သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ အာဏာလွန်ဆွဲပွဲများ


တပ်မှူးတပ်သား ပြောစကား (၀၂၅)

၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ အာဏာလွန်ဆွဲပွဲများ

လာမဲ့ စက်တင်ဘာ (၁၈)ရက်နေ့ဟာ၊ မြန်မာနိုင်ငံမှာ ဒုတိယအကြိမ် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့တဲ့ (၂၂)နှစ် မြောက်နေ့ ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာ (၁၈)ရက်နေ့က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရရဲ့ ခေါင်းဆောင်ပိုင်းကနေ တပ်မတော်ကို အာဏာ သိမ်းခိုင်းခဲ့ပုံနဲ့၊ အာဏာသိမ်းပြီး နဝတအချိန်အခါမှာ အာဏာသိမ်းစစ်ခေါင်းဆောင်သုံးဦးကြားက အာဏာလွန်ဆွဲမှုတွေ အကြောင်းကို ဒီ သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်က သုံးသပ်တင်ပြထားပြီး၊ ဦးရော်နီညိမ်း က တင်ဆက်ထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ရယ်လို့ ပေါ်ပေါက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ၊ အဲဒီ နဝတ ထိပ် သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အဲဒီအချိန်က အတွင်းရေးမှူး(၁) ဗိုလ်မှူးချုပ်ခင်ညွှန့်တို့ကြားမှာ ဖြစ်ပေါ် ခဲ့တဲ့ အတွင်းရေးပြဿနာတွေကို မပြောပြခင်မှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ပုံကို စပြီး ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကနေမှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) (National Defence College) အပတ်စဉ်(၁)သင်တန်း (၁၉၈၈ နောက်ပိုင်း၊ ဗိုလ်မှူးချုပ်အဆင့်သို့ တိုးပေးရန် လျာထားခြင်းခံရသူ တက္ကသိုလ်ဘွဲ့ရ ဗိုလ်မှူးကြီးနှင့် အထက် အဆင့်ရှိသူများသာ တက်ရောက်ခွင့်ရှိပြီး၊ သင်တန်းကာလ (၁)နှစ် အပါအဝင် (၂)နှစ်အတွင်း သက်ဆိုင်ရာစာတမ်းပြုစုတင်သွင်းစေသည့် မဟာဝိဇ္ဇာဘွဲ့ပေးအပ်သော တပ်မတော်အတွင်း အဆင့်အမြင့်ဆုံး စစ်သင်တန်းကျောင်း) မှာ lecture ပေးတာရှိပါတယ် ခင်ဗျ။ အပတ်စဉ် (၁)ဆိုတာ ဗိုလ်ချုပ်ကြီးရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးတို့ တက်ခဲ့တဲ့ သင်တန်းပါ။ သူတို့ သင်တန်းတက်တဲ့ အချိန်အခါမှာ ကျနော်တို့လည်း နားထောင်ရပါတယ်။ အဲဒီ lecture မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က ပြောတာပါပဲ ခင်ဗျ။ စက်တင်ဘာ(၁၈)ရက်နေ့ မနက်ပိုင်း မှာ အေဒီလမ်း ဦးနေဝင်းအိမ်မှာပဲ အစည်းအဝေးလုပ်တယ်။ အဲဒီ အချိန်တုန်းက မဆလ (ယခု “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ” ဟု အမည်ပြောင်းထားသော ထိုစဉ်က အာဏာရ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) လူကြီးတွေဖြစ်ခဲ့တဲ့ ဦးစန်းယု ပါတယ်။ ဗိုလ်ချုပ်ကြီး ကျော်ထင်၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်တို့အပါအဝင် ကျန်တဲ့မဆလခေါင်းဆောင်တွေ ရှိပါတယ်ခင်ဗျ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ် ကြီးစောမောင် နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကနေမှ ဦးနေဝင်းအပါအဝင် ဒီအဖွဲ့တွေအားလုံးကို မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေ နဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းခဲ့ရပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ စစ်အာဏာသိမ်းမှု ဘယ်လို ဖြစ်လာလဲ၊ ဘယ်သူ့အစီအမံနဲ့ ဘယ်သူက တကယ်တမ်း စစ်အာဏာသိမ်းဖို့ လိုအပ်ပြီ လို့ ဆုံးဖြတ်ချက်ချပြီးတော့ လုပ်ခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အာဏာသိမ်းဖို့ကတော့ အဲဒီနေ့ အစည်းအဝေးမှာ ဦးနေဝင်းကနေပြီးတော့မှ “စောမောင်တို့ ခင်ညွှန့်တို့ ကို မင်းတို့ လွှဲပေးလိုက်တော့” ဆိုပြီးတော့မှ အာဏာလွှဲခိုင်းလိုက်ပါတယ်။ စက်တင်ဘာ (၁၈)ရက်နေ့ ညနေ (၄)နာရီမှာ အဲဒီအချိန်တုန်းက (တပ်မတော်ဆက်သွယ်ရေးညွှန်ကြားရေးမှူးရုံး - ကကဆက်) ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးမျိုးသန့် (နောင် ပြန်ကြားရေးဝန် ကြီး ဖြစ်ခဲ့သူ)၊ တပ်မတော်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန ဒုဝန်ကြီး ဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်သန်းထွန်း) ပေါ့လေ။ ဒီနှစ်ယောက်က နေပြီးတော့မှ ဒေါက်တာမောင်မောင်က ရေးပေးတဲ့ လက်ရေးမူ ၊ type နဲ့ ရိုက်တာတောင် မဟုတ်ဘူး၊ လက်ရေးမူကို ကိုင်ပြီးတော့ မြန်မာ့အသံကို သွားပါတယ်။ မြန်မာ့အသံမှာ အဲ့ဒီ အချိန်တုန်းက တပ်က ပဲ ဗိုလ်ကြီးဘိုနီရဲ့ မိန်းမ ဒေါ်ခင်မလေးက ဖတ်ပါတယ်ခင်ဗျ၊ စက်တင်ဘာ (၁၈)ရက်နေ့မှာ အဲ့ဒီ ကြေညာချက်ကို ဖတ်ပါတယ်။ အဲဒီ ကြေ ညာချက်ကိုဖတ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့သဘောမျိုး သူတို့ လုပ်လိုက်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကြေညာချက် မထုတ်ခင် ဗိုလ်ချုပ်ကြီးနေဝင်း မှာတာကတော့ “စောမောင်၊ မင်းက ဥက္ကဌ လုပ်၊ ခင်ညွှန့် အတွင်းရေးမှူး လုပ်ပေါ့ကွာ” တဲ့၊ “ကျန်တဲ့ မင်းတို့ Colonel G.S (စစ်ဦးစီးဗိုလ်မှူးကြီး - ကြည်း) တို့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ စစ် ထောက်ချုပ်တို့ စစ်ရေးချုပ်တို့ ကတော့ အဖွဲ့ဝင် လုပ်ပေ့ါကွာ၊ ကျန်တဲ့ တိုင်းမှူးတွေထည့်ပြီး ဖွဲ့ပြီးတော့မှ အစိုးရအဖွဲ့ SLORC (State Law & Order Restoration Council) နဝတ အဖွဲ့ကို ဖွဲ့ပြီး လုပ်” ဆိုပြီးတော့မှ လမ်းညွှန်ချက် ပေးပါတယ်။ NDC က lecture မှာ ဗိုလ် ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်ပြောတာကို ကျနော်တို့ နားထောင်ခဲ့ရတာပါ။ တဆင့်စကား မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေက အမှန်ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ အပိုင်း ပါလာပြီပေါ့နော်၊ တပ်မတော်က ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ စစ်အာဏာသိမ်းတုန်းကတော့ သူဟာ အဖွဲ့ဝင်ပဲ။ အဖွဲ့ဝင်ဆိုတော့ ကျန်တဲ့ စစ်တိုင်းမှူးတွေနဲ့ အတူတူပဲ။ စစ်ရေးချုပ်၊ စစ် ထောက်ချုပ်၊ (စစ်တိုင်းများနှင့် တိုင်းမှူးများအား ကွပ်ကဲသည့် “ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့”) ကစထ (၁)၊(၂)၊ အဲဒီ ကစထမှူးတွေနဲ့လည်း သူက အတူတူပဲဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ ဘယ်လောက်ထိ သူ လုပ်နိုင်သလဲ ခင်ဗျ။ ဒီအဖွဲ့ထဲမှာ ကျန်တဲ့ စစ်တိုင်းမှူးတွေထက်ကော သူ ပိုပြီးတော့ သြဇာပိုရှိသလား၊ နောက် အတွင်းရေးမှူး (၁)၊ (၂) အဖြစ် ထားတဲ့ ဗိုလ်မှူးကြီးခင်ညွှန့်၊ ဗိုလ်မှူးကြီးတင်ဦး (စစ်အာဏာသိမ်းစဉ်က အဆင့်များ) တို့ထက်ကော ပိုပြီး သူ့မှာ လုပ်ပိုင်ခွင့် ပိုရှိသလား။ ပြောနိုင်ဆိုနိုင် လက်အောက် ကို ညွှန်ကြားနိုင်တဲ့ အနေအထားရှိသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ အပိုင်းပြောရရင် ဒီဘက် နောက်ပိုင်း တိုင်းမှူးဖြစ်တယ်၊ နောက် ဒုချုပ် (ဒုတိယ ကာကွယ်ရေးဦးစီးချုပ် - ကြည်း) ဖြစ်တဲ့ အချိန်အခါမှာ၊ ဒီလူကြီးကတော့ လူရိုးကြီးပဲ၊ အညာသားကြီးပဲ၊ ဘာမှ အစွယ်မရှိဘူးပေါ့လေ၊ အဲဒီလိုမျိုး အဲဒီအချိန် အဲဒီအခါက ကျနော်တို့ တွက်ခဲ့ကြတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွှန့်က သူ ဂျူနီယာ ဖြစ်တာလည်း ပါတယ်။ နောက် စစ်ရေးစစ်ရာမှာလည်း သူက စွမ်းစွမ်းတမံ တိုက်ခဲ့ခိုက်ခဲ့တဲ့လူ မဟုတ်ဘူး။ တောက်လျှောက် သူဟာ P.A လုပ်လိုက် Staff Officer လုပ်လိုက် အနေအထားမျိုး ရှိတဲ့အခါကျတော၊့ တကယ့် fighter လို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ကြီးမြင့်အောင် (အနောက်တောင်တိုင်း) တို့ ဗိုလ်ချုပ်ကြီးထွန်းကြည် (အနောက်မြောက်တိုင်း၊ နောင် အလယ်ပိုင်းတိုင်း) တို့ ဗိုလ်ချုပ်ကျော်ဘ (မြောက်ပိုင်းတိုင်း) (၁၉၈၈ စစ်အာ ဏာသိမ်းချိန်က နဝတအဖွဲ့ဝင် စစ်တိုင်းမှူးများ) တို့နဲ့ ယှဉ်တဲ့အခါမှာ စစ်ရေးစစ်ရာအပိုင်းမှာ သူ့ကို ကျန်တဲ့လူတွေက အထင်မကြီးတာ လည်း ပါတယ်။ နံပတ် One နံပါတ် Two ပေးတယ်ဆိုပေမယ့်၊ သူ့မှာ ကြားထဲက ဒုချုပ်လုပ်တဲ့သူက အဖွဲ့ဝင်ဖြစ်နေတော့ ကိုးလိုးကန့်လန့် ဖြစ်ပါတယ်။ political role မှာကျတော့ နဝတ အဖွဲ့ဝင် အနေနဲ့ပဲ ဗိုလ်ချုပ်ကြီးသန်းရွှေက ပါတယ်။ အတွင်းရေးမှူး(၁)၊ အတွင်းရေးမှူး(၂) တွေက ပိုပြီး powerful ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာမှာ ကျတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော် ထောက်လှမ်းရေးညွှန်ကြား ရေးမှူးဆိုတာ အများကြီး ကွာသွားပြန်ရော ဗျ၊ အဲဒီတော့ ကျနော်တို့ သိသလောက်ကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ကို ၁၉၈၈ ပြီးတော့ ၁၉၈၉၊ ၁၉၉၀ လောက်ကျတော့ ဒုတိယဥက္ကဌပေါ့လေ၊ Vice Chairman ဆိုပြီးတော့မှ ထားဖို့ တင်ပြတာရှိပါတယ်။ ကျနော့်အယူအဆကတော့ နိုင်ငံရေးအကွက်လို့ပဲပြောရမယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်ဟာ အဲဒီအချိန်အခါမှာ တပ်ထဲမှာတော့ အားလုံးသိကြပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ ကို “အထူးစီမံကိန်းကြီးများရဲ့ဥက္ကဌ” (ယနေ့အထိ ဗိုလ်ချုပ် မှူးကြီးသန်းရွှေ ဆုပ်ကိုင်ထားသော ရာထူး) ဆိုတဲ့ ရာထူးပေးပြီးတော့မှ ဆည်နဲ့၊ တံတားနဲ့ကို သူ့ကိုတာဝန်ပေးတာပဲ ရှိပါတယ်။ ရှင်းရှင်း ပြောရရင်တော့ ဗျာ၊ “မင်း political role တို့ ဘာတို့ မလုပ်နဲ့ ။ ဆည်ဆောက်၊ တံတားဆောက် မင်းလုပ်” ဆိုပြီးတော့မှ ကျန်တဲ့ နိုင်ငံခြား ရေးကိစ္စတွေ ကျန်တဲ့ကိစ္စတွေမှာ သူ ဘာမှ ဝင်ရောက် စွက်ဖက်ခွင့်မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကို အခု ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်ကြည့်တဲ့အခါမှာ နံ ပါတ်(၂)နေရာမှာ ရှိတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ရှိနေသော်ငြားလည်းပဲ၊ ဗိုလ်မှူးကြီးခင်ညွန့် ကျတော့ ဒါဟာ ဦးနေဝင်းရဲ့ ကိုယ်ပွား ဦးနေဝင်း ကနေပြီးတော့မှ သူ့ ကိုယ်စားထားထားတာဆိုတဲ့ အနေအထားမျိုး သူ့ခေါင်းထဲမှာ ဝင်ပြီးတော့၊ ငါပြီးရင် နံပါတ်(၂)ဟာ ဗိုလ်မှူးကြီးခင်ညွန့် ပဲလို့ တွက်ပြီးတော့ အလုပ်လုပ်နေတဲ့ အပေါ်မှာ၊ သူနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ရဲ့ ဆက်ဆံရေး အဲဒီအချိန်မှာ ဘယ်လိုများရှိပါသလဲ ခင်ဗျ။ သူတို့ ဒီ တပ်ရေးတပ်ရာတွေမှာ ရော၊ နိုင်ငံရေးအရ ရောပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်ချုပ်ကြီးစောမောင်အပိုင်းမှာ ကျနော်သတိထားမိသလောက် နီးနီးစပ်စပ်နဲ့ ရင်းရင်းနှီးနှီး ခင်တဲ့မင်တဲ့ မိတ်ဆွေတွေတော့ မဟုတ်ကြဘူး ခင်ဗျ၊ တစ်ယောက်နဲ့ တစ်ယောက် သဘောသဘာဝအရတော့ ရင်းနှီးမှုမရှိ တာ ကျနော် သွားပြီးတော့ မြင်တယ်။ တပ်မတော်မှာတော့ ရာထူးကြီးတဲ့လူကို ရာထူးရှိနေတဲ့အချိန်မှာတော့ အားလုံးက respect ပေးကြရ တာပါပဲ။ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်တော့မှသာ ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်စောမောင် တရုတ်ပြည်က US$ 2 billions ဘိုး လက် နက်တွေဝယ်တာ အလကားပဲ ဆိုပြီး အပုပ်ချတာတွေ အများကြီး ရှိတယ်။ ဦးနေဝင်းကိုလည်း ဒီလိုပဲ သူအပုပ်ချတာ ရှိတယ်။ ဦးနေဝင်း လုပ်သွားလို့ တိုင်းပြည်ပျက်တယ်ဆိုတာမျိုးဟာ သူစပြီးတော့ အာဏာယူကာစမှာ ပြောတာတွေရှိတယ်။ အဲဒီကျမှ ကျနော်တို့က ဗိုလ်ချုပ် သန်းရွှေဟာ ဒီလိုလူမျိုးပါလား ဆိုတာ……။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ ကျနော်တို့ ခုနက ဒုဥက္ကဌ ဆိုတဲ့နေရာကို၊ နဝတခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာပဲ ညှိနှိုင်း ပြီးတော့ ဘယ်သူက initiate လုပ်တာပါလဲ ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ကျနော်သိတာက ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဌပေးဖို့နဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်၊ နှစ်ခါ ပေါ့ဗျာ၊ ပထမတခါ ဗိုလ်ချုပ်ကြီးစောမောင်ကို တင်ပြတယ်၊ ဘာမှ အဖြေထွက် မလာဘူး၊ ဒုတိယ တခါ တင်ပြတယ်၊ တတိယတခါလောက်မှ သဘောတူလိုက်တဲ့ အနေအထားမျိုးရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီကိစ္စအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့ တိုင်ပင်ဆွေးနွေးမှုရှိပါသလား၊ ဒါမှမဟုတ် ဗိုလ်မှူးကြီး ခင်ညွှန့် ကိုယ်တိုင်ပဲ၊ ဗိုလ်မှူး ပြောသလိုပေါ့နော်၊ သူ့မှာလုပ်ငန်းကိုင်ငန်း အခက်အခဲတွေ ရှိနေတဲ့အတွက် သူနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် ကြားမှာ တစ်ယောက်တော့ ရှိဖို့သင့်တယ် ဆိုတဲ့ အနေအထားမျိုးနဲ့၊ ဘယ်သူ့မှ မတိုင်ပင်ပဲ သွားပြီး ပြောတာလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ဒါကတော့ နိုင်ငံရေးအကွက်လို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကို အတွင်းရေးမှူး(၁) ပေးပြီးတဲ့ နောက်ပိုင်းမှာ၊ တပ်မတော်(လေ)က ဗိုလ်မှူးကြီးသိန်းဝင်း (နောင် ကာကွယ်ရေးဦးစီးချုပ်(လေ) နှင့် ပို့ဆောင်ရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၇ခု နှစ်တွင် ဖြုတ်ချခံရသူ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဝင်း) ပေါ့ ဗျာ။ အလားတူပဲ ရေတပ်က ဗိုလ်မှူးကြီးသန်းညွှန့် (နောင် ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် ကျန်းမာရေးဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယဗိုလ်ချုပ်ကြီးသန်းညွန့်) ။ သူတို့ကို စစ်ဦးစီး ဗိုလ်မှူးကြီး(ရေ၊ လေ)၊ နောက် စစ်ဦးစီးဗိုလ်မှူးချုပ် (ရေ၊ လေ)၊ နောင်မှာ ဦးစီးချုပ်အထိကို ဖြစ်အောင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဆွဲတင်လိုက်တာ ပါပါတယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ) ပေါ့။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ)က ပြောရရင်တော့ဗျာ၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ ထောက်ခံမှုနဲ့ ဗိုလ်ချုပ်ကြီးစောမောင်က ပေးထားတဲ့ သဘောရှိပါတယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အပိုင်းမှာကျတော့ ရှိပြီး သား ဗိုလ်ချုပ်ကြီးသန်းရွှေကို လဲဖို့ဆိုတာလည်း ဘယ်လိုမှမဖြစ်နိုင်ဘူး။ နောက်တစ်ခုက အဲဒီအချိန်အဲဒီကာလမှာ၊ ဗိုလ်ချုပ်ကြီးမြင့်အောင် တို့ ဗိုလ်ချုပ်ကြီးထွန်းကြည်တို့ ဗိုလ်ချုပ်ကြီးကျော်ဘ တို့က တန်ခိုးထွားတဲ့အချိန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်အောင် နဲ့ ဗိုလ်ချုပ်ကြီးထွန်း ကြည် နှစ်ယောက်လုံးက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ (တပ်မ ၈၈) ဒုတပ်မမှူးတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေပါ။ ဗိုလ်ချုပ်ကြီးကျော်ဘ တို့ဆိုလည်း တော်တော်လေး နီးနီးစပ်စပ် လုပ်ခဲ့တဲ့ လူတွေပါ။ ဘယ်လောက်ထိ နီးစပ်သလဲ ဆို သူတို့အချင်းချင်း ခေါ်ရင်တောင် “ကိုသန်းရွှေ” ပဲ ခေါ် တာပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီအနေအထားမှာ အဲလိုအခင်းအကျင်းထဲမှာ ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ အနေအထားဟာ ဘယ်လိုဖြစ်နေ သလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကက(ကြည်း) (ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး) အပိုင်းကို ဗိုလ်ချုပ်ကြီးခင် ညွှန့်အနေနဲ့ တိုးဖို့ဆိုတာ နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဌ ပေးဖို့အတွက်ကို အကြောင်းဖန်လာပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကလည်း ဗိုလ်ချုပ်တွေနဲ့ သင့်တင့်လျှောက်ပတ်အောင်ရယ် ဗိုလ်ချုပ်တွေကို သြဇာလွှမ်းမိုးနိုင်ဖို့အတွက်က၊ ဗိုလ်ချုပ်သန်းရွှေကို ချဉ်းကပ်မှ။ ဗိုလ်ချုပ် သန်းရွှွေကနေပြီးတော့မှ ပြောရင် နားထောင်မယ်ဆိုတဲ့ အနေအထားမျိုးကို ဗိုလ်ချုပ်ခင်ညွှန့် တွက်ပါတယ်။ ကျနော်ဆိုလိုချင်တာကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုယ်တိုင် ဗိုလ်ချုပ်ကြီးသန်းရွှေကို ရှင်းရှင်းပြောရရင်တော့ အိပ်ထဲထည့်တဲ့ သဘောပါပဲ။ ဗိုလ်ချုပ်ကြီးသန်းရွှေက ဒုတိယဥက္ကဌ တောင်းဆိုချင်မှ တောင်းဆိုမယ်၊ စိတ်ထဲကတော့ တောင်းဆိုမှာပေါ့ ဗျာ။ စိတ်ထဲကတော့ သူ မကျေနပ်ပါဘူး။ ကျနော်သိပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဆည်မြောင်းတွေ လမ်းတံတားတည်ဆောက်ရေးတွေရဲ့ ဥက္ကဌပဲ ထားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆိုရင် အခု ကျနော်တို့ ပြန်ကြည့်တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ အကွက်တွေပေါ့။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က သူ့ရဲ့ နိုင်ငံရေးတက်လမ်းအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေကို အသုံးချမယ်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဆက်ဆံရေးကိစ္စမှာ ကြား မှာ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူလိုတယ်။ တခြား တိုင်းမှူးတွေနဲ့လည်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်အောင်လို့ ကြားထဲမှာ buffer ပေါ့ဗျာ။ buffer အနေနဲ့ သူ ရှာတာပေါ့။ သူ့အတွက် သူ့ ရှေ့တက်လမ်းအတွက် လုပ်တာလို့ မြင်ကြည့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အကွက်ကတော့ ဒီတိုင်းပါပဲ။ သူ တစ်ခုပဲရှိတယ်၊ သူ့ကို နံပါတ်two လို့ထားပေမယ့် ဗိုလ်ချုပ်ကြီးသန်းရွှေ ကို သူ မကျော်ချင်ဘူး။ သူက ဗိုလ်ချုပ်စောမောင်ပြီးရင် ဗိုလ်ချုပ်သန်းရွှေ၊ ပြီးရင် သူပေါ့ဗျာ၊ ဒါကို သူ့ခေါင်းထဲမှာထားတဲ့ အနေအထားမျိုး ပါ။

