သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၇၄)

၁၉၈၀ ခုနှစ်မှာ၊ အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဋ္ဌ ဦးနေဝင်းရဲ့ ညွှန်ကြားချက်နဲ့၊ အဲဒီအချိန်က အစိုးရက၊ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ တိုက် ရိုက်ပတ်သက်ဆက်နွယ်ခဲ့သူူ၊ အငြိမ်းစား ဗိုလ်ကြီး ဦးခင်မောင်ညွန့် နဲ့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး တို့ကို ဦးရော်နီညိမ်းက ဆက်သွယ်မေးမြန်းပြီး၊ ဒီသီတင်းပတ်ရဲ့ တပ်မှူးတပ်သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးခင်မောင်ညွန့် ခင်ဗျား၊ ၁၉၈၀ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီအစိုးရက ထုတ်ပြန်လိုက်တဲ့အခါမှာ၊ ပါလီမန်ဒီမိုကရေစီပါတီရဲ့အင်အားစုတွေ၊ ဘယ်လိုစဉ်းစား ဆုံးဖြတ်ကြသလဲ ခင်ဗျ။ အဲဒီအချိန်က အစိုးရရဲ့ကမ်းလှမ်းမှုကို ယုံကြည်လက်ခံတဲ့သူက အများစုလား၊ အန် ကယ်က မယုံကြည် လက်မခံလို့၊ မပြန်ပဲ နေခဲ့တာလား၊ အဲဒါလေး ကျနော်တို့ကို ရှင်းပြပေးပါ ခင်ဗျ။

(ပါလီမန်ဒီမိုကရေစီပါတီ Parliament Democracy Party – PDP ။ ။ ၁၉၆၉ ဧပြီ (၁၁) ရက်တွင် ဆေး ကုသမှုခံယူရန် အကြောင်းပြချက်နှင့်၊ မြန်မာနိုင်ငံမှ အိန္ဒိယသို့၊ ရောက်ရှိလာသော ဝန်ကြီးချုပ်ဟောင်း ဦးနုမှ၊ ၁၉၆၉ စက်တင်ဘာလတွင် ထိုင်းနိုင်ငံမှ တဆင့်၊ ဗြိတိန်သို့ ရောက်ရှိပြီး၊ ပါလီမန်ဒီမိုကရေစီပါတီ Parliament Democracy Party – PDP ကို တည်ထောင်ပြီး၊ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သော တော်လှန်ရေးကောင်စီ အစိုးရကို လက်နက်ကိုင် တော်လှန်တိုက်ခိုက်မည်ဟု လန်ဒန်ကြေညာချက်ဖြင့်၊ ကမ္ဘာသို့ ကြေညာခဲ့သည်။ ထို့ နောက် ထိုင်း-မြန်မာနယ်စပ်ကို အခြေစိုက်ပြီး၊ ပါလီမန်ဒီမိုကရေစီပါတီလက်အောက်ခံ ပြည်ချစ်တပ်မတော် ထူထောင်သောအခါ၊ စစ်တိုင်း သုံးတိုင်း ဖွဲ့စည်းရာတွင်၊ အလယ်ပိုင်းတိုင်းကို ဦးသွင် (ကျိုက်မရော ပါလီမန် အမတ်)၊ တောင်ပိုင်းတိုင်းကို ဗိုလ်ရန်နိုင် (ရဲဘော်သုံးကျိပ်)၊ အနောက်မြောက်တိုင်းကို ဗိုလ်မှူးအောင် (ရဲဘော် သုံးကျိပ်) တို့က၊ ဦးဆောင်ခဲ့သည်။)

ဦးခင်မောင်ညွန့် ။ ။ ၁၉၇၂ ခုနှစ် သြဂုတ်လအကုန်၊ စက်တင်ဘာလထဲမှာ၊ ကျနော်က အဲဒီ တော်လှန်ရေး နယ်မြေကို ရောက်သွားခဲ့ပြီ။ အခြေအနေမှန်ကို ပြောမယ်ဆိုရင်၊ ၁၉၇၅ ခုနှစ်က စပြီးတော့၊ PDP ရဲ့ လှုပ်ရှား မှု ကျဆင်းလာတယ်ပေါ့ ခင်ဗျာ။ ကျဆင်းလာရတာကလည်း ဘာကြောင့်လည်း ဆိုရင်၊ နိုင်ငံရေးခေါင်းဆောင် စစ်ရေးခေါင်းဆောင်တွေက၊ အချင်းချင်း သဘောထားတွေ ကွဲလွဲခဲ့ကြပြီးတော့မှ၊ အားအင်တွေ ချည့်နဲ့နေတဲ့ အချိန်မှာ၊ အစိုးရကလည်း အဲဒီလို ကြေညာလိုက်တဲ့အချိန်မှာ၊ တော်တော်အများစု ပြန်လိုတဲ့ပုဂ္ဂိုလ်တွေက၊ ဒါဟာ အခွင့်အရေးပဲ ဆိုပြီးတော့၊ ပြန်သွားကြတာပဲ။ သို့သော် မပြန်တဲ့သူတွေကတော့၊ သူတို့ရဲ့ယုံကြည်ချက် ကြောင့်မို့လို့ပဲ၊ သူတို့ မပြန်ပဲ နေခဲ့တာပဲ။ အများစုကတော့ ပြန်သွားကြပါတယ်။ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး အောင်၊ အနောက်မြောက်တိုင်း၊ တိုင်းမှူး လုပ်သွားတဲ့ပုဂ္ဂိုလ်လည်း၊ ပြန်သွားတယ်။ တောင်ပိုင်းတိုင်း၊ တိုင်းမှူး ဗိုလ်ရန်နိုင်လည်း ပြန်သွားတယ်။ ဗိုလ်ချုပ်ကြီး စောကြာဒိုး၊ ဦးဇာလီမော်၊ တော်တော်များများ ပြန်သွားကြပါ တယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ ခင်ဗျ။ အဲဒီလိုမျိုး ပြန်မသွားပဲ ကျန်ခဲ့တဲ့ အန်ကယ်တို့လိုလူတွေက၊ ဘယ် လို ခံစားချက် ရှိခဲ့ပါသလဲ ခင်ဗျ။

ဦးခင်မောင်ညွန့် ။ ။ အထူးသဖြင့် တော်တော်များများကတော့၊ ကျနော် သိရသလောက်ကတော့၊ သူတို့ရဲ့ ယုံကြည်ချက်ကြောင့် မပြန်တာပါ ခင်ဗျ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ခင်ဗျ။ ယုံကြည်ချက်ကြောင့် မပြန်တာ၊ ဆိုတာက၊ ဒီတိုက်ပွဲဟာ မပြီးသေး ဘူး၊ ဆက်တိုက်ရဦးမယ်ဆိုတဲ့ ယုံကြည်ချက်လား၊ ဒါမှမဟုတ် တိုက်ပွဲကတော့ ဆက်မတိုက်နိုင်တော့ဘူး၊ ခုန အန်ကယ်ပြောသလို၊ ကိုယ့်အင်အားက ချည့်နဲ့လာတာကြောင့်။ သို့သော်လည်းပဲ တဘက်ကနေပြီးတော့ အာ ဏာရနေတဲ့ အစိုးရက၊ “လာပါ ပြန်ခဲ့ပါ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဆိုတဲ့ ဖိတ်ခေါ်မှုမျိုးကို မယုံကြည်နိုင်လို့ လား ခင်ဗျ။ အန်ကယ်ကိုယ်တိုင်ကကော၊ ဘယ်လိုအယူအဆနဲ့ နေခဲ့ပါသလဲ။

