သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီရေး လူငယ်လှုပ်ရှားမှုတွေကို ပိုမိုထောက်ခံအားပေးဖို့ ဘန်ကီမွန်းတိုက်တွန်း


U.N. Secretary-General Ban Ki-Moon (File)

အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာဖြစ်တဲ့ ဒီမိုကရေစီရေး တောင်းဆိုအုံကြွမှုတွေကို ထောက်ပြပြီး အခုနှစ်ဟာ ဒီမိုကရေစီရေးနဲ့ပတ်သက်လို့ သမိုင်းမှာ တွင်ကျန်ရစ်မယ့်နှစ် ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

စက်တင်ဘာ ၁၅ ရက်နေ့ဟာ နိုင်ငံတကာဒီမိုကရေစီနေ့ဖြစ်ပါတယ်။ နိုင်ငံအစိုးရတွေအနေနဲ့ ဒီမိုကရေစီစနစ် ထွန်းကားလာရေးအတွက် အစီအစဉ်တွေ ချမှတ်ဆောင်ရွက်နိုင်ဖို့ဆိုပြီး ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ စက်တင်ဘာ ၁၅ ရက်နေ့ကို နိုင်ငံတကာဒီမိုကရေစီနေ့အဖြစ် ၂၀၀၇ ခုနှစ်မှာ သတ်မှတ် ဆုံးဖြတ်ခဲ့တာပါ။ ကမ္ဘာအနှံက ဒီမိုကရေစီရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ လူငယ်တွေကို ပိုပြီး ထောက်ခံအားပေးကူညီကြဖို့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း က အခု နိုင်ငံတကာဒီမိုကရေစီနေ့မှာ တိုက်တွန်းသွားပါတယ်။

ဒီမိုကရေစီဆိုတာဟာ လူထုရဲ့ ဆန္ဒဖြစ်ပြီး၊ ခိုင်မာအားကောင်းတဲ့ လူ့အဖွဲ့အစည်း တရပ်ကနေ ပေါ်ပေါက်လာတယ်ဆိုတာကို အခုနှစ်အတွင်း မြင်တွေ့ရတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အခုနှစ် နိုင်ငံတကာဒီမိုကရေစီနေ့ သ၀ဏ်လွှာမှာ ဖော်ပြပါတယ်။ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကမှာဖြစ်တဲ့ ဒီမိုကရေစီရေးတောင်းဆိုအုံကြွမှုတွေကို ထောက်ပြပြီး၊ အခုနှစ်ဟာ ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ သမိုင်းမှာ တွင်ကျန်ရစ်မယ့်နှစ်ဖြစ်တယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

ဒီလှုပ်ရှားမှုတွေကို ကြည့်မယ်ဆိုရင် ဒီမိုကရေစီဆိုတာဟာ လူသားအားလုံး လိုလားတဲ့ နိုင်ငံတကာစံနှုန်းဖြစ်ပြီး၊ အခြားမတူတဲ့ ယဉ်ကျေးမှု ပြည်ပလာတဲ့ ယဉ်ကျေးမှု မဟုတ်ဘူးဆိုတာ ပြနေတယ်လို့ ဆိုပါတယ်။ နိုင်ငံတနိုင်ငံဟာ ဒီမိုကရေစီနဲ့ ထိုက်တန်ထက်ဆိုတာထက် ဒီမိုကရေစီစနစ်ကနေ နိုင်ငံကို ထိုက်တန်တဲ့ နိုင်ငံဖြစ်စေတယ်ဆိုတဲ့ သတင်းစကားကို အဲဒီလှုပ်ရှားမှုတွေမှာ ပါဝင်တဲ့ လူငယ်တွေက သယ်ဆောင်ပေးခဲ့ကြတယ်လို့ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြောသွားပါတယ်။

“ဒီမိုကရေစီစနစ်မှာ လွတ်လပ်တဲ့ သတင်းမီဒီယာ ရှိဖို့လိုပါတယ်။”

“ဒီမိုကရေစီဆိုတာ လွတ်လပ်မှုရှိဖို့ ပါပဲ။”