ဦးရော်နီညိမ်း။ ။ ဒါက ကျနော်တို့ ပြန်တွက်ကြည့်တော့ on paper ပေါ့၊ on paper မှာရော လက်တွေ့မှာရော ဗိုလ်ချုပ်မှူးကြီးစော မောင်ကတော့ နံပါတ် One ပဲ။ စာရွက်ပေါ်မှာတော့ ဗိုလ်ချုပ်ကြီးသန်းရွှေက နံပါတ်နှစ် ပေါ။့ ဒါပေမယ့် တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီးခင် ညွှန့်က သူ နံပါတ်နှစ် ဖြစ်နေတယ်ဆိုတာ သူ့ဘာသာ သူသိပြီးသားပဲ၊ အဲဒီအချိန်မှာပေါ့ နော်။ သူက ဒါကြောင့်မို့လို့ နံပါတ်သုံး နေရာမှာပဲ နေပြီး နံပါတ်နှစ်ကို သူ ရုပ်သေးလို ထားလို့ရမယ်လို့ ထင်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူပဲ initiate လုပ်တာပေါ့၊ နဂိုကတည်းက ဒုဥက္ကဌ မထားတဲ့ဟာကို ထားပေးအောင်လို့ ဝင်ပြောရတာဟာ၊ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့အတွက် ထွင်တဲ့ နိုင်ငံရေးအရအကွက်ပဲ လို့ သေချာ ပြောလို့ ရပါသလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ၊ နိုင်ငံရေးအရ အကွက်ပါပဲ။ အဲဒီအကွက်က ကျနော် ဘယ်အချိန်ကျမှ သွားသိလဲ ဆို တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်သွားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် ဒုတိယပေါ့ ဗျာ၊ သူ့ကို second man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံး၀ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့အခါကျတော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေအထားမျိုး ရှိပါတယ်။ ဘာဖြစ်လို့ အဲဒါကို ကျနော်ပြောနိုင်သလဲဆိုရင် အဲဒီ အချိန်တုန်းက ကျနော် စစ်ရုံးကို ရောက်ပြီ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျနော်တို့ ဟိုနေရာလေး ပြန်ကြည့်ရအောင်။ ခုနက ဗိုလ်ချုပ်ကြီးသန်းရွှေ နဝတ ဒုတိယဥက္ကဌ ပိုင်ပိုင် နိုင်နိုင် ဖြစ်သွားတဲ့ အနေအထားလေးကို ပြောပြပေးပါဦး ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ ပြန်တမ်း ထွက်ပါတယ်။ ပြီးတော့မှ သတင်းစာတွေထဲမှာ ဒုတိယဥက္ကဌ ဆိုတာကို စပြီးတော့မှ ကြေညာ တာက ၁၉၈၉ပေါ့လေ၊ ၁၉၈၉အကုန်ပိုင်းလောက်မှာ စ ကြေညာတာ ဖြစ်ပါတယ်။ အစည်းအဝေးတွေမှာ ထိုင်ကြတဲ့အခါ စစ်ရုံးမှာ “ဝါစဉ်” ရှိပါတယ်။ နိုင်ငံရေးပိုင်းအရ လုပ်တဲ့အစည်းအဝေးတွေမှာဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဘယ် နဲ့ ညာက အတွင်းရေးမှူး (၁)၊ (၂)။ ပြီးမှ ကျန်တဲ့ member (နဝတ အဖွဲ့ဝင်) တွေက တန်းစီပြီးတော့မှ ထိုင်ရပါတယ်။ ဒါ “ဝါစဉ်” ပါပဲ။ စစ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးဆိုရင် ဗိုလ်ချုပ်ကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ပြီးရင် ကျန်တဲ့ ဗိုလ်ချုပ်ကြီးတွေ။ ပြီးတော့မှ ဗိုလ်ချုပ်ခင်ညွှန့်က ထောက်လှမ်းရေးညွှန်ကြား ရေးမှူးအနေ နဲ့ အဝေးကြီးမှာ ထိုင်ရပါတယ်။ လေးလပတ်အစည်းအဝေးတို့၊ စစ်တပ်အစည်းအဝေးတို့ ဆိုရင်၊ ဗိုလ်ချုပ်ခင်ညွှန့်ခုံက အဝေး ကြီး ရောက်သွားပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်မှာ သူ တရားဝင် နဝတ ဒုတိယ ဥက္ကဌ ဖြစ်လာပြီ။ အဲဒီအခါကျတော့ကော ဒုတိယဥက္ကဌနဲ့ ဥက္ကဌနဲ့ ဆက်ဆံရေး ပိုပြီးတော့ တိုးတက်မှု ရှိလာပါသလား ခင်ဗျ။ ဆက်ဆံရေး ပြန်ကောင်းသွားလား ခင်ဗျ။ ပို တိုးတက်လာသလား။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ သိပ်တော့ ထူးခြားမှု မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီးစောမောင်အနေနဲ့က ဗိုလ်ချုပ်ကြီး သန်းရွှေကို အဲဒီအချိန်မှာ ခုန ကျနော်ပြောခဲ့တဲ့ ဆည်မြောင်း၊ တာတမံတွေကလွဲလို့ ကျန်တဲ့ တာဝန်ပေးတာမရှိပါဘူး ခင်ဗျ။ ဗိုလ်ချုပ်ကြီး သန်းရွှေမှာ power မရှိပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီဟာတွေ ဖြစ်နေတာကို ဦးနေဝင်းက ဘာမှ ဝင်ရောက် စွက်ဖက်ခြင်း မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဲဒီအချိန်နောက်ပိုင်းမှာတော့ ဦးနေဝင်းရဲ့ အခန်းကဏ္ဍက လူပုဂ္ဂိုလ်နေရာချထားမှုနဲ့ ပတ်သက်ပြီးတော့ မှ သူ့အနေနဲ့ ဝင်ရောက်စွက်ဖက်တာ မရှိတော့ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ နောက်တစ်ခု ကျနော်တို့ ပြန်တွက်ကြည့်လို့ မရဘူးလားခင်ဗျ၊ ဒီလိုလေ။ ဦးနေဝင်းသည် အောက်က တပည့်တွေ မတည့်အောင် လုပ်ထားပြီးတော့မှ သူ့အာဏာမြဲအောင် တစ်သက်လုံး လုပ်လာတာဆို တော့၊ အဲဒီအချိန်မှာ ဗိုလ်ချုပ်မှူးကြီး စောမောင် နဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ ဒီလိုမျိုး အဆင်မပြေဖြစ်နေတာ သူ့အတွက် ပိုပြီးတော့ balance မဖြစ်ဘူးလားခင်ဗျ၊ သူ အကယ်၍ နောက်မှာ ရှိနေတယ်ဆိုလို့ရှိရင် ဒီသဘောမျိုးကော ရှိနေပါသလားခင်ဗျ။

ဗိုလ်မှူး အောင်လင်းထွဋ်။ ။ အဆင်မပြေဖြစ်နေတယ်လို့တော့ အဲဒီအချိန်အခါက ပြောလို့မရဘူးခင်ဗျ။ ဘာလို့ပြောလို့မရလဲ ဆိုတော့ ဗိုလ်ချုပ်ကြီးသန်းရွှေအနေနဲ့ မကျေနပ်ဘူးဆိုတဲ့ အမူအရာ လုံးဝမပြခဲ့ပါဘူး။ တကယ့်တကယ် သူ အာဏာရလာတဲ့ အချိန်ကျတော့မှ၊ ဗိုလ်ချုပ်စောမောင်ရဲ့ အသုဘတောင် မသွားရဘူးဆိုပြီး ပိတ်တဲ့ သဘောမျိုးတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် တနင်္ဂနွေနေ့ စက်တင်ဘာလ(၁၉)ရက်နေ့ “တပ်မှူးတပ်သား ပြော စကား” အပတ်စဉ်ကဏ္ဍမှာတော့ ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ အပိုင်းတွေထဲက နောက်ဆုံးအပိုင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကို ဖြုတ်ချခဲ့ပုံတွေ တင်ပြသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG