သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ဒေသ လုံခြုံရေး တင်းကျပ်


နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ တောင်းဆိုထားတဲ့ရက် ကျော်လွန်လာတဲ့နောက်မှာ ဝတပ်ဖွဲ့တွေက သူတို့ဒေသ လုံခြုံရေးအတွက် တိုးမြှင့် ဆောင်ရွက်နေပါတယ်။ တချိန်တည်းမှာပဲ အဲဒီဒေသကိုလာရောက် အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေနဲ့ ဒေသခံ မဟုတ်သူတွေဟာ တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်ပြီး နေရပ်ပြန်တာတွေ ရှိနေသလို ဝနယ်မြေ အတွင်းမှာ တာဝန်ချထားတဲ့ အစိုးရ စစ်တပ်ဖွဲ့တွေကိုလည်း ပြန်လည် ခေါ်ယူတာတွေ ရှိနေပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

နယ်ခြားစောင့်တပ်အသွင် ပြောင်းဖို့ ငြင်းဆန်ထားကြတဲ့ ဝ၊ မိုင်းလား၊ ကချင်၊ မွန်နဲ့ ကရင် စတဲ့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မြန်မာစစ်အစိုးရက ဒီလ ၁ ရက်နေ့မှာ နောက်ဆုံးထား အသွင်ပြောင်းဖို့ တောင်းဆိုထားတာပါ။ ဒီလို အသွင်ပြောင်းဖို့ လက်မခံဘူးဆိုရင် ဒီအဖွဲ့တွေကို အပစ်မရပ်ခင်က အခြေအနေအတိုင်း သတ်မှတ် ဆက်ဆံသွားမယ်လို့လည်း ပြောဆိုထားပါတယ်။ ဒီတောင်းဆိုချက်ကို ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်က ထပ်မံ ငြင်းဆန်လိုက်ပြီးတဲ့ နောက်မှာတော့ သူတို့ ဝဒေသရဲ့မြို့တော် ပန်ဆန်းမှာ လုံခြုံရေးတွေကို တိုးမြှင့်ထားပါတယ်။

“ကျနော်တို့ အိမ်ပေါ်မှာလည်း တပ်စခန်းနဲ့ လာစောင့်နေတယ်။ မြို့ထဲမှာလည်း မြို့ပတ်ြ့ပီး လုံခြုံရေးကို ကားနဲ့ပတ်တာတမျိုး၊ နောက်ပြီး လူတွေ သက်သက် ပတ်တာကတမျိုးနဲ့ ညကရင်လည်း လိုက်စောင့်တယ်လေ။ ညကျရင် ၉ နာရီလောက်ဆို လူမရှိတော့ဘူး။ ကားသံတွေ ဆိုင်ကယ်သံတွေလည်း မကြားဘူး။ သူတို့က ဘယ်လိုပြောမလဲ လမ်းလျှောက်တဲ့သူတွေနဲ့ မကောင်းတဲ့သူတွေကို သူတို့လိုက်ဖမ်းတယ်။ ကျေးရွာထဲမှာလည်း သူတို့ စစ်တပ်နဲ့စောင့်တယ်။ မြို့အနီးစပ်မှာတော့ သူတို့ ပြည်သူ့စစ်တွေ ချထားတယ်။”

ဒါကတော့ ပန်ဆန်းက ဒေသခံတယောက် ပြောသွားတာဖြစ်ပါတယ်။

ဒီလို လုံခြုံရေး တိုးမြှင့်လာပြီးတဲ့နောက်မှာတော့ ဝဒေသမှာ လာရောက် အလုပ်လုပ်ကြတဲ့ အစိုးရဝန်ထမ်းနဲ့ အရပ်သားတွေဟာ နေရပ်ကို ပြန်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

“ဒီရက်လည်း ပြန်တယ်။ လွန်ခဲ့တဲ့ လေးငါးရက်ကလည်း ပြန်တယ်။ နေ့တိုင်းပဲ။ ကျန်နေတဲ့သူတွေကို ၀ အာဏာပိုင်တွေက ဝင်ဖမ်းတယ်လေ။ အစိုးရဝန်ထမ်းရော၊ တချို့က ဝန်ထမ်းမဟုတ်တဲ့သူတွေ ပြန်ကြတယ်။ ဒီနေ့တော့ လိုင်းကား သုံးလေးစီး ရှိတယ်။ ပြန်တာ တော်တော်များတယ်။ တရက်ကို ကား နှစ်စီးသုံးစီးလောက် ရှိတယ်။ ပြန်ကြတာလေ။ တချို့ကလည်း ဒီမှာ မနေရဲဘူး၊ ဒီမှာ ရှုပ်ထွေးမယ်ဆိုတော့လေ။ ဘယ်လိုပြောမလဲ ဆိုင်ကယ်တွေလာပြင်၊ ကားတွေလာပြင်နဲ့ ထောက်လှန်းရေးလိုယောင်ယောင် လူတွေလည်း တချို့က နေလို့မရတော့ဘူးလေ။ နောက်ပြီးတော့ နေထိုင်ခွင့်လက်မှတ် မရှိရင်လည်း ဖမ်းတယ်လေ ဒီမှာက။ တအားဖမ်းမိတယ်၊ ဖမ်းတယ်။ သူတို့အနေနဲ့ လက်မှတ်မရှိဘူးဆိုရင် ၀ အာဏာပိုင်တွေက ဖမ်းတယ်။”

