သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၇၆)

ပြီးခဲ့တဲ့ ဧပြီလ(၂)ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်အဖွဲ့ဝင်တွေနဲ့ လက်တွဲပြီး သွေးလှူဒါန်းခြင်းလှုပ်ရှားမှုမှာ၊ ပါဝင်ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ဗိုလ်ကြီး ဟောင်း နေမျိုးဇင်ဟာ ရန်ကုန်မြို့ အောင်သပြေစစ်ကြောရေးစခန်းမှာ နှိပ်စက်ညှင်းပန်းခြင်း ခံခဲ့ရရာက၊ သြ ဂုတ်လ (၂၆) ရက်နေ့မှာတော့ သူ့ကို အင်းစိန်ထောင်တွင်းအထူးတရာရုံးကနေ အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့၊ ထောင်ဒဏ် (၁၀) နှစ်၊ ချမှတ်လိုက်ပါတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့မျှော်လင့်ချက်တွေ ရှိလာချိန်မှာပဲ၊ အခုလို ပေါ်ပေါက်လာတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖြစ်စဉ်ဟာ၊ ဒီမျှော်လင့်ချက်တွေကို ဘယ်လိုထိခိုက် စေနိုင်ပါသလဲ၊ ဒီအကြောင်းကို၊ နှစ်ရှည် နိုင်ငံရေးအကျဉ်းသား ဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်နဲ့ ဆက်သွယ်ဆွေးနွေးပြီး၊ ဦးရော်နီညိမ်း က ဒီသီတင်းပတ် တပ်မှူးတပ် သား ပြောစကား ကဏ္ဍကို၊ စီစဉ် တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း ။ ။ ဦ၀င်းထိန် ခင်ဗျား၊ ဦးဝင်းးထိန်သည် ပထမအကြိမ် နိုင်ငံရေးအကျဉ်းသားအဖြစ် ကနေ (၆) နှစ်ကြာ အကျဉ်းကျပြီး၊ ၁၉၉၅ ခုနှစ်မှာ ပြန်လွတ်လာပြီးတဲ့နောက်၊ (၁) နှစ်အကြာ၊ ၁၉၉၆ ခုနှစ်မှာ ထပ်ပြီး အဖမ်းခံရတဲ့အချိန်မှာ ဘာပုဒ်မနဲ့ ဘာအကြောင်းပြချက်နဲ့ ဦးဝင်းထိန်ကို ဖမ်းခဲ့ပါသလဲ ခင်ဗျ။ အခု ဗိုလ်ကြီးဟောင်း နေမျိုးဇင် အဖမ်းခံခဲ့ရပုံနဲ့ နှိုင်းယှဉ်ကြည့်ချင်လို့ပါ။

(မှတ်ချက်။ ။ ၁၉၈၉ အာဇာနည်နေ့ လူထုချီတက်ပွဲ စီစဉ်သည့် ကိစ္စနှင့်၊ ၁၉၈၉ ဇူလိုင် (၂၀) ရက်နေ့ ဒေါ် အောင်ဆန်းစုကြည်၏ နေအိမ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံခြားရေးရာလက်ထောက်ဖြစ်သော ဦးဝင်း ထိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံရကာ၊ ထောင်ဒဏ်(၆)နှစ် ကျခံခဲ့ရသည်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်၏ ထိုစဉ်က ဥက္ကဋ္ဌဦးတင်ဦးလည်း ၁၉၈၉ ဇူလိုင်(၂၀)ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ၁၉၉၅ တွင်၊ ဦးဝင်းထိန် ပထမအကြိမ် ပြန်လည်လွတ်မြောက်လာခဲ့ပြီး မကြာခင် ၁၉၉၅ခုနှစ် ထဲမှာပင်၊ ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့လည်း၊ နေ အိမ်အကျယ်ချုပ်များမှ၊ ရှေ့ဆင့်နောက်ဆင့် လွတ်မြောက်လာခဲ့သည်။)