“ဒီမိုကရေစီဆိုတာ ကိုယ်ပြောချင်ရာကို ပြောခွင့်ရဖို့လိုသလို၊ ပြောတာကိုလည်း လူတွေက လေးစားဖို့ဖြစ်ပါတယ်။”

“ဒီမိုကရေစီဆိုတာ နိုင်ငံအစိုးရက ကိုယ့်နိုင်ငံရဲ့ နိုင်ငံသားတွေအတွက် အလုပ်လုပ်တဲ့ နိုင်ငံသားဖြစ်ဖို့ လိုပါတယ်။ အစိုးရက သူတို့ ကိုယ်ကျိုးအတွက် အုပ်ချုပ်တဲ့ အစိုးရ မဖြစ်သင့်ပါဘူး။”

“ဒီမိုကရေစီဆိုတာ ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုခွင့်ရှိပြီး အချုပ်အခြယ် ကန့်သတ်မှုကင်းဖို့ လိုပါတယ်။”

“ဒီမိုကရေစီလို့ဆိုရာမှာ ကလေးတွေဟာ ငြိမ်းချမ်းတဲ့လူ့အဖွဲ့အစည်းမှာ ကြီးပြင်းခွင့် ရကြဖို့ပါပဲ။”

“ဒီမိုကရေစီဆိုတာ မြင်တဲ့အခါ ပထမဆုံးအချက်က လွတ်လပ်စွာပြောဆိုပိုင်ခွင့်ရဖို့ပါ၊ ကျမတို့ မြန်မာပြည်မှာ လွတ်လပ်စွာပြောဆိုခွင့်ဆိုတာ မရှိပါဘူး။ ကျမတို့ ငယ်ငယ် မွေးလာကတည်းက နိုင်ငံရေးနဲ့ပတ်သက်လို့ ဘာမှ ပြောဆိုပိုင်ခွင့်ဆိုတာ မရှိပါဘူး။ တယောက်နဲ့ တယောက်ဟာလည်း ယုံကြည်ရလား မယုံကြည်ရသလား မသိဘဲနဲ့ ကိုယ့်အမြင် သူ့အမြင် လဲလှယ်နိုင်ခွင့်မရှိပါဘူး။ စီးပွားရေးနဲ့ပတ်သက်လို့ ပြောဆိုပိုင်ခွင့်လည်းမရှိပါဘူး။ အခြေခံကျတဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ဆိုတာ ပိတ်ထားတဲ့အနေအထားမှာ ရှိပါတယ်။ ကျမအနေနဲ့ မြင်တာကတော့ လူအချင်းချင်းဟာ တယောက်နဲ့ တယောက် ကိုယ့်ရဲ့ ထင်မြင်ယူဆချက်တွေကို ပြောဆိုဆွေးနွေးပိုင်ခွင့်ရှိတော့မှ ပိုပြီး အသိဥာဏ်တွေ ကြွယ်ဝလာပြီး နိုင်ငံအတွက် ဘယ်လိုတွေ လုပ်မလဲဆိုတာ အကြံဥာဏ်တွေ ထွက်လာမယ်လို့ ထင်ပါတယ်။”

ဒီမိုကရေစီနဲ့ပတ်သက်လို့ နားလည်ပုံ ယူဆပုံတွေ မြန်မာအပါအ၀င် နိုင်ငံတကာက လူငယ်အသီးသီးရဲ့ အမြင်တွေကို ကြားရတာပါ။

ဒီမိုကရေစီအတွေးအမြင်တွေဟာ ကမ္ဘာနေရာအားလုံး နိုင်ငံအသီးသီး လူ့အဖွဲ့အစည်းအသီးသီးရဲ့ အတွေးအခေါ် ယဉ်ကျေးမှုတွေမှာ ရှိနေပြီးသားဖြစ်ပြီးတော့၊ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးဟာ အမျိုးသား အမျိုးသမီး လူသားအားလုံးရဲ့ နေထိုင်စားသောက်မှုဘ၀ကို မြှင့်တင်ပေးနိုင်တယ်လို့ ယုံကြည်တဲ့ အကြောင်းလည်း အတွင်းရေးမှုးချုပ်ဘန်ကီမွန်းက ပြောဆိုထားပါတယ်။

XS
SM
MD
LG