ဒီကနေ့ မနက်ပိုင်းမှာတော့ မြန်မာစစ်အစိုးရက ဝနယ်မြေ ပန်ဆန်းမှာ ထားရှိတဲ့ ခမရ (၃၂၆) နဲ့ မိုင်းမောမှာထားရှိတဲ့ ခလရ (၁၂၇) တို့ကို ပြန်လည် ခေါ်ယူခဲ့ပါတယ်။ ဒီလိုတပ်တွေ ပြန်လည် ခေါ်ယူတာကို ဝတပ်မှူးတယောက်က အတည်ပြုပေမဲ့ အသေးစိတ် အခြေအနေကိုတော့ မပြောပါဘူး။

နယ်ခြားစောင့် တပ်ဖွဲ့စည်းရေးကို ငြင်းဆန်ထားတဲ့ NDAA ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် အခြေစိုက်ရာ မိုင်းလားဒေသ အတွင်းက ဝန်ထမ်းတွေကိုလည်း ဒီရက်ပိုင်းမှာပဲ တြိဂံတိုင်း တိုင်းမှူးက ပြန်လည်ခေါ်ယူထားပါတယ်။ ဒီအခြေအနေကြောင့် ဒေသခံတွေဟာ တိုက်ပွဲတွေ ပြန်ဖြစ်မလားဆိုပြီး စိုးရိမ်တာတွေလည်း ရှိနေပါတယ်။

ဒီလို ဝနဲ့ မိုင်းလား ဒေသအတွင်းက လက်ရှိအခြေအနေ အပေါ်မှာတော့ တရုတ်-မြန်မာနယ်စပ် ဒေသက စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက အခုလို သုံးသပ်ပါတယ်။

“ဝပြည်ကို ဒါမျိုးနဲ့လုပ်မယ်ဆိုရင် အနိမ့်ဆုံး ၅ လ ၆ လလောက် ဒီကိစ္စက ပြတ်ဖို့မလွယ်ဘူး။ အဲဒီတော့ ဒီလိုရွေးကောက်ပွဲနဲ့ အင်မတန် အလုပ်ရှုပ်နေတဲ့ ကာလမျိုးမှာ ဒီလို စစ်ဆင်ရေးကြီး လုပ်ဖို့ဆိုတာ တကယ် မလွယ်ပါဘူး။ ဖြစ်နိုင်တဲ့အချက်တခုကတော့ တဖက်က ခြိမ်းခြောက်တာဖြစ်တယ်။ တဖက်ကတော့ တကယ်လုပ်မယ်ဆိုတဲ့ အခြေအနေတခုလောက် အထိပေါ့ သတ်မှတ်ထားတဲ့အချိန်နဲ့ သတ်မှတ်ထားတဲ့ ဒေသမှာ ခြေလျင်တပ် တပ်သိမ်းမယ့် တိုက်ပွဲမျိုး တချို့တော့ ဖန်ဆီးရင် ဖန်တီးမယ်။ ဝနယ်မြေရဲ့ အစွန်အဖျား တချို့နေရာတွေ၊ ဆိုပါတော့ မက်မန်းခြံတို့၊ နန်တုန် တို့ဘက်တွေမှာ အခုထက်ထိလည်း သူတို့က အလှမ်းဝေးပါတယ်။ အဲဒီနေရာတွေမှာ တပိုင်တနိုင်ပေါ့နော် စစ်ဆင်ရေးတခုလုပ်ပြီးတော့ သူတို့က နေရာတနေရာ တက်ယူတာမျိုးတော့ ဖြစ်နိုင်တယ်ဗျာ။ ဒါမှမဟုတ် သာလုံရှေ့က ညောင်စူချန်း တို့ဘာတို့ နေရာတွေ တက်ပြီးတော့ယူတာ အဲဒါမျိုးတွေပေါ့။”

မြန်မာစစ်အစိုးရက အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို လွန်ခဲ့တဲ့နှစ် ဧပြီလတည်းက နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းဖို့ တောင်းဆိုခဲ့တာပါ။ ဒီနှစ် ဧပြီလကုန်ကိုလည်း အသွင်ပြောင်းဖို့ နောက်ဆုံးရက် အဖြစ် သတ်မှတ်ခဲ့ဖူးပြီး ဝနယ်မြေအတွင်းက အစိုးရဝန်ထမ်းတွေကို တကြိမ်ပြန်လည် ခေါ်ယူခဲ့ပါတယ်။

XS
SM
MD
LG