ဦးဝင်းထိန် ။ ။ အဲဒီအချိန် ၁၉၉၆ မှာ၊ ဒေါ်အောင်ဆန်းစုကြည်လည်း ပြန်ပြီး လွတ်မြောက်လာပြီ။ လှုပ်ရှားမှုတွေ ပြန်ပြီး လုပ်နေပြီ။ အဲဒီအခါမှာ၊ ကျနော်တို့ NLD နိုင်ငံရေးအရှိန်အဟုန် ပြန်ပြီး ရလာတယ်။ အဲဒီ ရလာတဲ့ နိုင်ငံရေးအရှိန်အဟုန်ကို ချိုးနှိမ်ဖို့၊ သူတို့ဘက်က တဖြည်းဖြည်း လုပ်ငန်းလေးတွေ စလာတဲ့ အခါကျတော့၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးအောင်ရွှေတို့ အနားက လူတွေကို၊ မကြာ ခင်မှာ ဖမ်းတော့မယ်ဆိုတာ၊ ကျနော့်မှာ အာရုံကို ရသလို ဖြစ်နေတယ်။ ဒါကြောင့် ၁၉၉၆ခုနှစ် မေလ (၂၁) ရက်နေ့၊ ကျနော့်ကို ဖမ်းတဲ့အခါမှာ၊ လိုအပ်တာ တွေထည့်ထားတဲ့ အထုပ်တထုပ် ကျနော့်အိမ်မှာ အဆင်သင့် လုပ်ထားတာမို့၊ ကောက်ခါငင်ခါပဲ လိုက်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်၊ သူတို့ရဲ့ ဖိနှိပ်မှုပုံစံက သိပ်သိ သာ တာကိုး။ ၁၉၉၀ ရွေးကောက်ပွဲအပြီး၊ အဖမ်း မခံကြရလို့၊ နိုင်ငံခြားကို ထွက်မပြေးကြလို့ ကျန်နေကြတဲ့ (၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ) လွှတ်တော်အမတ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စုဝေးပြီး အစည်းအဝေး ကြီး လုပ်တော့မယ်လို့ စနေတဲ့ တပြိုင်ထဲမှာပဲ၊ လူဖမ်းပွဲကြီးက စတာ ပါပဲ။ အဲဒီတုန်းက ပုံစံနဲ့ အခု ဗိုလ်ကြီး နေမျိုးဇင် ဖြစ်တဲ့ ပုံစံကတော့၊ အတူတူပဲဗျ။ အဲဒီတုန်းက ၁၉၉၆ ခုနှစ်မှာ ဖြစ်ခဲ့တဲ့ပုံစံကတော့ လူအများစုပေါ့။ NLD က အများစုကို ဖိနှိပ်တာ။ အခု ဗိုလ်ကြီးနေမျိုးဇင် ကျတော့၊ တယောက်ထဲ ဖြစ်သော်လည်းပဲ၊ ဖြစ်ပုံဖြစ် နည်းနဲ့ အာဏာပိုင်တွေရဲ့ တွေးခေါ်ပုံတွေးခေါ်နည်းက အခုထက်ထိ တပုံစံထဲပါပဲ။ ဘာမှ အပြောင်းအလဲ မရှိ ပါဘူး။ ကျနော် အဲဒီလို သတိထားမိတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဦးဝင်းထိန်ကို ၁၉၉၆ ခုနှစ်မှာ၊ ဘယ်လို စွပ်စွဲချက်၊ ဘယ်လို ပုဒ်မနဲ့ ဖမ်းဆီးခဲ့ပါ သလဲ ခင်ဗျ။ ထောင်ဒဏ် (၁၄) နှစ်တောင်မှ ကျခံခဲ့ရတဲ့ ကိစ္စက။

ဦးဝင်းထိန် ။ ။ အဲဒီတုန်းက အဖမ်းခံရတာကို ပြောရင်၊ အဲဒီတုန်းက ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ထောက်လှမ်းရေးက ပုဂ္ဂိုလ်တွေအကြောင်းပါ ပြောရမယ်။ အဲဒီတုန်းက နိုင်ငံရေးကိစ္စကို ကိုင်နေတာက၊ ဒုဗိုလ်မှူးကြီးသန်းထွန်းပေါ့။ အခုတော့ ဗိုလ်မှူးချုပ်ဟောင်းသန်းထွန်း၊ ခန္တီးထောင်ထဲမှာ ပေါ့။ ဒီပုဂ္ဂိုလ်က ၁၉၈၈ လူထုအုံကြွမှု စကတည်းက၊ နိုင်ငံရေးသမားတွေနဲ့ ပတ်သက်ပြီး ကိုင်တွယ်ခဲ့တာကြောင့်၊ (နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့) လူတွေအားလုံးကို သူ တော်တော်များများ သိတယ်။ အချက်အချာကျတဲ့သူတွေကို သူက သိတယ်။ ကျနော်က ၁၉၉၅ မှာ၊ ထောင်ကလွတ်ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDရဲ့ လုပ်ငန်း တွေ အောင်မြင်အောင်၊ ကျနော်က ဆက်လုပ်တယ်။ အဲဒီတော့ ကျနော့်ကို ထောင်ထပ်ချဖို့ ဆုံးဖြတ်တာက တော့၊ သူပါပဲ။ ဗိုလ်ချုပ်ကြီးခင်ညွန့်ကလည်း၊ green light ပေးပြီးသားပေါ့။ အဲဒီတော့ သူက ကျနော့်အတွက် အမှုရှာတယ်။ အဲဒီအခါမှာ၊ သူက နှစ်ချက် သွားတွေ့တယ်။ တချက်ကတော့ Australia Broadcasting Corporation ဆိုတဲ့၊ သြစတြေလျနိုင်ငံက ABC တီဗီအဖွဲ့နဲ့ အင်တာဗျူးကိစ္စ။ အင်တာဗျူး လုပ်တာက၊ ကျနော့် တယေက်ထဲ မဟုတ်ဘူး။ ဗိုလ်ချုပ် အေဘယ်လ် (၁၉၈၈ စက်တင်ဘာ (၁၈) ရက်၊ စစ်အာဏာသိမ်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး အဖွဲ့ဝင်ဟောင်းနှင့်၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုး တက်ရေးဝန်ကြီးဟောင်း အငြိမ်းစား ဗိုလ်မှူးချုပ် ဒေးဗစ် အိုဝင် အေဘယ်လ် - Retired Bigadier General David Owen Abel) ကိုလည်း အင်တာဗျူးလုပ်တယ်။ ဘဏ္ဍာရေး (၀န်ကြီးဌာန) က၊ ဦးဆက်မောင်ကိုလည်း၊ အင်တာဗျူး လုပ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အင်တာဗျူးလုပ်တယ်။ ကျနော်ကလည်း ထဲထဲဝင် ၀င် အကုန်သိနေတော့၊ ကျနော့်ကိုလည်း အင်တာဗျူးလုပ်တယ်။ အ၊ဓိကအားဖြင့် သူတို့ကို ကျနော်က နိုင်ငံ ရေး သုံးသပ်ပြလိုက်တာက၊ မကြာခင်မှာ ကျနော်တို့ NLD ပါတီဝင်တွေကိုတော့၊ အကြီးအကျယ် ဖမ်းလိမ့် မယ်၊ ဘာနဲ့တူသလဲဆိုရင်၊ သစ်ပင်ကြီးတပင်ကို ဖြိုတဲ့အခါမှာ၊ သစ်ပင်ကြီးကိုလည်း မလှဲဘူး၊ ပင်စည်ကို လည်း မလှဲဘူး၊ ကိုင်းဖျားကိုင်းနားမှန်သမျှကို အကုန်ခုတ်ပစ်တော့မယ်လို့၊ ကျနော်က ကြိုတင်ပြီး ဟောကိန်း ထုတ်ခဲ့တဲ့ အကြောင်းက၊ သူတို့ ရိုက်သွားတဲ့ ဗီဒီယို မှာပါတယ်၊ အဲဒါ ခုထိ ဒီအခွေ ကျနော့်အိမ်မှာ ရှိပါသေး တယ်။ နောက်တချက်က၊ သာယာဝတီထောင်မှာ နှိပ်စက်ညှင်းပန်းခံခဲ့ရတဲ့ အီဗား(ခေါ်)ကိုတင်လှိုင်နဲ့ ABC တီဗီအဖွဲ့နဲ့ အင်တာဗျူးကိစ္စ။ ခုတော့ ကိုတင်လှိုင်က သြစတြေလျနိုင်ငံ မဲလ်ဘုန်း(Melbourne) မြို့ကို ရောက် နေပြီ။ ကိုတင်လှိုင်က ၁၉၈၈ ကတည်းက စပြီး လှုပ်ရှားတဲ့ “သုံးရောင်ခြယ်” ကျောင်းသားအုပ်စုထဲက အဖွဲ့ဝင် ပါ။ ၁၉၈၈ လူထုအုံကြွမှုလည်း စရော၊ “သုံးရောင်ခြယ်” ဟာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အထွေထွေလုံခြုံရေး နဲ့ ဝေယျာဝစ္စတွေ အကုန်လုပ်ပေးတဲ့ အဖွဲ့ ဖြစ်လာတယ်။ အီဗား(ခေါ်)ကိုတင်လှိုင်ကလည်း ဒေါ်အောင်ဆန်းစု ကြည်အတွက် လုံခြုံရေးတာဝန်ခံတွေထဲက၊ တယောက်ပေါ့။ သူက သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၊ ၁၉၈၉ မှာ၊ သာယာဝတီထောင်ကို ရောက်သွားတယ်။ အဲဒီ သာယာဝတီထောင်မှာ နှိပ်စက်ညှင်း ပန်းခံရတာ တွေကို သူ့ကို ABC တီဗီက အင်တာဗျူးလုပ်တော့၊ ကျနော်က ဘေးနားကနေ ဘာသာပြန်ပေးရတယ်။ အဲဒီ တော့ ABC တီဗီအဖွဲ့နဲ့ အင်တာဗျူးနှစ်ခုပေါင်းအတွက်၊ ကျနော့်ကို ထောင်ဒဏ် (၇)နှစ်က တခု။ နောက်တခု က ဟင်္သာတနယ်က ဦးကံရှိန်ဆိုတဲ့ လယ်သမားကြီးက သူ့ရဲ့လယ်မှာ သူ့ပိုက်ဆံနဲ့သူ ပဲစိုက်တယ်။ အဲဒီတော့ မြို့နယ်ကောင်စီ (ထိုအချိန်တွင် မြို့နယ်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ - မ၀တ) ဥက္ကဋ္ဌက၊ နွေစပါးစိုက် ရမယ်လို့ ပြောတဲ့အခါကျ သူ့မှာ ပဲစိုက်ပြီးသား ဖြစ်နေလို့၊ စပါးမစိုက်ပါရစေနဲ့ လို့ပြောတော့၊ မ၀တ ဥက္ကဋ္ဌ အမိန့်နဲ့၊၊ ပဲခင်းကို ဘူဒိုဇာနဲ့ ထိုးပစ်လိုက်တယ်၊ နွေစပါး (၁၀) ဧက အတင်းစိုက်ခိုင်းလို့ စိုက်ရတယ်။ ဒါပေမဲ့ စပါးက တစေ့မှ မထွက်ဘူး။ အဲဒီလို ဖြစ်နေတာတွေကို၊ လယ်သမားကြီး ဦးကံရှိန်က ဗီဒီယိုရိုက်ပြီး၊ ဒေါ် အောင်ဆန်းစုကြည်ကို တင်ပြလာတယ်။ အဲဒီ ဗီဒီယိုအခွေကို၊ ကျနော်က ယူထားပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကို တင်ပြပေးမယ်လို့၊ ဦးကံရှိန်တို့ကို ပြောထားတယ်။ အဲဒီကိစ္စမှာ၊ ကျနော်က နွေစပါး စီမံကိန်းကို နှောက် ယှက်တယ် ဆိုပြီး၊ ထောက်လှမ်းရေးက နောက်တမှု ထပ်ဆင်တယ်။ ကျနော်က ဦးကံရှိန်ရဲ့ ဗီဒီယိုကိုလည်း မကြည့်ဖူးဘူး၊ ဦးကံရှိန် ပြောသမျှကိုတော့ (ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဖို့) နားထောင်တယ်။ ဒေါ် အောင်ဆန်းစုကြည်ကိုလည်း တင်ပြပေးဖို့ အချိန်မရသေးဘူး။ နောက်တခုက ဒီ နွေစပါး စီမံကိန်းနဲ့ပတ်သက် လို့၊ လယ်သမားတွေနဲ့ နေရာအနှံ့မှာ ပြဿနာမျိုးစုံဖြစ်နေတာ လူတကာ သိပြီးသားမို့၊ ဒါက အရေးမကြီးလို့၊ ကျနော်က ဦးကံရှိန်ရဲ့ ဗီဒီယိုခွေကို စားပွဲပေါ်မှာပဲ တင်ထားတယ်။ အဲဒီတော့ နွေစပါး စီမံကိန်းကို ဖျက်လို ဖျက်ဆီးလုပ်တယ် ဆိုတဲ့၊ စွပ်စွဲချက်နဲ့က ထောင်ဒဏ် (၇)နှစ်၊ စောစောက သြစတြေလျ ABC တီဗီနဲ့ အင်တာ ဗျူးနှစ်ခုကိစ္စအတွက်က (၇) နှစ်ဆိုတော့၊ စုစုပေါင်း (၁၄) နှစ်ပေါ့။

(၂၀၀၄ ခုနှစ်တွင်၊ ဗိုလ်ချုပ်ကြီးခင်ညွန့်နှင့် ထောက်လှမ်းရေး တဖွဲ့လုံးကို၊ ဗှိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြုတ်-ထုတ်-ရှင်း ပြီး၊ ပုဒ်မအမျိုးမျိုးနှင့် ထောင်ဒဏ်နှစ်ရှည်များ ချမှတ်ရာတွင်၊စစ်အစိုးရနှင့် NLD အကြား ဆက်ဆံ ရေးအရာရှိလည်း ဖြစ်သဖြင့် NLD သန်းထွန်းဟု လူသိများခဲ့ကာ၊ ယခု အခါ လာဘ်စားမှုနှင့် ထောင်ဒဏ် နှစ် (၁၀၀) ကျော် ကျခံနေရသော ဗိုလ်မှူးချုပ်ဟောင်း သန်းထွန်း - DSA 13)

ဦးရော်နီညိမ်း ။ ။ အဲဒီ့ ဦးကံရှိန်ရဲ့ ဗီဒီယိုခွေကို၊ ဦးဝင်းထိန်ကိုယ်တိုင် ခုထိ မကြည့်ရသေးဘူးပေါ့။

ဦးဝင်းထိန် ။ ။ (ရယ်လျှက်) ခုထိ တခါမှ မကြည့်ရသေးဘူး။ ဒါပေမဲ့ ထူးဆန်းတာက၊ အဲဒီအမှုကို ထောက်လှမ်းရေးက တရားရုံးတင်တဲ့အခါမှာ၊ ဦးကံရှိန်နဲ့ ဦးကံရှိန်ရဲ့လယ်ဘေးက လယ်သမားတွေကိုပါ သက်သေခေါ်တယ်။ ဦးကံရှိန်ကကော၊ အဲဒီလယ်သမားတွေကကော၊ တရားသူကြီးရှေ့မှာ၊ ဘာပြောလဲ ဆို တော့၊ လယ်ထဲကို ရေတင်ဖို့ ရေစုပ်စက်အတွက် ဒီဇယ်ဆီကလည်း အစိုးရက မပေးတော့၊ မှောင်ခိုက ၀ယ်ရ တယ်၊ ဒါလည်း ရေမလောက်ဘူး ဆိုတာတွေ ပြောကြတယ်။ တရားသူကြီးက အဲဒီ နွေစပါးစိုက်ခင်း (၁၀)ဧက မှာ၊ စပါး ဘယ်လောက်ထွက်သလဲလို့ မေးတယ်။ ဦးကံရှိန်ကကော၊ အဲဒီ လယ်သမားတွေကကော၊ စပါးတစေ့ မှ မထွက်ဘူးပြောတော့၊ ကျနော်က ရယ်တာပေါ့။ အဲဒီတော့ တရားသူကြီးက တရားရုံးကို မလေးမခန့် မလုပ် ပါနဲ့လို့ တားမြစ်ခံရသေးတယ်။ စဉ်းစားကြည့်လေ။ နွေစပါးစိုက်လို့ မအောင်မြင်တာကို၊ အကြောင်းပြပြီး ကျနော့်ကို အမှုလုပ် တရားရုံးတင်တယ်၊ သူတို့ S.B. (Police Special Branch of Investigation - ရဲအထူး စုံစမ်းစစ်ဆေးရေးအဖွဲ့) က၊ တရားလိုပြသက်သေ ခေါ်ထားတဲ့သူတွေ ကိုယ်တိုင်က နွေစပါး တစေ့မှ မထွက် ဘူးလို့၊ ထွက်ဆိုကြတော့၊ ကျနော်က မရယ်ပဲ ဘယ်နေနိုင်မလဲ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်ပေါ့နော်။ အားလုံး သိထားတာကတော့၊ သူဟာ သွေးလှူဒါန်းခြင်းကိစ္စကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် လူငယ်တွေနဲ့ အတူ၊ ပထမ ရန်ကုန်မြို့မှာ လုပ်နေတုန်းကတော့၊ ဘာမှ ပြဿနာပေါ်သံ မကြားမိဘူး။ သို့သော် သူဟာ သူ့မိခင်ရဲ့ ဇာတိဖြစ်တဲ့ မြိတ် ဘက်ကိုပါ သွားပြီး၊ ဒီ သွေးလှူဒါန်းခြင်းကိစ္စကို လုပ်တဲ့အခါမှာတော့၊ ရန်ကုန်ကို ပြန်လာတဲ့အခါမှာ၊ သူဟာ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က၊ ကိုယ်တိုင်လည်း အင်တာနက်ကဖေးဆိုင် ဖွင့်ထား တယ်၊ အဲဒီတော့ သူသည် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (က) နဲ့ ငြိနေတယ်ဆိုရင်၊ လွန်ခဲ့သော ဒီဆိုင် ဖွင့်ကတည်းက၊ သူ့ကို စောင့်ကြည့်ပြီး ဖမ်းဆီးတာ လုပ်လို့လည်း ရတယ်၊ ခုလိုမျိုး ထောင်ချတာလည်း လုပ် လို့လည်း ရတယ်။ သို့သော်၊ အဲဒီတုန်းက မလုပ်ပဲနဲ့၊ ခုမှ လုပ်တာကို၊ ဦးဝင်းထိန်ကော၊ အဲဒီကိစ္စကို ဘယ်လို များ သိရှိထားပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဗိုလ်ကြီး နေမျိုးဇင်နဲ့ ကျနော်နဲ့က၊ ကျနော် ဒီတခေါက် (၂၀၁၀ ဇူလိုင် ၁၅ ရက်) ထောင်က လွတ်ပြီးတော့၊ ကိုဇာဂနာရဲ့ ဖခင်ကြီး (ကွယ်လွန်သူ) ဦးနန်းညွန့်ဆွေရဲ့ ရက်လည်ဆွမ်းကျွေးမှာ၊ တွေ့တာ။ သူက စပြီး မိတ်ဆက်တယ်။ သူဟာ တပ်ကထွက်ခဲ့တဲ့ သူပါ၊ နိုင်ငံရေးကိစ္စတွေ လုပ်ဖို့၊ ၀ါဿနာ ပါ ပါတယ်၊ ကျနော့်နံမည်လည်း သူ ကြားဖူးနေတာကြောင့်၊ ကျနော်နဲ့ ဆက်နွယ်ပြီး၊ နိုင်ငံရေးကိစ္စတွေမှာ ပါဝင် ချင်ပါတယ်လို့၊ သူ့ကိုယ်သူ offer လုပ်တယ်၊ volunteer လုပ်တာပေါ့။ အဲဒီတော့ ကျနော်ကလည်း၊ မှတ်ထား ပြီးတော့၊ ဒါဆိုရင် ခေါ်ပါမယ်၊ လုပ်စရာရှိရင် ပြောပါမယ်လို့ သူ့ကို ပြောထားတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးတဲ့နောက်၊ လှုပ်ရှားမှုတွေ စတင်တဲ့အခါမှာ၊ ကျနော်ကလည်း အတွင်းရေးမှူးရုံးအဖွဲ့မှာ တာဝန် ပြန်ယူတယ်၊ လူငယ်တွေကလည်း သူ့နေရာနဲ့သူ တာဝန်တွေ ယူကြတဲ့အခါမှာ၊ သူကလည်း ရုံးကို ရောက်လာ ပြီးတော့၊ ဘာလုပ်ပေးရမလဲ ခိုင်းချင်တာ ခိုင်းပါ၊ ဆိုပြီး ပြောတဲ့အခါကျတော့၊ ရုတ်တရက်ဆိုတော့ သူနဲ့ ကျနော်နဲ့က သိပ်လည်း မသိသေးဘူး၊ နောက်တခုက ကိုယ့်ရဲ့နေရာအနေအထားကလည်း ကောင်းကောင်း မရေရာသေးတော့၊ သူ့ကို “ကောင်းပြီ၊ ဒါဆိုရင် သွေးလှူတဲ့ အဖွဲ့မှာ၊ ၀င်လုပ်လိုက်ပါ၊ လုပ်အားပေးလိုက်ပါ” လို့၊ ကျနော်က ပြောတော့၊ သူဟာ သွေးလှူတဲ့ အဖွဲ့မှာ၊ တက်တက်ကြွကြွ ၀င်ပြီးလုပ်နေတာ တွေ့ရတယ်။ သွေးလှူဒါန်းရေးကိစ္စတွေအတွက် သူ့မှာ ရှိတဲ့ကားနဲ့ ဟိုပို့ ဒီပို့တာတွေ၊ သူ လုပ်ပေးတယ်။ ဒါတွေကို ကျနော် လည်း သိနေတယ်။ ဒါပေမဲ့၊ ဖြစ်လာတာက၊ သူဟာ NLDရုံးကို အရောက်အပေါက် များလာတယ်၊ သွေးလှူတဲ့ အဖွဲ့နဲ့ သွားလာလှုပ်ရှားမှုတွေ ရှိတယ်။ ဒါဟာ အင်မတန် ကောင်းတဲ့အလုပ်။ အားလုံးက လက်ခံတယ်။ နောက်ပြီးတော့၊ သွေးလှူဒါန်းရေးလှုပ်ရှားမှု စတုန်းက၊ အာဏာပိုင်တွေရဲ့ အမျိုးမျိုးစောင့်ကြည့်တာတွေကို ခံရတာတောင်မှ၊ သူက ရဲရဲရင့်ရင့်နဲ့ သတ္တိရှိရှိ ၀င်ပြီး လုပ်ကိုင်ပေးတယ်။ အဲဒီလို လုပ်နေရင်းနဲ့၊ တချိန်မှာ ဘာဖြစ်လာသလဲ ဆိုတော့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သွားလာလှုပ်ရှားမှုနဲ့ ပတ်သက်ပြီး၊ လုံခြုံရေးလိုက်တဲ့ ကားကပျက်လို့ အစားထိုးဖို့ လုပ်တဲ့အခါမှာ သူက သူ့ကားကို အသုံးပြုခွင့် ပေးတယ်။ အဲဒီတော့ ဒေါ်အောင် ဆန်းစုကြည် သွားတဲ့နေရာတိုင်းမှာ၊ လူငယ်တွေက သူ့ကားကို စီးကြတယ်။ အဲဒီမှာ ကျနော် သိလိုက်ပြီ။ သူ ဟာ အာဏာပိုင်တွေရဲ့ ရေဒါ (radar) အောက်တော့ ရောက်သွားပြီ ဆိုတာ သေချာပေါက် ကျနော် တွက်လို့ ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ခံရပေါင်းများနေတော့၊ (ဒေါ်အောင်ဆန်းစုကြည် အနားကို) ဘယ်လို အနေအထားမှာ မဆို နီးကပ်လာတဲ့ ဘယ်သူကို မဆို၊ (အာဏာပိုင်တွေက) ဘယ်သူလဲ ဘယ်ဝါလဲ၊ သိချင်ကြတယ်။ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးယာဉ်တန်းမှာ သုံးလေးခေါက်လောက် ပါလိုက်ပြီ ဆိုတာနဲ့၊ မကြာခင်မှာ သူ့ကို ဆွဲတော့တာပဲ။ အဲဒီတော့ ဆွဲတဲ့ကိစ္စဟာ၊ သူ မြိတ်ဘက် သွားခဲ့တာနဲ့လည်း မဆိုင်ဘူး၊ အင်တာနက်ကဖေးဆိုင် ထောင်ထားတာနဲ့လည်း မဆိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည် အနားကို တဖြည်းဖြည်းနဲ့ အနီးကပ်ရောက်လာတဲ့သူဟာ ဘယ်သူလဲဆိုတာ၊ ကြည့်လိုက်တော့၊ စစ်ဗိုလ်ဟောင်းလည်း ဆိုရော၊ သူတို့(အာဏာပိုင်တွေ) ခေါင်းမွေးတွေဘာတွေ ထောင်သွားပြီး၊ ဒီကောင် ဘာကောင်လဲဆိုတာ သိဖို့ အတွက်၊ သူ့ကို ဆွဲတယ်။ ဆွဲတဲ့အခါမှာ၊ သူဟာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဘာမှ ထဲထဲဝင်ဝင် မရှိဘူး၊ ပတ် သက်နေတာ မရှိဘူး ဆိုတာကို၊ သိသွားကြတယ်။ သို့သော် သူဟာ အင်တာနက်ကဖေးဆိုင် ဖွင့်ထားတဲ့ အတွက်၊ သူ့ laptop တို့ ဘာတို့ကို ကြည့်စမ်း ဆိုပြီး၊ စစ်လိုက်တော့၊ ထုံးစံအတိုင်းပေါ့၊ laptop သုံးတယ်၊ အင်တာနက် သုံးတယ်ဆိုတော့၊ နိုင်ငံခြားနဲ့ ဆက်သွယ်မှုတွေ ရှိမှာပေါ့၊ အဲဒါတွေနဲ့ ငြိပြီး ခုလို ထောင်ချခံရ တာ။ ဆိုလိုတာက၊ mentality (စိတ်ပိုင်းဆိုင်ရာတွေးဆမှု) ပေါ့။ အခု ဒေါ်အောင်ဆန်းစုကြည်က (အစိုးရနဲ့) ပြေလည်ရာပြေလည်ကြောင်း ကြိုးစားတာက၊ တပိုင်းပေါ့။ အဲဒီအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အနားကို ရောက်လာတဲ့သူတွေကို၊ ဘယ်သူတွေလဲ၊ ဒီကောင် ဘာနဲ့ငြိနိုင်မလဲ ဆိုတာကို ကြည့်တယ်၊ ပြီးတာနဲ့ ငြိတဲ့ ဟာနဲ့ ဆွဲလိုက်၊ ဆိုပြီးတော့ လုပ်တဲ့ mentality စိတ်အယူအဆ ပေါ့။ အဲဒီ စိတ်အယူအဆနဲ့၊ ကိုနေမျိုးဇင် အဆွဲခံရတာ။ ။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒါမျိုး ဖြစ်တယ်ဆိုရင်၊ ကျနော်တို့က ဘာထပ်ပြီး မြင်ကြည့်လို့ ရသလဲ ဆိုတော့၊ ဦးဝင်းထိန်တုန်းက ၁၉၇၆ ခုနှစ်မှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးတင်ဦး (ယခု NLD ဒုဥက္ကဋ္ဌ ဦးတင်ဦး) အတင်းအကြပ် အနားပေးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့၊ တပ်မတော်ထဲက လူငယ်အရာ ရှိတွေ မခံမရပ်နိုင် ဖြစ်ကြရတဲ့ ကိစ္စ (ဗိုလ်ကြီးအုန်းကျော်မြင့်၏ နိုင်ငံတော်လုပ်ကြံမှု)မှာ၊ ဦးဝင်းထိန်ဟာ ကိုယ် ထိလက်ရောက် ပါဝင်ခဲ့တာ မဟုတ်ပေမဲ့လည်း၊ (ဗိုလ်ကြီးအုန်းကျော်မြင့်က) လာရောက် အသိပေးထားတာကို ခံရတဲ့အတွက်၊ အဲဒါနဲ့ပဲ အရေးယူခံခဲ့ရတယ်။ တခါ ၁၉၈၈ ရှစ်လေးလုံး လူထုအုံကြွမှုကြီး ပြီးသွားတဲ့အခါမှာ၊ NLD မှာ ဦးဝင်းထိန် ပါဝင်လာတယ်၊ တခါ ခုနပြောကြသလိုပဲ၊ ဦးဝင်းထိန်ဟာ ဒေါ်အောင်ဆန်းစုကြည် အနား ကို ရောက်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယုံကြည်စိတ်ချအားကိုးစွာနဲ့ တာဝန်တွေ ပေးအပ်တာကို လည်း ခံခဲ့ရတယ်။ အဲဒါကိုလည်း သူတို့(အာဏာပိုင်တွေ) မကြိုက်ကြတဲ့အခါမှာ နောက်ထပ်“၀င်းထိန်”မျိုးတွေ တပ်ထဲမှာ မပေါ်ထွက်လာရအောင် ဆိုတဲ့ နမူနာသဘောမျိုးနဲ့ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို ပထမတခေါက် မှာ ထောင်ဒဏ် (၆)နှစ် ချရာကနေ၊ ဒုတိယတခေါက်မှာ ထောင်ဒဏ် (၁၄) နှစ် ချတယ်၊ တခါ (၁၄)နှစ် ပြည့် သွားတာတောင်မှ၊ နောက်နှစ်လ ထပ်ထည့်ထားသေးတယ်၊ စတဲ့ အဲဒါမျိုးတွေ ဦးဝင်းထိန်အပေါ် လုပ်ခဲ့တယ် လို့ သုံးသပ်ကြသူတွေလည်း ရှိနေပါတယ်။ ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင် တန်း အမှတ်စဉ် (၅) က၊ ဖြစ်ပါတယ်။ ဗိုလ်ကြီးဟောင်း နေမျိုးဇင်က စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၃၉) က၊ ဖြစ်ပါတယ်။ အဲဒီတော့ နောက်မျိုးဆက်ထဲမှာလည်း၊ နောက်ထပ် “နေမျိုးဇင်”တွေ တပ် ထဲက ထပ်ပြီး ပေါ်ထွက်မလာစေရ၊ ဆိုတဲ့ နမူနာနဲ့ လုပ်တဲ့သဘောမျိုး ရှိနေပါသလား ခင်ဗျ။၊ ဦးဝင်းထိန်တုန်း က ခံခဲ့ရတာနဲ့၊ အခု ဗိုလ်ကြီးဟောင်း နေမျိုးဇင်ရဲ့ ဖြစ်စဉ်အပေါ်မှာ သုံးသပ်ပေးပါ ခင်ဗျ။

ဦးဝင်းထိန် ။ ။ သူတို့(အာဏာပိုင်တွေ) ရဲ့ ရည်ရွယ်ချက်တွေကတော့၊ အမျိုးမျိုး ရှိတာပေါ့။ ခုန ကျနော် ပြောသလို၊ ဗိုလ်ကြီးနေမျိုးဇင်က ဒေါ်အောင်ဆန်းစုကြည်နားကို တဖြည်းဖြည်းရောက်လာတော့၊ ဘယ်ကနေ အစ ထွက်သလဲ ဆိုတာကို ဆွဲကြည့်တယ်၊ အစထွက်တာနဲ့၊ “ဒီကောင့်ကို ထောင်ချကွ” ဆိုတဲ့၊ (အာဏာပိုင်တွေရဲ့) စိတ်နေသဘောထားတွေကြောင့်၊ သူ ခံသွားရတာပဲ။ ဒါက တချက်ပေါ့။ နောက်တချက် က၊ ခင်ဗျား ခုနပြောသလိုပဲ။ ကျနော်တို့ ကိုနေမျိုးဇင်တို့ဟာ တပ်မတော်သားတွေြ့ဖစ်ခဲ့ပေမဲ့၊ တပ်မတော်က လုပ်ကိုင်နေတာတွေကို ဘာလို့ ဆန့်ကျင်နေကြရတာလဲ၊ ဆိုတဲ့ အယူအဆ၊ သူတို့မှာ ရှိတယ်။ ခက်တာက၊ သူတို့က ကျနော်တို့ကို နားမလည်တာ။ ကျနော်တို့က တပ်မတော်ကိုလည်း မမုန်းဘူး၊ တပ်မတော်သားတွေကို လည်း မမုန်းဘူး။ ဒီတပ်မတော်ကို အင်မတန်မှ အဆင့်အတန်းမြင့်မြင့်နဲ့၊ နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ ကြည်း-ရေ-လေ၊ အားလုံးပေါ့။ အထူးသဖြင့် စိတ်ဓါတ်အနေအထား အဆင့်အ တန်းမြင့်စေချင်တယ်။ တိုင်းသူပြည်သား ပြည်သူလူထုကို ရင်ဝယ်သားကဲ့သို့ သဘောထားနိုင်တဲ့ တပ်မတော် သားတွေ ပါဝင်တဲ့ တပ်မတော် ဖြစ်စေချင်တယ်။ အဲဒီလိုတွေ ဖြစ်စေချင်တဲ့အတွက်ကြောင့်၊ ကျနော် NLDမှာ၊ ၀င်လုပ်နေတာ။ ဒါကို ကျနော်တို့က တပ်မတော်ကို မုန်းတီးလို့ ဆိုတာမျိုး လုံးဝ မဟုတ်ဘူး။ တပ်မတော်ကို ဆန့်ကျင်နေတယ် ဆိုတာ၊ လုံးဝ မဟုတ်ဘူး။ ကျနော်တို့က စနစ်ကိုပဲ ဆန့်ကျင်နေတာ။ သူတို့က ဘယ်လိုပဲ ယူဆယူဆ၊ ကျနော်ကတော့ ကျနော်ကျရာတာဝန်ကနေ ဆက်ပြီးထမ်းဆောင်သွားဖို့ရာကို၊ စိတ်ပိုင်းဖြတ်ထား ပါတယ်။

ဦးရော်နီညိမ်း ။ ။ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးဝင်းထိန်ကို၊ ဆက်သွယ် မေးမြန်း တင်ပြခဲ့တာပါ ခင်ဗျာ။ “ဗိုလ်ကြီးဟောင်း နေမျိုးဇင် နမူနာ နှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး မျှော်လင့်ချက် - အပိုင်း (၂)” ကို၊ နောက်သီတင်းပတ် စနေနေ့ မနက်ခင်းနဲ့ ညနေခင်းတွေမှာ၊ ဆက်ပြီး တင် ဆက်ပေးသွားပါမယ်။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။

XS
SM
MD
LG