သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၁၉၈၈ အာဏာသိမ်းဖြစ်စဉ်နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့၏ အာဏာလွန်ဆွဲပွဲများ


တပ်မှူးတပ်သား ပြောစကား (၀၇၈)

၁၉၆၂ ခုနှစ်ကကော၊ ၁၉၈၈ ခုနှစ်ကကော၊ စိတ်တူသဘောတူအာဏာသိမ်းခဲ့ကြတဲ့ လုပ်ဖေါ်ကိုင်ဘက် မြန်မာ့ တပ်မတော်စစ်ခေါင်းဆောင်တွေ အချင်းချင်း ကြားမှာတောင် တဦးးနဲ့တဦး သစ္စာမဲ့ခဲ့ကြတဲ့ သမိုင်းအထောက် အထားတွေ အများအပြားရှိနေတာကြောင့်၊ မြန်မာ့နိုင်ငံရေးမှာ စစ်ခေါင်းဆောင်တွေ အပေါ် ဘယ်လောက်ယုံ ကြည်ရမလဲဆိုတာ မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ သမိုင်းထဲကနေ သင်ခန်းစာယူစရာဖြစ်တဲ့ ၁၉၈၈ စက် တင်ဘာ (၁၈) ရက် အာဏာသိမ်းဖြစ်စဉ်နှဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ကြားက အာဏာလွန်ဆွဲပွဲတွေအကြောင်း၊ မနှစ်က ၂၀၁၀ ခုနှစ်မှာ ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်း ဆက်သွယ်ဆွေးနွေး တင်ပြထားတာကို ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကား ကဏ္ဍမှာ ပြန်ပြီး တင်ဆက်လိုက်ပါတယ်။

ဦးရော်နီညိမ်း။ ။ “နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့” ရယ်လို့ ပေါ်ပေါက်လာခဲ့ပြီးတဲ့ နောက်ပိုင်းမှာ အဲဒီ နဝတထိပ်သီးခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ အဲဒီအချိန်က အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွှန့်တို့ကြားမှာ ဖြစ်ပေါ်ခဲ့တဲ့ အတွင်းရေး ပြဿနာတွေကို မပြောပြခင်မှာ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ(၁၈) ရက်နေ့မှာ စစ်အာဏာသိမ်းခဲ့ပုံကို စပြီး ပြောပြပေးပါ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကနေမှ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) (National Defence College) အပတ်စဉ် (၁) သင်တန်းမှာ lecture ပေးတာရှိပါတယ် ခင်ဗျ။ အပတ်စဉ် (၁) ဆိုတာ ဗိုလ်ချုပ်ကြီးရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးတို့ တက်ခဲ့တဲ့ သင်တန်းပါ။ သူတို့ သင်တန်းတက်တဲ့ အချိန်အခါမှာ ကျနော်တို့လည်း နားထောင်ရပါတယ်။ အဲဒီ lecture မှာ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ပြောတာပါပဲ ခင်ဗျ။ စက်တင်ဘာ (၁၈)ရက်နေ့ မနက်ပိုင်းမှာ အေဒီလမ်း ဦးနေဝင်းအိမ်မှာပဲ အစည်းအဝေး လုပ်တယ်။ အဲဒီအချိန်တုန်းက မဆလ (ယခု “တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ” ဟု အမည်ပြောင်းထားသော ထိုစဉ်က အာဏာရ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ) လူကြီးတွေဖြစ်ခဲ့တဲ့ ဦးစန်းယု ပါတယ်။ ဗိုလ်ချုပ်ကြီးကျော်ထင်၊ ဦးအေးကို၊ ဒေါက်တာ မောင်မောင်တို့အပါအဝင် ကျန်တဲ့ မဆလခေါင်းဆောင်တွေ ရှိပါတယ်ခင်ဗျ။ အဲဒီအချိန်အခါမှာ ဗိုလ်ချုပ်ကြီးစောမောင်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကနေမှ ဦးနေဝင်း အပါအဝင် ဒီအဖွဲ့တွေအားလုံးကို မြန်မာနိုင်ငံရဲ့ နောက်ဆုံး ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းခဲ့ရပါ တယ် ခင်ဗျ။

(နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (NDC) (National Defence College) = ၁၉၈၈နောက်ပိုင်း၊ ဗိုလ်မှူးချုပ် အဆင့်သို့ တိုးပေးရန် လျာထားခြင်းခံရသူ တက္ကသိုလ်ဘွဲ့ရ ဗိုလ်မှူးကြီးနှင့် အထက်အဆင့် ရှိသူများသာ တက် ရောက်ခွင့်ရှိပြီး၊ သင်တန်းကာလ (၁)နှစ် အပါအဝင် (၂)နှစ်အတွင်း သက်ဆိုင်ရာ စာတမ်းပြုစုတင်သွင်းစေ သည့် မဟာဝိဇ္ဇာဘွဲ့ပေးအပ်သော တပ်မတော်အတွင်း အဆင့်အမြင့်ဆုံး စစ်သင်တန်းကျောင်း)

ဦးရော်နီညိမ်း။ ။ စစ်အာဏာသိမ်းမှု ဘယ်လို ဖြစ်လာလဲ၊ ဘယ်သူ့အစီအမံနဲ့ ဘယ်သူက တကယ် တမ်း စစ်အာဏာသိမ်းဖို့ လိုအပ်ပြီလို့ ဆုံးဖြတ်ချက်ချပြီးတော့ လုပ်ခဲ့ပါသလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အာဏာသိမ်းဖို့ကတော့ အဲဒီနေ့ အစည်းအဝေးမှာ ဦးနေဝင်းကနေပြီး တော့မှ “စောမောင်တို့ ခင်ညွှန့်တို့ကို မင်းတို့ လွှဲပေးလိုက်တော့” ဆိုပြီးတော့မှ အာဏာလွှဲခိုင်းလိုက် ပါတယ်။ စက်တင်ဘာ (၁၈)ရက်နေ့ ညနေ (၄)နာရီမှာ အဲဒီအချိန်တုန်းက (တပ်မတော်ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ရုံး - ကကဆက်) ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဗိုလ်မှူးကြီးမျိုးသန့် (နောင် ပြန်ကြားရေး ဝန်ကြီး ဖြစ်ခဲ့သူ)၊ တပ်မတော်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူး ဒုတိယဗိုလ်မှူးကြီးသန်းထွန်း (နောင် စီမံကိန်းနှင့်ဘဏ္ဍာ ရေးဝန်ကြီးဌာန ဒုဝန်ကြီးဖြစ်ခဲ့သူ ဗိုလ်မှူးချုပ်သန်းထွန်း) ပေါ့လေ။

ဒီနှစ်ယောက်က နေပြီးတော့မှ ဒေါက်တာ မောင်မောင်က ရေးပေးတဲ့ လက်ရေးမူ ၊ type နဲ့ ရိုက်တာတောင် မဟုတ်ဘူး၊ လက်ရေးမူကို ကိုင်ပြီးတော့ မြန်မာ့အသံကို သွားပါတယ်။ မြန်မာ့အသံမှာ အဲ့ဒီ အချိန်တုန်းက တပ်ကပဲ ဗိုလ်ကြီးဘိုနီရဲ့ မိန်းမ ဒေါ်ခင်မ လေးက ဖတ်ပါတယ်ခင်ဗျ၊ စက်တင်ဘာ(၁၈)ရက်နေ့မှာ အဲ့ဒီ ကြေညာချက်ကို ဖတ်ပါတယ်။ အဲဒီကြေညာ ချက်ကို ဖတ်ပြီး တပ်မတော်က အာဏာသိမ်းလိုက်တဲ့ သဘောမျိုး သူတို့ လုပ်လိုက်ပါတယ်။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကြေညာချက် မထုတ်ခင် ဗိုလ်ချုပ်ကြီးနေဝင်း မှာတာကတော့ “စောမောင်၊ မင်းက ဥက္ကဌ လုပ်၊ ခင်ညွှန့် အတွင်းရေးမှူး လုပ်ပေါ့ကွာ” တဲ့၊ “ကျန်တဲ့ မင်းတို့ Colonel G.S (စစ်ဦးစီးဗိုလ် မှူးကြီး - ကြည်း)တို့ ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ စစ်ထောက်ချုပ်တို့ စစ်ရေးချုပ်တို့ ကတော့ အဖွဲ့ဝင်လုပ် ပေ့ါကွာ၊ ကျန်တဲ့ တိုင်းမှူးတွေထည့်ပြီး ဖွဲ့ပြီးတော့မှ အစိုးရအဖွဲ့ SLORC (State Law & Order Restoration Council) နဝတ အဖွဲ့ကိုဖွဲ့ပြီး လုပ်” ဆိုပြီးတော့မှ လမ်းညွှန်ချက် ပေးပါတယ်။ NDCက lecture မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်ပြောတာကို ကျနော်တို့ နားထောင်ခဲ့ရတာပါ။ တဆင့်စကား မဟုတ်ပါဘူး။ ဒီဖြစ်စဉ်တွေက အမှန်ပါ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီတော့ ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့အပိုင်း ပါလာပြီပေါ့နော်၊ တပ်မ တော်က ၁၉၈၈ စက်တင်ဘာ (၁၈) ရက်မှာ စစ်အာဏာသိမ်းတုန်းကတော့ သူဟာ အဖွဲ့ဝင်ပဲ။ အဖွဲ့ဝင် ဆိုတော့ ကျန်တဲ့ စစ် တိုင်းမှူးတွေနဲ့ အတူတူပဲ။ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ (စစ်တိုင်းများနှင့် တိုင်းမှူးများအား ကွပ်ကဲသည့် “ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့”) ကစထ (၁)၊(၂)၊ အဲဒီ ကစထမှူးတွေနဲ့လည်း သူက အတူတူပဲဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ အဲဒီတော့ ဘယ်လောက်ထိ သူ လုပ်နိုင်သလဲ ခင်ဗျ။ ဒီအဖွဲ့ထဲမှာ ကျန်တဲ့ စစ်တိုင်းမှူးတွေထက် ကော သူ ပိုပြီးတော့ သြဇာပိုရှိသလား၊ နောက် အတွင်းရေးမှူး (၁)၊ (၂) အဖြစ် ထားတဲ့ ဗိုလ်မှူးကြီးခင်ညွှန့်၊ ဗိုလ်မှူးကြီးတင်ဦး (စစ်အာဏာ သိမ်းစဉ်က အဆင့်များ) တို့ထက်ကော ပိုပြီး သူ့ မှာ လုပ်ပိုင်ခွင့် ပိုရှိသလား။ ပြောနိုင်ဆိုနိုင် လက်အောက် ကို ညွှန်ကြားနိုင်တဲ့ အနေအထားရှိသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေ အပိုင်းပြောရရင် ဒီဘက် နောက်ပိုင်း တိုင်းမှူးဖြစ် တယ်၊ နောက် ဒုချုပ် (ဒုတိယကာကွယ်ရေးဦးစီးချုပ် - ကြည်း) ဖြစ်တဲ့ အချိန်အခါမှာ၊ ဒီလူကြီးကတော့ လူရိုကြီးပဲ၊ အညာသားကြီးပဲ၊ ဘာမှ အစွယ်မရှိဘူးပေါ့လေ၊ အဲဒီလိုမျိုး အဲဒီအချိန် အဲဒီအခါက ကျနော်တို့ တွက်ခဲ့ ကြတယ်။ နောက်ပိုင်း ဗိုလ်ချုပ်ခင်ညွှန့်က သူ ဂျူနီယာဖြစ်တာလည်း ပါတယ်။ နောက် စစ်ရေးစစ်ရာမှာလည်း သူက စွမ်းစွမ်းတမံ တိုက်ခဲ့ခိုက်ခဲ့တဲ့လူ မဟုတ်ဘူး။ တောက်လျှောက် သူဟာ P.A လုပ်လိုက် Staff Officer လုပ်လိုက် အနေအထားမျိုး ရှိတဲ့အခါကျတော၊့ တကယ့် fighter လို့ပြောလို့ရတဲ့ ဗိုလ်ချုပ်ကြီးမြင့်အောင် (အနောက်တောင်တိုင်း) (ယခု ကွယ်လွန်) တို့၊ ဗိုလ်ချုပ်ကြီးထွန်းကြည် (အနောက်မြောက်တိုင်း၊ နောင် အလယ်ပိုင်းတိုင်း) (ဗိုလ်ထွန်းကြည်(မုံရွာ)အမည်နှင့် ကိုယ်ရေးအတ္ထုပ္ပတ္တိ ရေးသားခဲ့သူ) တို့၊ ဗိုလ်ချုပ်ကျော်ဘ (မြောက်ပိုင်းတိုင်း) (၁၉၈၈ စစ်အာဏာသိမ်းချိန်က နဝတအဖွဲ့ဝင် စစ်တိုင်းမှူး များ) တို့နဲ့ ယှဉ်တဲ့အခါမှာ စစ် ရေးစစ်ရာအပိုင်းမှာ သူ့ကို ကျန်တဲ့လူတွေက အထင်မကြီးတာလည်း ပါတယ်။

နံပါတ် Two ပေးတယ် ဆိုပေ မယ့်၊ သူ့မှာ ကြားထဲက ဒုချုပ်လုပ်တဲ့သူက အဖွဲ့ဝင်ဖြစ်နေတော့ ကိုးလို့ကန့်လန့် ဖြစ်ပါတယ်။ political role မှာကျတော့ နဝတ အဖွဲ့ဝင် အနေနဲ့ပဲ ဗိုလ်ချုပ်ကြီးသန်းရွှေက ပါတယ်။ အတွင်းရေးမှူး(၁)၊ အတွင်းရေး မှူး(၂) တွေက ပိုပြီး powerful ဖြစ်ပါတယ်။ တပ်ပိုင်းဆိုင်ရာမှာ ကျတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ် နဲ့ တပ်မတော် ထောက်လှမ်းရေးညွှန်ကြားရေးမှူးဆိုတာ အများကြီး ကွာသွား ပြန်ရောဗျ၊ အဲဒီတော့ ကျနော်တို့ သိသလောက် ကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်က အဲဒီအချိန်တုန်းက ဗိုလ်ချုပ်ကြီးစောမောင်ကို ၁၉၈၈ ပြီးတော့ ၁၉၈၉၊ ၁၉၉၀ လောက် ကျတော့ ဒုတိယဥက္ကဋ္ဌပေါ့လေ၊ Vice Chairman ဆိုပြီးတော့မှ ထားဖို့ တင်ပြတာရှိပါတယ်။

ကျနော့် အယူအဆကတော့ နိုင်ငံရေးအကွက်လို့ပဲပြောရမယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဗိုလ်ချုပ်ကြီး စောမောင်ဟာ အဲဒီအချိန်အခါမှာ တပ်ထဲမှာတော့ အားလုံးသိကြပါတယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေကို “အထူးစီမံကိန်းကြီးများရဲ့ ဥက္ကဋ္ဌ” ဆိုတဲ့ ရာထူးပေးပြီးတော့မှ ဆည်နဲ့၊ တံတားနဲ့ကို သူ့ကိုတာဝန် ပေးတာပဲရှိပါတယ်။ ရှင်းရှင်းပြောရရင် တော့ ဗျာ၊ “မင်း political role တို့ ဘာတို့ မလုပ်နဲ့ ။ ဆည်ဆောက်၊ တံတားဆောက် မင်း လုပ်” ဆိုပြီးတော့ မှ ကျန်တဲ့ နိုင်ငံခြားရေးကိစ္စတွေ ကျန်တဲ့ကိစ္စတွေမှာ သူ ဘာမှ ဝင်ရောက်စွက်ဘက်ခွင့် မရှိဘူး။

ဦးရော်နီညိမ်း။ ။ ဗိုလ်ချုပ်မှူးကြီးစောမောင်ရဲ့ စဉ်းစားပုံစဉ်းစားနည်းကို အခု ကျနော်တို့ ပြန်ပြီးတော့ သုံးသပ် ကြည့်တဲ့အခါမှာ နံပါတ်(၂)နေရာမှာ ရှိတဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေ ရှိနေသော်ငြားလည်းပဲ၊ ဗိုလ်မှူးကြီး ခင်ညွန့်ကျတော့ ဒါဟာ ဦးနေဝင်းရဲ့ ကိုယ်ပွား ဦးနေဝင်းကနေပြီးတော့မှ သူ့ ကိုယ်စား ထားထားတာဆိုတဲ့ အနေအထားမျိုး သူ့ခေါင်း ထဲမှာ ဝင်ပြီးတော့၊ ငါပြီးရင် နံပါတ်(၂)ဟာ ဗိုလ်မှူးကြီးခင်ညွန့်ပဲလို့ တွက်ပြီးတော့ အလုပ်လုပ်နေတဲ့ အပေါ်မှာ၊ သူနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေတို့ရဲ့ဆက်ဆံရေး အဲဒီအချိန်မှာ ဘယ်လိုများရှိပါသလဲ ခင်ဗျ။ သူတို့ ဒီ တပ်ရေးတပ်ရာတွေမှာ ရော၊ နိုင်ငံရေးအရ ရောပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ဗိုလ်ချုပ်ကြီးစောမောင်အပိုင်းမှာ ကျနော်သတိထား မိသလောက် နီးနီးစပ်စပ်နဲ့ ရင်းရင်းနှီးနှီး ခင်တဲ့မင်တဲ့ မိတ်ဆွေတွေတော့ မဟုတ်ကြဘူး ခင်ဗျ၊ တစ်ယောက်နဲ့ တစ်ယောက် သဘောသဘာဝအရတော့ ရင်းနှီးမှုမရှိတာ ကျနော် သွားပြီးတော့ မြင်တယ်။ တပ်မတော်မှာ တော့ ရာထူးကြီးတဲ့လူကို ရာထူးရှိနေတဲ့အချိန်မှာတော့ အားလုံးက respect ပေးကြရတာပါပဲ။ ဗိုလ်ချုပ်ကြီး စောမောင် ပြုတ်တော့ မှသာ ဗိုလ်ချုပ်ကြီးသန်းရွှေက ဗိုလ်ချုပ်စောမောင် တရုတ်ပြည်က US$ 2 billions ဘိုး လက်နက်တွေဝယ်တာ အလကားပဲ ဆိုပြီး အပုပ်ချတာတွေ အများကြီး ရှိတယ်။ ဦးနေဝင်းကိုလည်း ဒီလို ပဲ သူအပုပ်ချတာ ရှိတယ်။ ဦးနေဝင်း လုပ်သွားလို့ တိုင်းပြည်ပျက်တယ်ဆိုတာမျိုးဟာ သူစပြီးတော့ အာဏာ ယူကာစမှာ ပြောတာတွေရှိတယ်။ အဲဒီကျမှ ကျနော်တို့က ဗိုလ်ချုပ်သန်းရွှေဟာ ဒီလိုလူမျိုးပါလား ဆိုတာ…။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ကျနော်တို့ ခုနက ဒုဥက္ကဌ ဆိုတဲ့နေရာကို၊ နဝတ ခေါင်းဆောင်တွေ အချင်းချင်းကြားထဲမှာပဲ ညှိနှိုင်းပြီးတော့ ဘယ်သူက initiate လုပ်တာပါလဲ ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကျနော်သိတာက ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဋ္ဌပေးဖို့နဲ့ ပတ်သက် ပြီးတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင်၊ နှစ်ခါ ပေါ့ဗျာ၊ ပထမတခါ ဗိုလ်ချုပ်ကြီးစောမောင်ကို တင်ပြတယ်၊ ဘာမှ အဖြေထွက် မလာဘူး၊ ဒုတိယ တခါ တင်ပြတယ်၊ တတိယတခါလောက်မှ သဘောတူလိုက်တဲ့ အနေ အထားမျိုးရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဒီကိစ္စအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ ဗိုလ်မှူးကြီးခင်ညွှန့်တို့ တိုင်ပင်ဆွေးနွေးမှု ရှိပါ သလား၊ ဒါမှမဟုတ် ဗိုလ်မှူးကြီးခင်ညွှန့်ကိုယ်တိုင်ပဲ၊ ဗိုလ်မှူးပြောသလိုပေါ့နော်၊ သူ့မှာလုပ်ငန်းကိုင်ငန်း အခက် အခဲတွေ ရှိနေတဲ့ အတွက် သူနဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်ကြားမှာ တစ်ယောက်တော့ ရှိဖို့သင့်တယ် ဆိုတဲ့ အနေအထားမျိုးနဲ့၊ ဘယ်သူ့မှ မတိုင်ပင်ပဲ သွားပြီး ပြောတာလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ဒါကတော့ နိုင်ငံရေးအကွက်လို့ ကျနော်ထင်တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို အတွင်း ရေးမှူး(၁) ပေးပြီးတဲ့ နောက်ပိုင်းမှာ၊ တပ်မတော်(လေ)က ဗိုလ်မှူးကြီးသိန်းဝင်း (နောင် ကာကွယ်ရေး ဦးစီးချုပ်(လေ) နှင့် ပို့ဆောင်ရေးဝန်ကြီးဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဝင်း) ပေါ့ ဗျာ။ အလားတူပဲ ရေတပ်က ဗိုလ်မှူးကြီးသန်းညွှန့် (နောင် ကာကွယ်ရေး ဦးစီးချုပ်(ရေ) နှင့် ကျန်းမာရေး ဝန်ကြီး ဖြစ်ခဲ့ပြီး ၁၉၉၇ခုနှစ်တွင် ဖြုတ်ချခံရသူ ဒုတိယဗိုလ်ချုပ်ကြီး သန်းညွန့်) ။ သူတို့ကို စစ်ဦးစီး ဗိုလ်မှူးကြီး (ရေ၊ လေ)၊ နောက် စစ်ဦးစီးဗိုလ်မှူးချုပ်(ရေ၊ လေ)၊ နောင်မှာ ဦးစီးချုပ်အထိကိုဖြစ်အောင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ဆွဲတင်လိုက်တာ ပါပါတယ်။

ဦးရော်နီညိမ်း။ ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ) ပေါ့။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ။ ကာကွယ်ရေး ဦးစီးချုပ်(ရေ)နဲ့ (လေ)က ပြောရရင်တော့ဗျာ၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်ရဲ့ထောက်ခံမှုနဲ့ ဗိုလ်ချုပ်ကြီးစောမောင်က ပေးထားတဲ့ သဘောရှိပါတယ်။ အဲဒီတော့ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)အပိုင်းမှာကျတော့ ရှိပြီးသား ဗိုလ်ချုပ်ကြီး သန်းရွှေကို လဲဖို့ဆိုတာလည်း ဘယ် လိုမှ မဖြစ်နိုင်ဘူး။ နောက်တစ်ခုက အဲဒီအချိန် အဲဒီကာလမှာ၊ ဗိုလ်ချုပ်ကြီးမြင့်အောင်တို့ ဗိုလ်ချုပ်ကြီးထွန်း ကြည်တို့ ဗိုလ်ချုပ်ကြီးကျော်ဘတို့က တန်ခိုးထွားတဲ့အချိန် ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးမြင့်အောင်နဲ့ ဗိုလ်ချုပ် ကြီးထွန်းကြည် နှစ်ယောက် လုံးက ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့ တပ်မ ၈၈) ဒုတပ်မမှူးတွေ ဖြစ်ခဲ့ဖူးတဲ့ လူတွေပါ။ ဗိုလ်ချုပ်ကြီးကျော်ဘတို့ဆိုလည်း တော်တော်လေး နီးနီးစပ်စပ် လုပ်ခဲ့တဲ့ လူတွေပါ။ ဘယ်လောက်ထိ နီးစပ်သလဲ ဆို သူတို့ အချင်းချင်းခေါ်ရင်တောင် “ကိုသန်းရွှေ” ပဲ ခေါ်တာပါ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အဲဒီအနေအထားမှာ အဲလိုအခင်းအကျင်းထဲမှာ ဗိုလ်မှူးကြီးခင်ညွှန့်ရဲ့ အနေအထား ဟာ ဘယ်လိုဖြစ်နေသလဲ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ ကက(ကြည်း) (ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ရုံး) အပိုင်းကို ဗိုလ်ချုပ်ကြီးခင်ညွှန့်အနေနဲ့ တိုးဖို့ဆိုတာနဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို ဒုတိယဥက္ကဋ္ဌ ပေးဖို့အတွက်ကို အကြောင်းဖန်လာပါတယ်။ ဗိုလ်ချုပ်ခင်ညွှန့်ကလည်း ဗိုလ်ချုပ်တွေနဲ့ သင့်တင့် လျှောက်ပတ်အောင်ရယ် ဗိုလ်ချုပ်တွေကို သြဇာလွှမ်းမိုးနိုင်ဖို့ အတွက်က ဗိုလ်ချုပ်သန်းရွှေကို ချဉ်းကပ်မှ။ ဗိုလ်ချုပ်သန်းရွှွေကနေပြီးတော့မှ ပြောရင် နားထောင်မယ်ဆိုတဲ့ အနေအထားမျိုးကို ဗိုလ်ချုပ်ခင်ညွှန့် တွက်ပါတယ်။

ကျနော်ဆိုလိုချင် တာကတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့်ကိုယ်တိုင် ဗိုလ်ချုပ်ကြီးသန်းရွှေကို ရှင်းရှင်းပြောရရင်တော့ အိပ်ထဲထည့်တဲ့ သဘောပါပဲ။ ဗိုလ်ချုပ်ကြီးသန်းရွှေက ဒုတိယဥက္ကဋ္ဌ တောင်းဆိုချင်မှ တောင်းဆိုမယ်၊ စိတ်ထဲကတော့ တောင်းဆိုမှာပေါ့ ဗျာ။ စိတ်ထဲကတော့ သူ မကျေနပ်ပါဘူး။ ကျနော်သိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ဆည်မြောင်းတွေ လမ်းတံတားတည်ဆောက်ရေးတွေရဲ့ ဥက္ကဋ္ဌပဲ ထားတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဒါဆိုရင် အခု ကျနော်တို့ ပြန်ကြည့်တဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးခင်ညွှန့် ရဲ့အကွက်တွေပေါ့။ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့ရဲ့နိုင်ငံရေးတက်လမ်းအတွက် ဗိုလ်ချုပ်ကြီးသန်းရွှေကို အသုံး ချမယ်၊ ဗိုလ်ချုပ်မှူးကြီးစောမောင်နဲ့ ဆက်ဆံရေးကိစ္စမှာ ကြားမှာ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူလိုတယ်။ တခြား တိုင်းမှူးတွေနဲ့လည်း ဆက်ဆံတဲ့အခါမှာ ပြေပြစ်အောင်လို့ ကြားထဲမှာ buffer ပေါ့ဗျာ။ buffer အနေနဲ့ သူ ရှာတာပေါ့။ သူ့အတွက် သူ့ ရှေ့တက်လမ်းအတွက် လုပ်တာလို့ မြင်ကြည့်လို့ မရဘူးလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ အကွက်ကတော့ ဒီတိုင်းပါပဲ။ သူ တစ်ခုပဲရှိတယ်၊ သူ့ကို နံပါတ်Two လို့ ထားပေမယ့် ဗိုလ်ချုပ်ကြီးသန်းရွှေကို သူ မကျော်ချင်ဘူး။ သူက ဗိုလ်ချုပ်စောမောင်ပြီးရင် ဗိုလ်ချုပ်သန်းရွှေ၊ ပြီးရင် သူပေါ့ဗျာ၊ ဒါကို သူ့ခေါင်းထဲမှာ ထားတဲ့ အနေအထားမျိုးပါ။

ဦးရော်နီညိမ်း။ ။ ဒါက ကျနော်တို့ ပြန်တွက်ကြည့်တော့ on paper ပေါ့၊ on paperမှာရော လက်တွေ့ မှာရော ဗိုလ်ချုပ်မှူးကြီးစောမောင်ကတော့ နံပါတ် One ပဲ။ စာရွက်ပေါ်မှာတော့ ဗိုလ်ချုပ်ကြီးသန်းရွှေက နံပါတ်နှစ် ပေါ။့ ဒါပေမယ့် တကယ်တမ်းမှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ နံပါတ်နှစ် ဖြစ်နေတယ်ဆိုတာ သူ့ဘာ သာ သူသိပြီးသားပဲ၊ အဲဒီအချိန်မှာပေါ့ နော်။ သူက ဒါကြောင့်မို့လို့ နံပါတ်သုံး နေရာမှာပဲ နေပြီး နံပါတ်နှစ်ကို သူ ရုပ်သေးလို ထားလို့ရမယ်လို့ ထင်တဲ့ ဗိုလ်ချုပ်ကြီးသန်းရွှေကို သူပဲ initiate လုပ်တာပေါ့၊ နဂိုကတည်းက ဒုဥက္ကဌ မထားတဲ့ဟာကို ထားပေးအောင်လို့ ဝင်ပြောရတာဟာ၊ ဒါ ဗိုလ်ချုပ်ကြီးခင်ညွှန့်က သူ့အတွက် ထွင်တဲ့ နိုင်ငံရေးအရအကွက်ပဲလို့ သေချာပြောလို့ ရပါသလား ခင်ဗျ။

ဗိုလ်မှူးအောင်လင်းထွဋ်။ ။ မှန်ပါတယ် ခင်ဗျ၊ နိုင်ငံရေးအရ အကွက်ပါပဲ။ အဲဒီအကွက်က ကျနော် ဘယ်အချိန်ကျမှ သွားသိလဲ ဆိုတဲ့အခါကျတော့ ဗိုလ်ချုပ်ကြီးစောမောင် ပြုတ်သွားပြီးတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ တက်လာတယ်။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့် ကိုယ်တိုင် ဒုတိယပေါ့ ဗျာ၊ သူ့ကို second man အနေနဲ့ ပေးလိမ့်မယ်၊ ထားလိမ့်မယ်လို့ သူ လုံး၀ မျှော်လင့်ပါတယ်။ ဒါပေမယ့် တကယ် ဖြစ်မလာတဲ့အခါကျ တော့ သူကိုယ်တိုင် feeling ဖြစ်တဲ့ အနေ အထားမျိုး ရှိပါတယ်။ ဘာဖြစ်လို့ အဲဒါကို ကျနော်ပြောနိုင်သလဲဆိုရင် အဲဒီအချိန်တုန်းက ကျနော် စစ်ရုံးကို ရောက်ပြီ ခင်ဗျ။

ဦးရော်နီညိမ်း။ ။ သောတရှင်များ ခင်ဗျာ၊ နောက် သီတင်းပတ် “တပ်မှူးတပ်သား ပြောစကား” အပတ် စဉ်ကဏ္ဍမှာတော့ ဗိုလ်မှူးအောင်လင်းထွဋ်ပြောပြတဲ့ အပိုင်းတွေထဲက နောက်ဆုံးအပိုင်းဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချခဲ့ပုံတွေ တင်ပြသွားမှာ ဖြစ်ပါတယ်။ စောင့်မျှော်နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG