသလား။
ဦးထွန်းလင်း ။ ။ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတွေက၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ဆက်ဆံမှုမှာ ပါ ဝင်ပတ် သက်တာတော့ မတွေ့ရဘူး။ ဒါပေမဲ့ ဘာပတ်သက်နေလဲဆိုတော့၊ ထောင်မှာ ထောင်ဆေးရုံဆိုတာ ရှိ တယ်။ ထောင် ဆေးရုံဆိုတာက ပိုက်ဆံရှိ အသိုင်းအဝိုင်းနဲ့ သူတို့ လူကြီးပိုင်းဆိုင်ရာ “အပ်ထည်” လို့ ခေါ်တဲ့၊ ဘောက်ချာသမားလို့ ခေါ်တဲ့ အကျဉ်းသားတွေပဲ နေခွင့်ရှိတာ။ တကယ်မကျန်းမာတဲ့ အကျဉ်းသားက ဆေးရုံ ဆေးခန်းသွားပြပြီး၊ ထောင်က အဆောင်ကို ပြန်ရုံပဲ ရှိတယ်။ ခုနပြောတဲ့ ပိုက်ဆံရှိ ရာဇဝတ်ပြစ်မှုအကျဉ်းသား တွေက၊ ဒီကလေးတွေကို လိင်ဆက်ဆံ ဖို့ ထောင်ဆရာဝန်ကို သော်လည်းကောင်း၊ ထောင်ဆေးရုံဝန်ထမ်းကို သော်လည်းကောင်း၊ ပိုက်ဆံပေးပြီးတော့ သူတို့ လိင်ဆက်ဆံချင်တဲ့ ကလေးကို၊ ဆေးရုံတင်ခိုင်းလိုက်တယ်။ ဒီကလေးတွေ ဘာမှ ရောဂါမရှိပဲ၊ ဒီကလေးတွေ ထောင် ဆေးရုံရောက်လာတယ်၊ ပြီးတော့ ဆေးရုံမှာ အဲဒီလို တွေ ဖြစ်တယ်။
ဦးရော်နီညိမ်း ။ ။ ထောင်ဆေးရုံကို လိင်ပျော်ပါးဖို့ နေရာအဖြစ် အသုံးချတာလား။
ဦးထွန်းလင်း ။ ။ တည်းခိုခန်းလို သဘောပေါ့ဗျာ။ အဲဒီလိုနဲ့ ကလေးတွေကို ထောင်ဆေးရုံကို ပို့ပေး တာကို၊ ထောင်ဝန်ထမ်းတွေက ပိုက်ဆံယူပြီး လုပ်ကြတယ်။ နောက်တခါ၊ ဒီကလေးတွေနဲ့ ဆက်ဆံလို့ အားရ သွားပြီ ဆိုရင်၊ နောက်ထပ်ကလေးတွေ အသစ်ထပ်ရောက်လာပြီ ဆိုရင်၊ အဲဒီ အရင်က ကလေးတွေကို သူတို့ အောက်က လူတွေဆီကို ရောင်းစားတယ်။
ဦးရော်နီညိမ်း။ ။ ရောင်းစားတယ် ဆိုတာ၊ ဘယ်လိုပါလဲ။
ဦးထွန်းလင်း ။ ။ ဥပမာ၊ အကျဉ်းထောင်ထဲကို အကျဉ်းသားတယောက်က ပိုက်ဆံသွင်းချင်တယ် ဆိုရင်၊ အကျဉ်းဦးစီး ဌာနဝန်ထမ်းကို ကျပ် (၁၀၀) ကို၊ ကျပ် (၂၀) ပေးရတယ်။ ကျပ် (၁၀၀၀) သွင်းရင်၊ ကျပ် (၂၀၀) ပေးရတယ်ပေါ့။ အဲဒီလိုနဲ့ ပိုက်ဆံကို အထဲကို သွင်းတယ်။ ပြီးတော့ ဒီပိုက်ဆံကို ထောင်က တပ်ကြပ် တို့၊ တပ်ကြပ်ကြီးတို့၊ အဆောင်မှူးထောင်မှူးတို့၊ တန်းစီးတို့၊ အခန်းလူကြီးတို့၊ ဘာယာတို့၊ ရေကန်ဘာယာတို့၊ ထမင်းဘုတ်ကိုင်တို့၊ အဲဒီလိုလူတွေဆီကို ပေးရတယ်။ ထောင်ထဲမှာ အကျဉ်းစ ခန်းထဲမှာ ချောင်ချောင်ချိချိ နေဖို့။ အဲဒီပိုက်ဆံထဲကနေ၊ ဒီကလေးတွေကို အရောင်းအဝယ်လုပ်ကြတယ်။ ဒီကလေးတယောက်ကို ဟိုတုန်း ကဆို စီးကရက်ဗူး သုံးတောင့်၊ ဆယ်ဗူးကို တတောင့်ဆိုတော့၊ စီးကရက်ဗူး (၃၀) နဲ့၊ ကလေးကို ရောင်းစား တယ်။ ပိုက်ဆံနဲ့ဆိုရင် ဘယ်လောက်ဆိုပြီး ရောင်းစားကြတယ်။
ဦးရော်နီညိမ်း။ ။ ထောင်ထဲမှာ အကျဉ်းစခန်းတွေထဲမှာ ရာဇဝတ်မှုတွေ ဖြစ်ကြတယ် ဆိုတာကကော၊ ဘာပါလဲ ခင်ဗျ။
ဦးထွန်းလင်း ။ ။ ရာဇဝတ်မှုတွေ ဖြစ်ကြတယ်ဆိုတာ၊ ထောင်ထဲ အကျဉ်းစခန်းတွေထဲမှာ အကျဉ်း ဦးစီးဌာနဝန်ထမ်းတွေနဲ့ ပေါင်းနေတဲ့ အကျဉ်းသားရာဇဝင်လူဆိုးတွေပေါ့။ သူတို့တွေက မြို့ထဲတွေ ဘာတွေ ထွက်လို့ မရဘူး။ အကျဉ်းဦးစီးဌာနဝန် ထမ်းတွေ မပါပဲနဲ့ ထွက်လို့ မရဘူး။ အဲဒီအခါကျတော့၊ အကျဉ်းဦးစီး ဌာနဝန်ထမ်းတွေက ဒီလူဆိုးတွေဆီက ပိုက်ဆံယူပြီး၊ မူးယစ် ဆေးဝါးတွေ လူဆိုးတွေဆီကို ဝယ်ပို့ပေးနေရ တယ်။ ဒီလူဆိုးတွေက မူးယစ်ဆေးဝါး ဆေးပြားတွေ သုံးတယ်။ ဆေးခြောက်တွေ ရှူတယ်။ တချို့ ဘိန်းတွေ စားကြတယ်။ တချို့က ဘိန်းတွေ ထိုးကြတယ်။ အဲဒီမှာ ခြေလွတ်လက်လွတ်တွေ ဖြစ်ပြီး၊ ဒီလူဆိုးတွေ ရမ်း ကားတာတွေကြောင့် သေတဲ့အထိ ဖြစ်ကုန်တာတွေလည်း ရှိတယ်။ တချို့ကျတော့ ဆေးကြောင်ပြီးတော့၊ ရုပ် ပျက်ဆင်း ပျက်နဲ့ ရှောက်လုပ် နေကြတာတွေ ရှိတယ်။ အဲဒီလို ဖြစ်တာကို ထောင်ပိုင်တို့ဘာတို့ သိသွားပြီဆို ရင်၊ ခုနက သူတို့ကို ပိုက်ဆံပေးထားတဲ့ တကယ်လုပ်တဲ့ အကျဉ်းသားလူဆိုးတွေကိုတော့ ဘာမှ မလုပ်ပဲ၊ အရေးယူမှု အထက်ကို ပြဖို့အတွက်၊ ဘာမှ ခုန ပြစ်မှုတွေ မလုပ်တဲ့ ရိုးရိုးအကျဉ်းသားတွေကို အပြစ်ပေးတာ ကို လုပ်တယ်။ လူ (၁၀) ယောက်ကို ခြေကျဉ်းတွေ ဒေါက်တွေ တွဲ ပြီး ခတ်ထားတာမျိုး လုပ်တယ်။ အဲဒီ (၁၀) ယောက်ထဲက တယောက်က အိမ်သာသွားချင်တယ်၊ အပေါ့အပါးသွားချင်တယ် ဆိုရင်၊ (၁၀) ယောက်လုံးက လိုက်ရတယ်။ ညှင်းဆဲပြီး အပြစ်ပေးတယ်။ Jail Manual (အကျဉ်းထောင်လက်စွဲဥပဒေ) အရ၊ အပြစ်ရှိတဲ့လူ ကိုပဲ၊ ထောင်ထဲမှာ အကျဉ်းစခန်းတွေထဲမှာ အပြစ်ပေးလို့ ရတယ်။ ဒါပေမဲ့ ဥပဒေအပြင်ဘက်ကနေ၊ လုပ်ချင် သလို လုပ်နေကြတယ်။ အကျဉ်းထောင်လက်စွဲဥပဒေထဲမှာ ပြဌာန်းထားတာတွေနဲ့ လက်ရှိမှာ အကျဉ်းသား တွေ ဖြတ်သန်းသွားနေရတဲ့ ဘဝတွေနဲ့၊ တခြားစီပေါ့ ဗျာ။ ဥပမာ၊ အကျဉ်းထောင်လက်စွဲဥပဒေထဲမှာ အကျဉ်း သားတွေကို အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်တွေကို ဘာမှ မခိုင်းစေရဘူးဆိုတာ၊ ပါဝင်တယ်။ ဒါပေမဲ့ အကျဉ်းဦးစီးဌာန အကျဉ်းထောင် ရဲဘက်စခန်းတွေရဲ့ ရုံးခန်းတွေမှာ စာရေးစာချီအလုပ်တွေကို လုပ် နေတာက၊ ထောင်မှူးထောင်ပိုင်တွေက ပိုက်ဆံယူပြီး သက်သာအောင်ထား ထားတဲ့ အကျဉ်းသားတွေက လုပ် နေတာ။ စာတစောင်ကို လက်နှိပ်စက်ရိုက်တယ် ဆိုကြပါစို့။ အဲဒီစာရဲ့ ထိပ်ဖျားမှာ ရိုက်ရတဲ့ ဒီစာရဲ့ လုံခြုံရေး အဆင့် အတန်းက “ထိပ်တန်းလျို့ဝှက်”။ အကျဉ်းဦးစီးဌာန အထက်ကိုတင်ပြတဲ့ အကြောင်းအရာ တခုခုပေါ့။ ဒီစာရဲ့ လုံခြုံရေးအဆင့် အတန်းက “ထိပ်တန်းလျို့ဝှက်”။ ဒီစာကို ရိုက်နေတာက အကျဉ်းသား။ ဒါတွေက အကျဉ်းဦးစီးဌာနရဲ့ အကျဉ်းထောင်တွေ၊ အကျဉ်းစခန်းမှာ ဖြစ်နေတာတွေ ပေါ့ဗျာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့။ မကြာသေးခင်ကပဲ နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေးစောင့် ကြည့် လေ့လာရေး (Human Rights Watch) (HRW) အဖွဲ့ နဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ကရင် လူ့အခွင့်အရေးစောင့် ကြည့်လေ့လာရေး Karen Human Rights Group (KHRG) အဖွဲ့တို့ ပူပေါင်းပြီး၊ အစီ ရင်ခံစာတစောင် ထုတ်ပြန်လိုက် ပါတယ်။ ဒီအစီရင်ခံစာရဲ့ နံမည်ကို Dead Man Walking လို့၊ သူတို့က နံ မည်ပေးထားပါတယ်။ အဲဒါက ဟိုတုန်းက အမေရိကန်ပြည်ထောင်စုမှာ သေဒဏ်ကျပြီး ကြိုးပေးခံရမဲ့ ပုဂ္ဂိုလ် ကို၊ ကွပ်မျက်တော့မဲ့နေ့ ကြိုးတိုက်ထဲကနေ ထုတ်လာတဲ့အခါမှာ၊ တထောင်လုံးကြားအောင်လို့ ထောင်ဝန် ထမ်းတွေက “သေရတော့မဲ့လူ လာနေပြီ” (Dead Man Walking) လို့၊ ကြေညာပေးရပါတယ်။ ဒီစကားရပ်ကို အစွဲပြုပြီး၊ “သေရတော့မဲ့လူ လာနေပြီ” (Dead Man Walking) ဆိုပြီးတော့မှ၊ မြန်မာနိုင်ငံစစ်မြေပြင်တွေက ရှေ့တန်းစခန်းတွေနဲ့ အခု ဦးထွန်းလင်းကြုံခဲ့ရတဲ့၊ “နမ့်ဆမ်လေတပ်စခန်း ဌာနချုပ်” တည်ဆောက်တဲ့၊ ကျောက်ထုတ်လုပ်ရေးစခန်းတို့လို အကျဉ်းစခန်းတွေကို အပို့ခံကြရတဲ့အကျဉ်းသားတွေ အကြောင်းတွေကို ရေးသားဖေါ်ပြထားတာပါ။ အဲဒီတော့၊ ဦးထွန်းလင်းကြုံခဲ့ရတဲ့၊ “နမ့်ဆမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်တည် ဆောက်ရေး စီမံကိန်း”လို့ ဆိုင်းဘုတ်ကြီး ပြပြီးတော့မှ၊ “နမ့်ဆမ်လေတပ်စခန်းဌာနချုပ်”အတွက် တည် ဆောက်ခဲ့တဲ့၊ ကျောက်ထုတ်လုပ်ရေးစခန်းမှာ၊ Dead Man Walking “သေရတော့မဲ့လူ လာနေပြီ” ဆိုတဲ့ အခြေအနေ တွေ ဘယ်လောက်များ ကြုံခဲ့ရသလဲ ဆိုတာ၊ ပြောပြပေးပါ ခင်ဗျ။
(HRW ၏ Dead Man Walking အစီရင်ခံစာ = http://www.hrw.org/reports/2011/07/12/dead-men-walking-0)
ဦးထွန်းလင်း ။ ။ အိမ်ကနေ နောက်က ပိုက်ဆံ မလိုက်နိုင်တဲ့၊ ပိုက်ဆံမရှိတဲ့ အကျဉ်းသားတွေ သာမန်အကျဉ်းသား တွေဟာ၊ ထောင်ကနေ အကျဉ်းစခန်း (ရဲဘက်စခန်း) တွေကို ရောက်လာပြီ ဆိုရင်၊ သုံးလထက်ပိုပြီး၊ အသက်ရှင်နေထိုင်သွား တဲ့ အကျဉ်းသားရယ်လို့ သိပ်မရှိပါဘူး။ အကုန်လုံး သေကြတယ်၊ သုံးလ မတိုင်ခင် သေကြတယ်၊ သုံးလ မပြည့်ခင် သေကြ တယ်။ အဲဒီလို သေကြတယ်။ ဒီကြားထဲမှာ အဲဒီ ထက်ဆိုးတာ ဘာရှိလဲ ဆိုတော့၊ ပြစ်မှုတခု တစုံတရာကျူးလွန်တယ် ဆိုပြီး ပြစ်ဒဏ်ချလိုက်တယ်၊ အဲဒီ အကျဉ်းသားမှာ အယူခံကာလ ရှိတယ်။ အကျဉ်းသားတယောက်ဟာ သူ့ရဲ့အယူခံကာလမှာ၊ ဒီ အကျဉ်းသား ကို၊ ထောင်ကနေ ရဲဘက်အကျဉ်းစခန်းတွေကို မထုတ်သင့်ဘူး။ ဒါပေမဲ့ အဲဒီလို ထုတ်လိုက်ပြီးတော့၊ တဘက် မှာ သူ့မိသားစုက အယူခံတွေ တက်နေတယ်။ အဲဒီ အကျဉ်းသားက၊ အယူခံမှာ ကွင်းလုံးကျွတ်နိုင်လို့၊ သူ့ကို သူ့မိသားစုက အကျဉ်းစခန်းမှာ လာထုတ်တဲ့ အခါမှာ၊ ဒီ အကျဉ်းသားဟာ မရှိတော့ဘူး၊ သေပြီးနေပြီ။ အဲဒါ မျိုးတွေ အများကြီး ရှိတယ်။ အဲဒီအခါ အကျဉ်းသားကို လာထုတ်တဲ့ မိသားစုတွေက ထွန့်ထွန့်လူး လူးလှိမ့် ငိုကုန်ကြတာ။ ခုနက ပြောတဲ့ Dead Man Walking “သေရတော့မဲ့ လူ လာနေပြီ”ဆိုတာက၊ သူတို့ဆီမှာ သူ တို့ဥပဒေအရ သေမိန့်ချထားခံရပြီးသား လူတွေပဲ။ ဒီမှာက သေမိန့်မဟုတ်ပဲနဲ့ သေမိန့်ကျနေတဲ့ အကျဉ်းသား တွေ ဖြစ်နေကြရတာ ကျနော်တို့ နိုင်ငံမှာ……..။
ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားများ ပြစ်မှုဆိုင်ရာအကျဉ်းသားများ - အပိုင်း (၃)ကို တော့၊ နောက်သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ ဆက်ပြီး ထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။