ဦးခင်မောင်ညွန့် ။ ။ အန်ကယ်ရဲ့ကိုယ်ပိုင်အယူအဆ personal convictionအရ ပြောမယ်ဆိုရင်၊ အန်ကယ် ကတော့ မယုံလို့ မပြန်တာပဲ။ ဘာလို့ မယုံရသလဲဆိုတဲ့ အချက်အလက်တွေကို စာရင်းပြုစုပြီးသာ ချပြရရင်၊ အများကြီးပဲ။ ခပ်တိုတိုလေး ချုံးပြောမယ်ဆိုရင်တော့၊ ၁၉၆၂ခုနှစ် အာဏာသိမ်းတာက စတာပဲ။ အာဏာသိမ်း တာက ဗိုလ်(ဗိုလ်ချုပ်ကြီး)နေဝင်းက ပြောတယ်၊ တိုင်းပြည်ကြီး ဆိုးဝါးလာတဲ့အခြေအနေ၊ ချောက်ထဲကျဖို့ လက်နှစ်လုံးလောက် လိုလို့၊ သူက အာဏာသိမ်းလိုက်ရတယ်၊ ဆိုတော့၊ အမှန်ကတော့ တပ်မတော်အကြီး အကဲ ကာကွယ်ရေးဦးစီးချုပ် ဆိုတာက၊ ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ တည်တံ့ရေးကို၊ အသက်နဲ့လဲ ပြီး ခုခံကာကွယ်ပါမယ်လို့၊ ကတိကဝတ်ပြုထားရတဲ့ ပုဂ္ဂိုလ် ခင်ဗျ။ အဲဒီတော့၊ တကယ်တမ်း တိုင်းပြည်အခြေ အနေက ဆိုးဝါးတယ် ဆိုရင်၊ သူဟာ တပ်မတော်ရဲ့အကြီးအကဲ တယောက်အနေနဲ့၊ ပြည်သူကနေ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို၊ ဘယ်လိုအချက်တွေက ဆိုးဝါးနေတယ်၊ ဘယ်လိုတွေတော့ ဖြစ် နေပြီ၊ ဘယ်လို လုပ်ဖို့သင့်တယ်၊ စသည်ဖြင့် အကြံဉာဏ်ပေးရမယ်၊ တကယ်တမ်း sincere ဖြစ်ရင်၊ ကာ ကွယ်ရေးဦးစီးချုပ် အနေနဲ့ အစိုးရကို ပြောကိုပြောရမယ်၊ အကြံဉာဏ်မပေးပဲနဲ့၊ အာဏာသိမ်းတယ် ဆိုတာ ကတော့၊ တိုင်းပြည်သစ္စာဖေါက် ဆိုတဲ့ နေရာကို အလိုလို ရောက်သွားတာပါပဲ။ အဲဒါက လုံး၀ ယုံကြည်စရာ မရှိတဲ့ အချက်တချက်ပဲ။

ဦးရော်နီညိမ်း ။ ။ ဒီဟာက ယုံတဲ့လူတွေလည်း ရှိတာပဲ၊ ခုန ပြောတဲ့ လက်ျာအင်အားစုတွေထဲက၊ ခုန အန်ကယ်ပြောတဲ့ ပုဂ္ဂိုလ်တွေ၊ ယုံလို့ ပြန်သွားကြတာပဲ။ လက်ဝဲအင်အားစုကလည်း၊ တောတွင်း အင်အား စုတွေထဲက ဗိုလ်သက်ထွန်း(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင်)တို့လည်း၊ ပြန်ဝင်လာတာကို၊ ကျနော် တို့ တွေ့ခဲ့ကြရတာပဲ။ အဲဒီဟာတွေ ဖြစ်ခဲ့တယ်။ အဲဒီလိုတွေ ဖြစ်ခဲ့ပြီးမှ၊ ထပ်ပြီး ဘာထူးခြားတာတွေ့ခဲ့ ရသလဲ ဆိုတော့၊ အစိုးရရဲ့ ကမ်းလှမ်းချက်ကို ယုံကြည်လို့ ပြန်သွားပါတယ် ဆိုတဲ့ အထဲက၊ အန်ကယ်တို့ PDP ကပဲ နမူနာပြမယ် ဆိုရင်၊ ၁၉၈၀ လွတ်ငြိမ်းခွင့်နဲ့ ပြန်သွားကြပြီးတော့မှ၊ ၈၈၈၈ လူထုအရေးတော်ပုံကြီး ပေါ်လာတဲ့ အခါမှာ၊ ပြန်ပြီး တောခိုကြတဲ့ မြဝတီဦးရဲခေါင်တို့ ဒေါက်တာမန်းမြင့်ဆိုင်တို့၊ ရှိခဲ့တာကို၊ ကျနော်တို့ တွေ့ခဲ့ဘူး ပါတယ်။ ဒါပေမဲ့လည်း၊ အစိုးရကို ယုံကြည်လို့ (မြန်မာနိုင်ငံမှာ) ဆက်ပြီးနေတဲ့ ဗိုလ်ချုပ်ကြီးစောကြာဒိုးလို ပုဂ္ဂိုလ်မျိုးဆိုရင်၊ ၁၉၉၀ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ထဲမှာတောင်၊ သူက ပါလာတယ်။ အဲဒါမျိုးလည်း တွေ့ခဲ့ရပါတယ်။ အဲဒီအခါကျတော့၊ ဟိုတုန်းက ၁၉၈၀ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ခေါ်တုန်းကတောင်မှ၊ မယုံ လို့ဆိုပြီး မပြန်ပဲ ပြည်ပမှာပဲ နေနေတဲ့ အန်ကယ့်အနေနဲ့၊ အခု သမ္မတဦးသိန်းစိန်က ပြည်ပက အင်အားစုတွေ ကို ပြန်လာချင်ရင် စဉ်းစားပေးမယ်ဆိုတဲ့ ကမ်းလှမ်းမှုကို၊ ဘယ်လို မြင်ပါသလဲ ခင်ဗျ။

ဦးခင်မောင်ညွန့် ။ ။ ပထမပြောချင်တာက၊ ၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ဆိုတာက၊ ကျနော့် အမြင်မှာ၊ လွတ်ငြိမ်းချမ်းသာခွင့်သာ ပေးတာ ခင်ဗျ။ လူမှုလွတ်လပ်ခွင့် အခွင့်အရေးတို့၊ တရားမျှတရေးတို့၊ ဒီမိုကရေစီရေးတို့ အတွက်၊ ဘာမှ အာမခံချက် မရှိဘူး၊ ပြန်လာရင် သူတို့ ဘောင်ထဲမှာနေဖို့ပဲ၊ သူခေါ်တာက ပြန်လာဖို့ပဲ ခေါ်တာ။ ကျနော်တို့က ဒီမိုကရေစီကို ယုံကြည်လို့၊ လူမှုအခွင့်အရေးတွေကို ရှိစေချင်လို့၊ ဒါတွေ ကို လုပ်လာခဲ့တဲ့ ဟာမှာ၊ ဘာမှမထူးပဲ ပြန်သွားရမယ်ဆိုတာက၊ ကျနော်တို့အနေနဲ့ တိုင်းပြည်ထဲက ထွက်လာ တာ၊ ဘာအဓိပ္ပာယ် ရှိတော့မလဲ။ နောက်ပြီးတော့၊ လောကကြီးမှာ၊ ဒီကနေ့အထိ ကျနော် စွဲစွဲမြဲမြဲယုံကြည်တာ က၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုး ကိုယ့်ဆွေမျိုးသားချင်း၊ ကိုယ့်သူငယ်ချင်းအပေါင်းအသင်းတွေလောက်၊ ကောင်းတဲ့ အသိုင်းအဝိုင်းဆိုတာ မရှိပါဘူးခင်ဗျ။ ဒီနေ့အထိ ဒါတွေကို ကျနော် မြတ်နိုးတယ်၊ တွယ်တာတယ်၊ စွဲလမ်းနေတယ်။ ဒါပေမဲ့ ကျနော် မြန်မာပြည် ပြန်သွားတာဟာ၊ အဓိပ္ပာယ်ရှိရှိ ပြန်တာပဲ၊ ဖြစ်ချင်တယ်။ အခု လည်း ကျနော် မယုံကြည်ဘူး၊ ဘာလို့ မယုံကြည်လဲဆိုရင်၊ ဒီနေ့ အနှစ်သာရအားဖြင့် ကြည့်မယ်ဆိုရင်၊ တိုင်း ပြည်မှာ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေက၊ လုံးဝကို ဒီမိုကရေစီအခြေခံတွေနဲ့ ဖျောင့်ဖျောင့်ကြီး ဆန့် ကျင်နေတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကနေ ပေါက်ဖွားလာတဲ့ အစိုးရတရပ်ကို ကျနော်တို့က၊ ဘယ် လိုယုံလို့ ရမှာလဲ။ နောက်ပြီးတော့ သူတို့ရဲ့ နောက်ကွယ်မှာ၊ ကြိုးဆွဲနေတဲ့ စစ်အာဏာရှင်ကြီးတွေက ရှိမြဲပဲ။ အဲဒီတော့ သူတို့ (လက်ရှိအစိုးရ) ဟာ၊ တိုင်းပြည်အပေါ်မှာ sincere ဖြစ်တယ်၊ ပြည်သူ လူထုအပေါ်မှာ sincere ဖြစ်တယ် ဆိုရင်၊ တိုတိုလေးပဲ ကျနော် ပြောချင်တာက (၁) နိုင်ငံရေးနဲ့ပတ်သက်ပြီး၊ ဖမ်းထားတဲ့ ပုဂ္ဂိုလ်အပေါင်းကို၊ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးပါ။ (၂) ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကို တရား ဝင်ပါတီအဖြစ် ပြန်လည် ကြေညာပေးပါ၊ (၃) ပြည်တွင်းငြိမ်းချမ်းရေးအတွက် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ အဖွဲ့အ စည်းတွေ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေးပါ။ အဲဒီလုပ်ငန်းစဉ်တွေကို ဦးသိန်းစိန်အစိုးရက အကောင်အထည် မဖေါ်နိုင်သရွေ့ကတော့၊ ပြည်သူတွေကကော ပြည်ပနိုင်ငံတွေကပါ၊ ဦးသိန်းစိန်အစိုးရကို trustဖြစ်ဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ အားလုံးသိတဲ့အတိုင်း reliable မဖြစ်ဘူးဆိုရင် trust မရှိရင်၊ အရာရာဟာ အလုပ်မဖြစ်ဖို့ သေချာနေတယ်လို့ပဲ ကျနော် ပြောချင်ပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ ၁၉၇၄ ခုနှစ်မှာ၊ လွတ်လပ်ပြီး မြန်မာနိုင်ငံရဲ့ စတုတ္ထမြောက် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့သူ ဗိုလ်ချုပ်ကြီးသူရတင်ဦးဟာ၊ ၁၉၇၆ ခုနှစ်ဆန်းမှာ ကာကွယ်ရေးဦးစီးချုပ်အဖြစ်ကရော တာကွယ် ရေးဝန်ကြီးအဖြစ် ကပါ အနားပေးခြင်း ခံခဲ့ရပြီးတော့၊ ၁၉၇၆ စက်တင်ဘာလမှာ နိုင်ငံတော်လုပ်ကြံမှုသတင်း ကို ထိန်ချန်မှုနဲ့၊ ဖမ်းဆီးခံခဲ့ရပါတယ်။ ၁၉၇၇ ဇန်နဝါရီလမှာ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးတင်ဦးဟာ အလုပ် ကြမ်းနဲ့ ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရပြီးတော့၊ ၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ပြီး လွတ် မြောက်လာခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားအဖြစ်ကနေ လွတ်မြောက်လာခဲ့သူ ဒီကနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးကို၊ ၁၉၈၀မှာ လွတ်မြောက်လာပြီးတဲ့နောက် အတွေ့အကြုံတွေကို မေးမြန်း ဆွေးနွေးကြည့်ခဲ့ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦးနေဝင်းရဲ့ ၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တဲ့အခါမှာ၊ သုံးမျိုး သုံးစားကို တွေခဲ့ရပါတယ်။ ပြည်ပရောက်နေသူတွေ ဗိုလ်ချုပ်ကြီး စောကြာဒိုးတို့၊ ဗိုလ်ရန်နိုင်တို့၊ ပြန်လာကြ တယ်။ ပြည်တွင်းမှာလည်း တောတွင်းအင်အားစုတွေထဲက ဗိုလ်သက်ထွန်းတို့ ပြန်ဝင်လာကြတယ်။ ဒါက တမျိုးပါ။ အန်ကယ်တို့ကျတော့၊ အဲဒီ လွတ်ငြိမ်းချမ်းသာခွင့်နဲ့၊ နိုင်ငံရေးအကျဉ်းသား အဖြစ်ကနေ၊ လွတ် မြောက်လာခဲ့တယ်။ တတိယ တမျိုးက၊ လွတ်ငြိမ်းချမ်းသာခွင့်နဲ့၊ ခေါ်ပေမဲ့၊ မယုံလို့ ဆိုပြီး၊ ပြန်မလာကြတဲ့သူ တွေ။ အဲဒီလို သုံးမျိုးသုံးစား တွေ့ရပါတယ်။ နောက်ပိုင်းမှာ ယုံကြည်လို့ ပြန်လာပါတယ်ဆိုတဲ့ သူတွေထဲက နေ၊ နောက် (၈) နှစ်လောက်ကြာတော့၊ နောက်တခေါက် တောခိုကြတဲ့သူတွေလည်း ရှိသေးတယ်။ ယုံကြည် လို့ ပြန်လာကြတဲ့သူတွေထဲမှာ၊ ဆက်ပြီး သူကောင်းပြုခံရတာကတော့ ဥပမာ ဗိုလ်ချုပ်ကြီးစောကြာဒိုးဆိုရင်၊ ၁၉၉၀ရွေးကောက်ပွဲကော်မရှင်ထဲမှာ အဖွဲ့ဝင်လူကြီး (၅) ဦးထဲက (၁)ဦး ဖြစ် လာခဲ့တယ်။ အဲဒါတွေကို ကျနော် တို့က ပြန်ပြီး review လုပ်ကြည့်တဲ့အခါမှာ၊ ၁၉၈၀ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား အဖြစ်ကနေ၊ လွတ်မြောက်လာခဲ့သူတွေရဲ့ အုပ်စုထဲမှာ အန်ကယ့်ကို ကျနော်တို့က မြင် ကြည့်လိုက်ပါတယ်။ အဲဒီတုန်းက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခဲ့တဲ့အခါမှာ၊ ဘယ်သူ့ကိုတော့ လွှတ်ပေးတယ်၊ ဘယ်သူ့ကိုတော့ လွှတ်မပေးသေးဘူး ဆိုပြီး၊ ချန်ထားခဲ့တာတွေ ရှိခဲ့ပါသလား ခင်ဗျ။

ဦးတင်ဦး။ ။ ၁၉၈၀ တုန်းက ကျနော် မှတ်မိသလောက်၊ အဲဒီနေ့က နယုန်လပြည့်နေ့ ထင်ပါရဲ့ ခင်ဗျ။ နိုင်ငံတော် သံဃာ့မဟာနာယက ဖွဲ့စည်းတာနဲ့၊ သံဃာ့ဂိုဏ်းပေါင်းစုံ ညီညွတ်တယ်ဆိုတာကို အကြောင်းပြုပြီး တော့၊ အကျဉ်းသားအားလုံးကို လွှတ်လိုက်တာပဲ ခင်ဗျ။ ကျန်ခဲ့တယ် ဆိုတာမျိုးတော့ မကြားမိဘူးခင်ဗျ။ အခု တခါမှာတော့ ဦးသိန်းစိန်တို့၊ နိုင်ငံရေးအကျဉ်းသားတွေကို စေတနာမှန်မှန်နဲ့ လွှတ်လိုက်ရင်တော့၊ ကောင်း တာပေါ့ဗျာ။ သူတို့တွေ (အစိုးရ)အတွက် လည်း၊ စိုးရိမ်စရာ ပူပန်စရာ အကြောင်း မရှိပါဘူး။

ဦးရော်နီညိမ်း ။ ။ သူတို့က အခု နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်တိုတဲ့ စကား၊တလုံးမှ မပြောသေးဘူး။ အပြင်ရောက်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အစိုးရကို ဆန့်ကျင်နေတဲ့ ပုဂ္ဂိုလ်တွေကို ပြန်လာကြလို့ ပြော တဲ့နေရာမှာ၊ အရင်က အခုလိုပဲ ကမ်းလှမ်းခဲ့တာမှာ ပြန်မလာကြတဲ့သူတွေ ဘာဖြစ်လို့ ပြန်မလာကြသလဲဆို တဲ့ cause တွေကို၊ ကျနော်တို့က review လုပ်နေတာပါ။ ဥပမာ၊ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွန့်။ စစ်တက္က သိုလ် အပတ်စဉ်(၁)ကနေ ဆင်းတယ်၊ ၁၉၆၅မှာ သူဟာ အနောက်တောင်တိုင်းစစ်ဌာနချုပ်နယ်မြေမှာ တာဝန် ထမ်းဆောင်နေစဉ်မှာ၊ သူ့ကို ဗိုလ်မှူးကြီးဟောင်း ဦးကြည်မောင် ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီးတို့နဲ့ ဆက် နွယ်ပြီး တပ်တွင်းပုန်ကန်ရန် ကြံစည်မှုနဲ့ ဖမ်းပြီး၊ ရေကြည်အိုင်ထောက်လှမ်းရေးအကျဉ်းစခန်းမှာ ထည့်လိုက် ပြီးတော့၊ (၄) နှစ်လောက်ကြာတော့၊ သူ ပြန်လွတ်တယ်။ ဦးနုတော်လှန်ရေးမှာ တောခိုပြီး၊ ဗိုလ်မှူးအောင်က သူတို့ရဲ့ ပြည်ချစ်တပ်မတော်ရဲ့ အနောက်မြောက်တိုင်းမှာ တိုင်းမှူး၊ ဦးခင်မောင်ညွန့်က ဒုတိုင်းမှူးနဲ့ နေနေရာ ကနေ၊ ဦးနုတော်လှန်ရေး ပျက်သွားပြီးတဲ့နောက်၊ ၁၉၈၀မှာ အစိုးရက အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ခေါ် လိုက်တော့၊ မပြန်ပဲနဲ့ ယုံကြည်ချက်နဲ့ ဆက်ပြီး ပြည်ပမှာနေနေတဲ့ သူ့ကို ကျနော်က ဆက်သွယ် မေးမြန်းတာ မှာ၊ နိုင်ငံရေးလွတ်လပ်ခွင့် ရမှာ မဟုတ်ဘူးလို့ သူယုံကြည်လို့ သူ မပြန်တဲ့ အဓိကအကြောင်းကို၊ သူက ပြော ပါတယ်။ အဲဒီတော့ အန်ကယ်ရဲ့ အတွေ့အကြုံအရကော၊ ၁၉၈၀ မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီး တဲ့နောက်၊ နိုင်ငံရေးလွတ်လပ်မှုမျိုးမဟုတ်ပဲ၊ အန်ကယ့်တကိုယ်ချင်း လွတ်လပ်မှုအတိုင်းအတာ၊ဘယ်လောက် ရှိပါသလဲ ခင်ဗျ။

ဦးတင်ဦး။ ။ လွတ်တော့ လွတ်လာတာပေါ့ ဗျာ။ သို့သော်လည်းပဲ၊ အခါအားလျော်စွာ စောင့်ကြည့်တာမျိုး တွေကတော့ ရှိတာပေါ့။ အဲဒီတုန်းက လွတ်ပြီး နောက်တနေ့မှာပဲ၊ မဟာစည်ရိပ်သာကို သွားပြီး၊ ကျနော်က သင်္ကန်းဝတ် ရဟန်းခံ ဝိပဿနာ တရားအားထုတ်တာပေါ့။ အဲဒီအထဲမှာ သူတို့(ထောက်လှမ်းရေး)ထဲက စောင့်ကြည့်တဲ့ ပုဂ္ဂိုလ်တွေကလည်း၊ ရိပ်သာမှာ အလှည့်ကျဝင်လာပြီးတော့ သူတို့ပါ တရားထိုင်တာတွေ ဘာ တွေ လုပ်ရင်းနဲ့၊ သူတို့ကိုကြည့်ခိုင်း ပြုခိုင်းထားတာတွေ ရှိနေတယ် ဆိုတာ၊ ကျနော် သတိပြုမိတာပေါ့ ခင်ဗျာ။

ဦးရော်နီညိမ်း ။ ။ နောက် သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ “၁၉၈၀ လွတ်ငြိမ်း ချမ်းသာခွင့် နှင့် တပ်မှူးဟောင်းများ၏ အတွေ့အကြုံ - အပိုင်း (၂)” ကို၊ ဆက်ပြီး၊ တင်ဆက်သွားပါမယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG