သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တိုင်းမှူးအသစ်များ အပေါ် ခေတ်ပြိုင်အရာရှိဟာင်းတစ်ဦး၏ မျှော်လင့်ချက်များ


တပ်မှူးတပ်သား ပြောစကား (၀၂၉)

မကြာသေးခင်က အသစ်ခန့်အပ်လိုက်တဲ့ မြန်မာ့တပ်မတော်ရဲ့ စစ်တိုင်းမှူး(၁၃)ဦး ထဲမှာ၊ ၈၈၈၈ အရေးတော်ပုံကာလ လူထုဘက်ကိုကူးပြောင်းခဲ့သူ ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်နဲ့ ဗိုလ်သင်တန်း တပတ်စဉ်ထဲ ကျောင်းဆင်းခဲ့တဲ့ စစ်တိုင်းမှူး(၅)ဦး ပါဝင်သလို၊ သူနဲ့ သိပ်မကွာတဲ့ ဗိုလ်သင်တန်းတွေက ကျောင်းဆင်းခဲ့သူတွေ ပါရှိပါတယ်။ သူနဲ့ ခေတ်ပြိုင် စစ်တိုင်းမှူး အသစ်တွေအပေါ် သူထားရှိတဲ့ မျှော်လင့်ချက်တွေကို ဗိုလ်ကြီးဟောင်းစိုင်းဝင်းကျော်က ဒီတပတ် “တပ်မှူးတပ်သား ပြောစကား” ပြောပြထားပြီး ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထား ပါတယ။်

ဦးရော်နီညိမ်း။ ။ ဗိုလ်ကြီးစိုင်းဝင်းကျော် ခင်ဗျား။ တပ်မတော်ကို သွေးသစ်လောင်းတယ်ပဲ ပြောရမလား၊ အခ ုကျနော်တို့ ပြန်ကြည့်လိုက်တဲ့အခါကျတော့ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ရဲ့ အပတ်စဉ် ပေါ့နော်၊ စစ်တက္ကသိုလ် အပတ်စဉ်(၂၄) က တပ်မမှူးတွေဟာ အခု တိုင်းမှူးတွေ ဖြစ်လာကြပါပြီ။ စစ်တက္ကသိုလ် အပတ်စဉ်(၂၄) နဲ့ ခေတ်ပြိုင်ပဲ ဖြစ်တဲ့ OTS အပတ်စဉ် (၆၄)က တပ်မမှူးတွေလည်း တိုင်းမှူးဖြစ်လာတာကို ကျနော်တို့ တွေ့ရပါတယ်။ ဥပမာဆိုလို့ရှိရင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအသစ်က တပ်မ(၇၇) ရဲ့ တပ်မမှူး၊ ဗိုလ်ကြီး စိုင်းဝင်း ကျော်တို့ အပတ်စဉ်က ဗိုလ်မှူးချုပ်ထွန်းသန်း ဖြစ်ပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်း ဗိုလ်ကြီးစိုင်းဝင်းကျော်တို့ အပတ်စဉ်ကပဲ ခြေမြန်တပ်မ(၃၃)ရဲ့ တပ်မမှူး ဗိုလ်မှူးချုပ်အောင်ကျော်ဇောဖြစ်ပါတယ်။ စစ်တက္ကသိုလ်ဆင်း မဟုတ်ဘဲနဲ့ OTS ဆင်း ဆိုလို့ရှိရင်လည်းပဲ ဖားအံက ခြေမြန်တပ်မ(၂၂)ရဲ့တပ်မမှူး ဗိုလ်မှူးချုပ်တင်မောင်ဝင်း OTS အပတ်စဉ် (၆၄)၊ မကွေးက တပ်မ(၈၈) တပ်မမှူး ဗိုလ်မှူးချုပ်စိုးထွဋ် OTS အပတ်စဉ်(၆၄) က တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သူတို့တွေက ဗိုလ်ကြီးစိုင်းဝင်းကျော်တို့နဲ့ ခေတ်ပြိုင်တွေပါ။ ဗိုလ်ကြီး ဆိုလို့ရှိရင် တပ်ခွဲမှူးပေါ့၊ ၁၉၈၈ ရှစ်လေးလုံးအရေးတော်ပုံကြီး ဖြစ်တဲ့အချိန်မှာ ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်ခဲ့တဲ့အချိန်မှာ၊ အခုတော့ ကိုယ်နဲ့ခေတ်ပြိုင်တွေ၊ ကိုယ်နဲ့ သူငယ်ချင်းတွေ တပ်မမှူးတင် မက တိုင်းမှူးပါ ဖြစ်လာပါပြီ။ တိုင်းမှူးဆိုတာ ကျနော်တို့ မြန်မာ့တပ်မတော်မှာ ဒုတိယတန်းစစ်ခေါင်းဆောင် တွေပါ။ အဲဒီတော့ ဗိုလ်ကြီး ဘယ်လိုမြင်ပါသ လဲ ခင်ဗျ။ ဒီအခု ဗိုလ်ကြီးတို့နဲ့ ခေတ်ပြိုင် ဒီလူငယ်တိုင်းမှူးတွေဟာ တပ်မတော်ကိုကော တိုင်းပြည်ကိုကော ကောင်းသောအပြောင်းအလဲကို လုပ်နိုင်ဖို့ အလားအလာ ရှိပါသလား ခင်ဗျ။

ဗိုလ်ကြီးစိုင်းဝင်းကျော်။ ။ အခုလို ကျနော့်ရဲ့ ကျောင်းနေဘက် သူငယ်ချင်းတွေပေါ့နော်၊ ကျနော်တို့ အပတ်စဉ်က ဆင်းတာတွေ ကျနော်တို့နဲ့ မလှမ်းမကမ်း အပတ်စဉ်တွေကနေ ဆင်းသွားတဲ့ အရာရှိတွေဟာ တပ်မတော်မှာ ခုနပြောတဲ့ တိုင်းမှူးအဆင့် တာဝန်တွေကို ရလာတယ်ဆိုတာ ကောင်းတဲ့လက္ခဏာ တရပ်ပါ။ သူတို့ အတွက်လည်း ကျနော် ဝမ်းသာပါ တယ်။ သို့သော် ကျနော် ပိုပြီးတော့မှ ဝမ်းသာချင်တာကတော့ မြန်မာလူထုတစ်ရပ်လုံး အတွက် ကျနော်ပိုပြီးတော့မှ ဝမ်းသာချင်ပါတယ် ခင်ဗျ။ ကျနော် ပိုပြီး မျှော်လင့်တာကတော့ တပ်မတော်ထဲမှာ ပိုပြီးတော့မှ တိုးတက်သစ်လွင်တဲ့ အတွေးအခေါ်တွေနဲ့ပေါ့၊ ကျနော်တို့ လက်ရှိ မြန်မာပြည်ကြီးကို ငြိမ်းချမ်းတဲ့နည်းနဲ့၊ အကောင်းဆုံးအမြန်ဆုံးနည်းနဲ့ စစ်အာဏာရှင် စနစ်ကို ချုပ်ငြိမ်းသွားပြီးတော့မှ ပြည်သူလူထုတရပ်လုံးက လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ အကောင်အထည်ဖေါ်ပေးနိုင်တဲ့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက် တန်ဘိုးထားတတ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေကို ပိုပြီးတော့မှ အလေးထားလုပ်ဆောင်သွားနိုင်တဲ့ မြန်မာလူထု တရပ်လုံးကို ဆင်းရဲတွင်းကနေ လွတ်အောင် အမြန်ဆုံး စွမ်းဆောင်ပေးနိုင်တဲ့ တပ်မတော်ခေါင်းဆောင်သစ်တွေကို ပိုပြီးတော့မှ မျှော်လင့်ပါတယ်ခင်ဗျ။ ကျနော့် သူငယ်ချင်းတွေလည်း အဲဒီလိုမျိုး ခေါင်းဆောင်သစ်တွေ ဖြစ်လာပါစေလို့ပဲ ကျနော် ဆန္ဒပြုပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီးခင်ဗျ၊ ကျနော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီတိုင်းမှူးတွေဟာ တိုင်းမှူးဖြစ်အောင် ပိရမစ် ပုံစံပေါ့နော်၊ ထိပ်ပိုင်းမှာက နည်းနည်းပဲရှိပြီး အောက် မှာက အများကြီး၊ အောက်မှာ အများကြီးကနေ သူတို့ တဆင့်တဆင့် တက်လာရတာ၊ စစ်တက္ကသိုလ်တို့ OTS တို့မှာ ဗိုလ်လောင်းဖြစ်ဖို့တောင် လွယ်တာမဟုတ်ဘူး။ အဲဒီကနေမှ သူတို့ အောက်ကနေ တဆင့်တဆင့် နောက်ဆုံး ဒီ စကခတွေကော တပ်မတွေကော ပေါင်းလိုက်ရင် (၃၀)ကျော်လောက်ရှိတယ်။ အဲဒီ တပ်မမှူးတွေထဲကမှ အခုနောက်ဆုံး တိုင်းမှူးက (၁၃) ယောက် ဒီအထဲမှာ ပါလာကြပြီ။ ပိရမစ်ပုံစံနဲ့ အပေါ်ကိုသွားနေတဲ့အချိန်မှာ ဒီလူတွေဟာ ခပ်ညံ့ညံ့တွေ မဟုတ်ဘူးဆိုတာ ကျနော်တို့ မှန်းလို့ ရပါတယ်။ အရည်အချင်းအားဖြင့် ဒီ လောက်တော်နေတဲ့လူတွေဟာ စိတ်စေတနာအားဖြင့် တိုင်းပြည်ကို ပြောင်းလဲချင်စိတ် ဖြစ်ပေါ်လာအောင် ဗိုလ်ကြီး ကိုယ်၌ကလည်း နိုင်ငံရေးဘက်ကို ကူးပြောင်းလာတယ်။ နိုင်ငံရေး အကျဉ်းသားအဖြစ်လည်း နေလာတဲ့အတွက်ကြောင့်မို့လို့ နိုင်ငံရေးအားဖြင့် အတိုက်အခံတွေ"တပ်မတော်က မပါလို့ မြန်မာပြည်မှာ ဘာပဲ လွတ်မြောက်ရေးလုပ်ရှားမှု လုပ်လုပ် အပြောင်းအလဲက မဖြစ်ဘူး" လို့ ပြောနေကြတယ်။ အခု ဒီလိုမျိုး အပြောင်းအလဲဖြစ်အောင် လူငယ်သွေးသစ်တိုင်းမှုးတွေ၊ တပ်မမှူးတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်း က ပြေပြေပြစ်ပြစ်ဖြစ် အောင် ဘယ်လိုညှိနှိုင်းပြီးတော့ ဘယ်လိုမျိုး အသံတွေ ပေးသင့်သလဲ၊ ဘယ်လိုမျိုး ကမ်းလှမ်းမှုတွေ လုပ်သင့်သလဲ၊ ဗိုလ်ကြီး ဘယ်လိုမြင်သလဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်မြင်တာတော့ ကျနော်တို့ ဒီ ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ကြားမှာ တဖက်နဲ့ တဖက် အငြှိုးအာ ဃာတတွေကို ဖယ်ဖျောက်ပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့လူမျိုးအတွက် မြန်မာပြည်သူလူထု တရပ်လုံးအတွက် လက်တွဲပြီးတော့မှ ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါပြီခင်ဗျ။ နောက် တခုက စစ်အာဏာရှင်စနစ်က ချုပ်ငြိမ်းစေချင်တယ်ဆိုတာက တပ်မတော်ကြီးတခုလုံးကို ဖျက်သိမ်းဖို့ ပြောတာမဟုတ်ပါဘူး။ လက်ရှိ တပ်မတော် ခေါင်းဆောင်ကြီးတွေ အများစုက တပ်မတော်ကို အင်အားတောင့်တင်းအောင် အဖက်ဖက်က သူတို့ ကြိုးစားနေပေမယ့် တချို့နေရာတွေမှာ သူတို့က အင်မတန်မှ အန္တရာယ်ကြီးတဲ့ နျူးကလီးယားတို့ ဘာတို့၊ လူအ မြောက်များ သေစေနိုင်တဲ့ လက်နက်တွေထုတ်ဖို့ထိ ကြံစည် ကြိုးပမ်းနေတာတွေ အများကြီး ရှိပါတယ်။ နောက်တခုက အမိန့်နဲ့တာဝန်ကို တလွဲအသုံးချပြီးတော့မှ တပ်မတော်က စစ် အာဏာရှင်စနစ်ရဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ ဖြစ်ပြီးတော့မှ လူထုကို ရက်ရက်စက်စက် ဖိနှိပ်နေတာတွေ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ စေ့စပ်ဆွေးနွေးဖြေရှင်းမှု မရှိဘဲနဲ့ အမျိုးမျိုး မရိုးသားတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းတာတွေ အားလုံးဟာ နိုင်ငံနဲ့ ပြည်သူလူထုတရပ်လုံးအတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေပါတယ်။ တပ်မတော်အတွက်လည်း ရေရှည်မှာ အလားအလာ မကောင်း ပါဘူး။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဗိုလ်ကြီး အခု ဒီ အတွေးသစ် အမြင်သစ်တွေနဲ့ လူငယ်ခြေတက် တိုင်းမှူးတပ်မမှူးတွေ ဖြစ်လာကြပြီလို့ ကျနော်တို့ မြင်ကြည့်လိုက်မယ်ဆိုရင် အရင် တုန်းက နိုင်ငံရေးပြစ်မှုကြီးတွေ ပြည်သူလူထုကို ဖိနှိပ်တဲ့လုပ်ငန်းတွေ လုပ်ခဲ့တဲ့အပေါ်မှာ အခု တက်လာတဲ့ တိုင်းမှူး၊ တပ်မမှူးတွေဟာ သိပ်ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အရင်အုပ်စု တွေထက်စာလို့ရှိရင် အခုလိုမျိုး အထိုက်အလျောက် သန့်ရှင်းတဲ့ လူငယ်ခြေတက်တိုင်းမှူးတပ်မမှူးတွေ ပေါ်ထွက်လာပြီ။ အဲဒီတော့ ကျနော်တို့ ဒီမိုကရေစီ အသိုင်းအဝိုင်းက တိုင်းပြည် မှာ အပြောင်းအလဲဖြစ်စေချင်တဲ့ ဒီမိုကရေစီအင်အားစုတွေကကော ဘယ်လိုမျိုး အသံပေးပြီးတော့ ဘယ်လိုမျိုး ဒီအပြောင်းအလဲကိုဖြစ်အောင်လို့ အမျိုးသား ရင်ကြားစေ့ရေး ပြန်ဖြစ် အောင်လို့ ချဉ်းကပ်သင့်လဲ၊ ဘယ်လိုအသံပေးသင့်လဲလို့ ထင်ပါသလဲ ခင်ဗျ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်ထင်တာတော့ ကျနော်တို့ဘက်က နိုင်ငံတကာအခြေအနေနဲ့ လိုက်လျောညီထွေပေါ့နော် စစ်ခေါင်းဆောင်တွေဘက်ကလည်း သဘောထား အမှန်တကယ်ပြောင်းလဲလာတယ်၊ အတူတကွ နိုင်ငံသစ်ကို တည်ထောင်ချင်တဲ့ ဆန္ဒရှိတယ်ဆိုလို့ရှိရင် ကျနော်တို့ အနေနဲ့ သဘောထားကြီးကြီးနဲ့ အားလုံးကို လမ်းဖွင့်ပြီးတော့မှ လက်တွဲ အတူတကွ လုပ်ဆောင်ဖို့ အချိန်သင့်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ လူ တစ်ဦးတစ်ယောက် ဆိုတာက သင်္ခါရသဘောအရ ပြောမယ်ဆိုရင် ဘယ်သူမှ ရေရှည် မတည်မြဲနိုင်ပါ ဘူး။ အဲဒါကြောင့်မို့ လူအပြောင်းအလဲ ခေါင်းဆောင်အပြောင်းအလဲဆိုတာ ဖြစ်လာမယ်၊ အချိန်တန်ရင် ဖြစ်လာမှာတော့ သဘာဝကျပါတယ်။ အဲဒီဖြစ်လာတဲ့ အခြေအနေအပေါ်မှာ ကျနော်တို့အနေနဲ့ အကောင်းဆုံး ဘယ်လောက်ထိလုပ်သွားနိုင်သလဲ၊ တပ်မတော်အပါအဝင်နိုင်ငံတခုလုံးကို ဘယ်လောက်ထိ တည်ထောင်သွားနိုင်မလဲဆိုတာ အများကြီးစကားပြော နေပါပြီခင်ဗျ။ တပ်မတော်ကို ခေတ်မှီအောင် အဖက်ဖက်က တည်ထောင်တယ်ဆိုတာ စစ်အာဏာရှင်စနစ်မှ မဟုတ်ပါဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်တဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာပြီးတော့မှ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ရပ် ပေါ်ထွန်းလာပြီဆိုလို့ရှိရင်လည်း ဒါ ကျနော်တို့ တိုင်းပြည်နဲ့ လုံခြုံရေးအတွက်ကော အမျိုးသားကာကွယ်ရေး အတွက်ကော ကျနော်တို့ တပ်မတော်ကို ခေတ်မှီအောင် တည်ဆောက်ရမှာပါ။

ဗိုလ်ကြီး စိုင်းဝင်းကျော်။ ။ ကျနော်မြင်တာတော့ ကျနော်တို့ ဒီ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေနဲ့ တပ်မတော်စစ်ခေါင်းဆောင်တွေ ကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ပေါ့နော်၊ ပုဂ္ဂိုလ်ရေးအရမုန်းတီးမှုတွေ ရန်စောင်မှုတွေ၊ အမျက်ဒေါသတွေကို ဖယ်ဖျောက်ပြီးတော့မှ အားလုံးက တိုင်းပြည်နဲ့လူမျိုးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ သင့်ပါပြီခင်ဗျ။ နောက် တခုက လက်ရှိတပ်မတော်ရဲ့ ခေါင်းဆောင်ကြီးတွေ တိုင်းပြည်ရဲ့အာဏာတွေအားလုံးကို သူတို့က တစ်ဖက်သတ် ဒီ ကာကွယ်ရေးဘတ်ဂျက် (Budget)မှာ စာရင်းမရှိ၊ အင်းမရှိ ထင် သလိုသုံးစွဲနေတာတွေလည်း ရှိပါတယ်။ နောက်တခုက တပ်မတော်တခုလုံးကို လူတစ်ဦးတစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာ အကြာကြီးထားပြီးတော့မှ အဲဒီလူအပါအဝင် အဲဒီလူရဲ့ ဆွေမျိုးသားချင်း၊ သားသမီးတွေကိုက အစ မော်မကြည့်ရဲလောက်အောင် အဲလောက်လောက်ထိ လူပုဂ္ဂိုလ်ကိုးကွယ်ပြီးတော့မှ ကြောက်ရွံ့နေရတာမျိုးလည်း မဖြစ်စေချင်ပါဘူး ခင်ဗျ။ နောက်တစ်ခုက လူထုကို အင်အား အားကိုးပြီးတော့မှ သွေးထွက်သံယို ဖြေရှင်းတာတွေ တပ်မတော်အတွက်လည်း ရေရှည်မှာ အလားအလာ မကောင်းပါဘူး။ ကျနော်တို့ဘက်က နားလည်မှုရှိရှိနဲ့ နူးညံ့သိမ်မွေ့တဲ့နည်းလမ်းတွေနဲ့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေပြီးတော့မှ နားလည်မှုရှိရှိနဲ့ ကျနော်တို့ ချဉ်းကပ်ဖို့ သင့်ပါတယ် ခင်ဗျ။ တပ်မတော် ခေါင်းဆောင်တွေကို ကျနော်တို့က ဦးတည်တိုက်ခိုက်ပြီးတော့မှ ပုဂ္ဂိုလ်ရေးအရ ဦးတည်တိုက်ခိုက်ပြီးတော့မှ ဝေဖန်ပြောဆိုပြီးတော့မှ ဆဲဆိုကြိမ်းမောင်းနေမယ့်အစားပေါ့နော်၊ နိုင်ငံ တကာအခြေအနေနဲ့ လိုက်လျောညီထွေ ရှင်းပြ၊ ပြောဆို၊ ဆွေးနွေးနိုင်တယ်။ ကျနော်တို့ဘက်ကလည်း သဘောထားအမှန်ကို ထုတ်ဖော်ပြသနိုင်တယ်ခင်ဗျ။ တစ်ဦးနဲ့တစ်ဦး တစ်ဖက် နဲ့တစ်ဖက် ပုဂ္ဂိုလ်ရေး အရရော နောက်တစ်ခုက အင်အားစုတွေအရပါ မလိုလားအပ်တဲ့ သံသယတွေ အငြင်းပွါးမှုတွေကို ဖယ်ရှားပြီးတော့မှ လက်တွဲလုပ်ဆောင်သွားဖို့ အခြေအနေကို ကျရောက်နေပါပြီ။ အဲဒီတော့ ဒီမိုကရေစီ အင်အားစုတွေနဲ့ ဒီ စစ်ခေါင်းဆောင်အပါအဝင် မြန်မာ့တပ်မတော် အကြားမှာ တစ်ဖက်နဲ့ တစ်ဖက် နားလည်မှုတွေ အထင်လွဲမှုတွေကို ဖယ် ရှားပြီးတော့မှ အားလုံး သဘောထားကြီးကြီးနဲ့ အငြှိုးအာဃာတတွေကို ဖယ်ဖျောက်ပြီးတော့မှ နိုင်ငံနဲ့လူမျိုးအတွက် အကောင်းဆုံး လက်တွဲလုပ်ဆောင်သွားဖို့ အချိန်ကျရောက်ပြီလို့ ကျနော် တိုက်တွန်းပြောဆိုချင်ပါတယ် ခင်ဗျ။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ ဗိုလ်ကြီး စိုင်းဝင်းကျော်ခင်ဗျာ ကျေးဇူးတင်ပါတယ်။ ရှစ်လေးလုံးလူထုအုံကြွမှုကြီးအချိန်အခါက လူထုကို ဖြိုခွင်းနှိပ်ကွပ်ဖို့ စေလွှတ်ခဲ့တဲ့ ခြေမြန်တပ်မ(၂၂)က ခမရ(၂၀၈)တပ်ရင်းက တပ်ခွဲမှူးဖြစ်ခဲ့သူ ဗိုလ်ကြီးစိုင်းဝင်းကျော်ပါ။ သူဟာ ပြည်သူလူထုကို ပစ်ခတ်နှိမ်နင်းရမှာကို မလိုလားတဲ့အတွက် ရှစ်လေးလုံး လူထုအုံကြွမှု အချိန်အခါကြီးမှာ ပြည်သူလူထုဘက်ကို ကူးပြောင်းခဲ့တာပါ။ အဲဒီအတွက်ကြောင့်မို့ သူဟာ နိုင်ငံရေးအကျဉ်းသားအဖြစ်နဲ့ (၆)နှစ်လောက် မြန်မာနိုင်ငံအတွင်းက အကျဉ်းထောင်တွေမှာ နေခဲ့ရပါတယ်။ သူနဲ့အတူတူ စစ်တက္ကသိုလ်ဗိုလ်သင်တန်း တက်ခဲ့ဖူးသူတွေ အဲဒီ စစ်တက္ကသိုလ်အပတ်စဉ်(၂၄) နဲ့ သိပ်မကွာတဲ့ OTS ဗိုလ်သင်တန်းက ဆင်းခဲ့တဲ့သူတွေဟာ အခု စစ်တိုင်းမှူးတွေ ဖြစ်လာခဲ့ပါပြီ။ ဒီအပေါ်မှာ ဗိုလ်ကြီးစိုင်းဝင်းကျော်က သုံးသပ်တင်ဆက်ပေးသွားတာဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG