တပ်မှူးတပ်သား ပြောစကား (၀၈၄)
မကြာခင်မှာ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ခေါ် ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးဆွေးနွေးတော့မယ်လို့၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေ က၊ ပြည်ပအခြေစိုက် မြန်မာမီဒီယာတွေကို ပြောနေကြပါတယ်။ “ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ” (UNFC – United Nationalities Federal Council) အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ဖြစ်တဲ့၊ မွန်ပြည်သစ်ပါတီ (NMSP – New Mon State Party) နဲ့ မွန်ပြည်နယ်အစိုးရတို့လည်း၊ မကြာ သေးခင်က ရေးမြို့မှာ၊ ပဏာမတွေ့ဆုံဆွေးနွေးမှုတွေ၊ ပြုလုပ်ခဲ့ကြပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရ တို့ရဲ့ ငြိမ်းချမ်းရေး ရရှိနိုင်မှုအလားအလာတွေကို၊ အရင်စစ်အစိုးရအချိန်အခါက ငြိမ်းချမ်းရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖူးသူ၊ စစ်ထောက်လှမ်းရေးနဲ့သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်းဦးအောင်လင်းထွဋ်နဲ့ ဦးရော်နီညိမ်းက၊ ဆက်သွယ် ဆွေးနွေး ပြီး၊ ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ၊ စီစဉ်တင် ဆက်ထားပါတယ်။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ခင်ညွန့်လုပ်ခဲ့တာတွေကြောင့်၊ ဘာပဲဖြစ်ဖြစ် လက်နက်တွေကိုင်ထားပြီး တော့မှ မတိုက်ပဲမခိုက်ပဲ နေလာခဲ့ကြတာ၊ နှစ်(၂၀) လောက် ရှိလာခဲ့ပါတယ်။ ၂၀၀၉ ခုနှစ်မှာ၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မူပြောင်းပြီး နယ်ခြားစောင့်တပ် လုပ်တဲ့အခါကျမှ၊ အခုလို ကချင်တို့၊ ရှမ်းတို့၊ DKBA တို့ အပါအ ၀င် တိုင်းရင်းသားတပ်တွေက၊ မြန်မာ့တပ်မတော်နဲ့ ပြန်ပြီး တိုက်ကြခိုက်ကြတဲ့ အနေအထားတွေ ဖြစ်လာခဲ့ တာပါ။ ဒီအခြေအနေမျိုး ကို၊ ဦးသိန်းစိန်က မဖြစ်လိုပါဘူး။ ဒါကြောင့်၊ သူ တရားဝင်ကြေညာပြီး၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့တွေကို သူလိုက်ပြီး ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာပါ။ တချိန်က လုံးဝအဆက်အဆံ မလုပ်ရဘူးလို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အမိန့်ထုတ်ပြီး စွန့်ပယ်ထားခဲ့တဲ့ ရွက်ဆစ်တို့အဖွဲ့ကိုပါ၊ ဦးသိန်းစိန်က ငြိမ်းချမ်းရေး ကမ်းလှမ်းနေတာ၊ သိပ်ကို ထူးထူးခြားခြားပါ။
ဦးရော်နီညိမ်း ။ ။ အဲဒီတော့၊ ဗိုလ်ချုပ်ခင်ညွန့် ဦးဆောင်ပြီး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်း ချမ်းရေးယူတဲ့အလုပ်တွေ လုပ်နေစဉ်ကာလက၊ ဦးသိန်းစိန်ဟာ စစ်ရုံးမှာ၊ ဘာတာဝန် ထမ်းဆောင်နေပါ သလဲ။
ဦးအောင်လင်းထွဋ် ။ ။ သူဟာ စစ်ဦးစီးဗိုလ်မှူးကြီး(ကြည်း)၊ နောက် စစ်ဦးစီးဗိုလ်မှူးချုပ်(ကြည်း)တာဝန် တွေကို၊ ၁၉၉၆-၉၇၊ တိုင်းမှူးမဖြစ်ခင်အထိ ထမ်းဆောင်ခဲ့သူပါ။ မွန်ပြည်သစ်ပါတီ အပါအ၀င် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးနဲ့ ငြိမ်းချမ်းရေး ရစဉ်မှာရော၊ ခွန်ဆာ လက်နက်ချစဉ်အချိန်မှာရော၊ သူဟာ စစ်ရုံးမှာ ရှိပါတယ်။ အားလုံးကို အတွင်းကျကျသိထားတဲ့သူပါ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဘယ် လို ဆွေးနွေးခဲ့တယ်၊ ဘာတွေ ကတိက၀တ်တွေ ရှိခဲ့တယ်၊ ဆိုတာတွေကို သူ အားလုံးနားလည်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ဒါဆို အခု သမ္မတကြီးဦးသိန်းစိန်က ကကကြည်း (စစ်ဆင်ရေး)ကို ကိုင်ခဲ့တဲ့ သူပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ် ခင်ဗျ။ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို၊ ဗိုလ်ချုပ်ကြီးသန်းရွှေ ဗိုလ်ချုပ်ကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ သုံးယောက်ရဲ့ ယုံကြည်မှုကို အရဆုံး၊ အားအကိုးရဆုံး စစ်ဦးစီးအရာရှိ ကောင်း တစ်ယောက် ဖြစ်ပါတယ်။
ဦးရော်နီညိမ်း ။ ။ ကကကြည်း(စစ်ဆင်ရေး)ဌာနက၊ တပြည်လုံးမှာ အပ်ကျတာကအစ၊ သူတို့က အကုန် သိတယ်။ အကုန်လုံးကို စီမံခန့်ခွဲနေတဲ့ ဌာနလို့၊ ကျနော်တို့ သိထားခဲ့ရပါတယ်။ အဲဒီတော့ အဲဒီနေရာမျိုးက လာတဲ့၊ ဦးသိန်းစိန်က ဦးရွက်ဆစ်တို့ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း)ကို ငြိမ်းချမ်းရေးကမ်းလှမ်းတယ် ဆို တာ၊ အစိုးရဘက်က တရားဝင်မထွက်သေးပေမယ့်၊ အခု တခြားကထွက်နေတဲ့ သတင်းတွေအရ၊ ဒါဟာ မှန် ကန်နိုင်တယ်ပေါ့။
ဦးအောင်လင်းထွဋ် ။ ။ မှန်ကန်နိုင်ပါတယ်။ ထူးလည်းထူးခြားပါတယ်။ ဦးသိန်းစိန်ဟာ၊ တကယ်ပဲ တတိုင်းပြည်လုံးကို ငြိမ်းချမ်းစေချင်တဲ့ ဆန္ဒရှိတယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ထူးခြားတဲ့ဟာကို၊ ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA–South ဘက်က၊ ထပ်ပြီ; တွေ့ရပါသေးတယ်။ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ရဲ့ ပြောရေးဆိုခွင့်ရှိသူ၊ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ဒီ ရက်ပိုင်းမှာ ပြောနေတာကတော့၊ ကျန်တဲ့ KIOတို့၊ KNUတို့ ပြောနေကြတဲ့ စကားအတိုင်းပဲ၊ ဒီအတိုင်းတော့၊ အစိုးရနဲ့ သူတို့ တစ်ဖွဲ့ချင်း၊ ငြိမ်းချမ်းရေး မဆွေးနွေးလိုဘူး၊ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း)ကို ကိုယ်စားပြု ပြီး၊ ဗိုလ်မှူးစိုင်းလောင်ဆိုင်းပြောတာက၊ မကြာသေးခင် ဒီနှစ်ထဲမှာ ဖွဲ့ထားတဲ့ “ညီညွတ်သော တိုင်းရင်းသား များ ဖက်ဒရယ်ကောင်စီ” (UNFC – United Nationalities Federal Council) အဖွဲ့၊ တပ်ပေါင်းစုအနေနဲ့ ဆွေးနွေးလိုတယ်လို့၊ ပြောပါတယ်။ UNFC မှာက KNU (Karen national Uinion)(ကရင်အမျိုးသားအစည်း အရုံး)၊ KNPP (Karenni National Progressive Party) (ကရင်နီအမျိုးသားတိုးတက်ရေးပါတီ)၊ KIO (Kachin Independence Organization) (ကချင်လွတ်လပ်ရေးအဖွဲ့)၊ NMSP (New Mon State Party) (မွန်ပြည်သစ်ပါတီ)၊ CNF (Chin National Front) (ချင်းအမျိုးသားတပ်ဦး)၊ SSPP/SSAN (Shan State Progressive Party /Shan State Army – North) ရှမ်းပြည်တိုးတက်ရေးပါတီ / ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း)၊ PNLO (PaO National Liberation Organization) (ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့)၊ တို့ပါကြတယ်။ UNFCထဲမှာ ရှမ်းပြည်တပ်မတော်(တောင်ပိုင်း) SSA – South မပါဘူး။ ဒါပေမဲ့၊ ဗိုလ်မှူးစိုင်း လောင်ဆိုင်းကပါ၊ ဒီစကားပြောနေတော့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) နဲ့ (တောင်ပိုင်း) တို့၊ ပေါင်းထား ပြီးသားမို့လို့၊ ရှမ်းပြည်တပ်မတော် SSA ကို၊ ကိုယ်စားပြုပြီးတော့၊ သူကပါ UNFC တပ် ပေါင်းစုအနေနဲ့မှ၊ ငြိမ်းချမ်းရေးဆွေးနွေးမယ် သူတို့ တစ်ဖွဲ့ချင်းအနေနဲ့တော့ မဆွေးနွေးဘူးဆိုတဲ့ အသံမျိုး၊ ထွက်နေတာကို၊ ဗိုလ်မှူး ဘယ်လို ထင်မြင်ယူဆပါသလဲ။ အစိုးရကတော့ သူ့ရဲ့မဟာဗျူဟာအရ၊ ဘယ်တုန်းကမှ တပ်ပေါင်းစု တွေနဲ့ မဆွေးနွေးဘူး၊ တစ်ဖွဲ့ချင်းနဲ့ပဲ ဆွေးနွေးတဲ့ အနေအထားရှိခဲ့တယ်။ ဗိုလ်မှူးစိုင်းလောင်ဆိုင်း ပြောနေ တာနဲ့၊ KNU ၊ KNPP ၊ KIO တို့ တောင်းဆိုနေတဲ့၊ အစိုးရအနေနဲ့ UNFC တပ်ပေါင်းစုနဲ့ ဆွေးနွေးရေးဆို တာ၊ ဖြစ်နိုင်ပါသလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ UNFC နဲ့ ပတ်သက်ပြီး ကျနော့်အမြင်ကို ပြောရရင်၊ ကျနော်တို့အတွေ့အကြုံအရ တိုင်းရင်းသားတပ်တွေ အားလုးစုပြီးတော့မှ၊ အစိုးရနဲ့ ဆွေးနွေးဖို့ဆိုတာ၊ နောက်ဆုံးအဆင့်မှာမှ၊ အားလုံးအ ဆင်ပြေပြီးတဲ့ အချိန်မျိုးမှာမှ ဖြစ်နိုင်ပါလိမ့်မယ်။ တချိန်တုန်းကလည်း DAB (Democratic Alliance of Burma) အနေနဲ့မှ ဆွေးနွေးမယ်ဆိုပြီး KNU (ကရင်အမျိုးသားအစည်းအရုံး)၊ KNPP (ကရင်နီအမျိုးသားတိုး တက်ရေးပါတီ)၊ KIO (ကချင်လွတ်လပ်ရေးအဖွဲ့)၊ NMSP (မွန်ပြည်သစ်ပါတီ)၊ အစရှိတဲ့ တိုင်းရင်းသားအဖွဲ့ ပေါင်းစုံက တင်းခံခဲ့ကြဖူးပါတယ်။ တကယ်တမ်း ပြန်ကြည့်တော့လည်း၊ ဒီတိုင်းရင်းသားအဖွဲ့တွေဟာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ရဲ့ အနေအထားတွေ မတူ ကြတာ၊ သူတို့လည်း နားလည်ပြီးသားပါ။ အမြင်တွေ မတူတာ၊ အတွေးအ ခေါ် ကွာခြားတာတွေ၊ သူတို့တွေမှာ ရှိနေတာပါ။ UNFC ဆိုပြီး သူတို့ကိုင်စွဲထားတဲ့ သဘောထားကို၊ ကျနော် က သဘောမတူဘူးလို့ ပြောနေတာ မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးတွေထဲမှာလည်း၊ ညီညီညွတ်ညွတ် နဲ့ အစိုးရနဲ့ဆွေးနွေးဖို့မူဝါဒတစ်ခုတော့၊ ကိုင်စွဲထားကြဖို့ လိုပါတယ်။ ဒီမူဝါဒကို ကိုင်စွဲထားပြီးတော့မှ၊ အစိုးရ နဲ့က တိုင်းရင်းသားတစ်ဖွဲ့ချင်းက၊ ဆွေ့ဆုံဆွေးနွေးရပါလိမ့်မယ်။ တိုင်းရင်းသားအဖွဲ့တွေ လူစုပြီးတော့မှ၊ အစိုး ရနဲ့ တွေ့ဖို့လုပ်ရင်၊ ဘယ်လိုမှ ပွဲက ဖြစ်မှာမဟုတ်ပါဘူး။ ပွဲပျက်မယ့် အနေအထားမျိုး ရှိပါတယ်။ UNFC က ချမှတ်ထားတဲ့ မူဝါဒတစ်ရပ်ကို၊ တိုင်းရင်းသား တစ်ဖွဲ့ချင်းက ကိုင်စွဲပြီးတော့မှ၊ အစိုးရနဲ့ ဆွေးနွေးကြ။ အစိုးရ နဲ့အားလုံးနဲ့ ငြိမ်းချမ်းရေး ရလာပြီ ဆိုတော့မှ၊ အစိုးရရယ် နိုင်ငံရေးပါတီတွေရယ် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေရယ်၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုဆိုတာ၊ ဖြစ်လာနိုင်ပါတယ်။ ကျနော်တို့က ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကဏ္ဍကိုလည်း၊ ထည့်တွက်ကြရပါမယ်။ အရင်တုန်းက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ကဏ္ဍ ကို ဖျောက်ပြီးတော့မှ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေး နွေးမှုတွေလုပ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နှိပ်ကွပ်ခဲ့တာကိုး။ အခုက တော့၊ ဦးသိန်းစိန်သွားနေတဲ့ လမ်းကြောင်းက ဒေါ်အောင်ဆန်းစုကြည်ကိုပါ၊ တွဲခေါ်သွားတယ်။ ဆွဲခေါ်သွား တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွဲပြီးတော့မှ၊ ငြိမ်းချမ်းရေးလည်း ရအောင်လုပ်မယ်၊ နိုင်ငံတကာနဲ့လည်း သင့်တင့်အောင် ဆက်ဆံမယ်ဆိုတဲ့ လမ်းကြောင်းကို၊ ကျနော်တို့ တွေ့နေရပါတယ်။ ဒီအနေအထားမှာက၊ အားလုံး သုံးပွင့်ဆိုင်ဆိုတာက၊ အရင်ဆုံး အစိုးရနဲ့ တစ်ဖွဲ့ချင်းတွေ့ကြမယ်။ ဒီလို တွေ့ကြတဲ့နေရာမှာလည်း၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တိုက်ရိုက် တစ်ဖွဲ့ချင်းတွေ့လို့ အလုပ်မဖြစ်နိုင်ပါဘူး။ ကြားထဲ က စေ့စပ်ညှိနှိုင်းပေးသူ(negotiator) လိုပါတယ်။ negotiatorဆိုတာက သမာသမတ်ရှိတဲ့တိုင်းရင်းသားခေါင်း ဆောင်တွေ ဖြစ်ကောင်းဖြစ်မယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း၊ ပါကောင်းပါမယ်၊ ဒီလိုမျိုးကိစ္စတွေအတွက် အရေးပါတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ဘယ်ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာမဆို၊ “ဒဲ့”ဆွေးနွေးရင်။ မအောင်မြင်ပါဘူး။ ကြားထဲက negotiator မရှိပဲနဲ့ ငြိမ်းချမ်းရေးက၊ မအောင်မြင်နိုင်ဘူး။ ကျနော်ကတော့ ကျနော့်အမြင်ပြောရ ရင်တော့၊ အရင်ဆုံးတော့ ဘာပဲဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်း အစိုးရနဲ့တွေ့ကြမယ်၊ ပြီးတဲ့အခါကျမှ၊ အားလုံးစုပြီးတော့ မှ သုံးပွင့်ဆိုင်ဆိုတာ ဖြစ်လာလိမ့်မယ်လို့၊ ကျနော် မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ ဗိုလ်မှူး ဆိုလိုတာက၊ လောလောဆယ်မှာ UNFCဟာ၊ ရှိထားပေးမယ့်လည်း၊ UNFC တပ်ပေါင်းစုအနေနဲ့မှာ ဆွေးနွေးမယ်လို့၊ တိုင်းရင်းသားအဖွဲ့တွေက ပြောနေပေမယ့်၊ UNFCထဲမှာပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အားလုံးမှာ၊ ဘုံလမ်းစဉ်မရှိသေးပဲ ဖြစ်နေလို့မို့၊ ဟိုတဘက်က အစိုးရ နဲ့သွားဆွေးနွေးရင် အကျိုးမဲ့ဖြစ်လိမ့်မယ်လို့၊ ဗိုလ်မှူးက မြင်တာလား ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ မှန်ပါတယ်ခင်ဗျ။ ဒီဘုံလုပ်ငန်းစဉ်တစ်ခု မရှိပဲနဲ့တော့၊ အားလုံးနဲ့ ဆွေးနွေးလို့က တော့၊ အကျိုးမဲ့ဖြစ်နိုင်ပါတယ်။ အခုပဲ ကြည့်ပါ။ UNFCထဲက မွန်ပြည်သစ်ပါတီ(NMSP)က၊ အစိုးရနဲ့ သူ့ဟာ သူ ဆွေးနွေးဖို့၊ ရေးမြို့ကို ရောက်နေပြီလို့၊ ကျနော် ကြားရပါတယ်။ နောက်ပြီးတော့၊ တချိန်က ‘၀’တွေ၊ ကိုး ကန့်တွေနဲ့ KIA က၊ မဟာမိတ်ဖွဲ့ထားတယ် ဆိုပေမယ့်၊ တကယ့်တကယ် အစိုးရနဲ့ KIA နဲ့ တိုက်ပွဲတွေ ဖြစ် တဲ့အခါကျတော့၊ ဘယ်‘၀’တွေ ဘယ်ကိုးကန့်တွေကမှ၊ သွားမကူနိုင်ကြပါဘူး။ ဒါတွေက လက်ရှိမှာ၊ တိုင်းရင်း သားအဖွဲ့တွေထဲမှာ တွေ့နေရတာတွေပါ။ ကျနော်ဆိုလိုတာက၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ လည်း၊ ဘုံအကျိုးစီးပွားတစ်ခုတည်း အပေါ်မှာ မူတည်ပြီး၊ ဘုံမူဝါဒ လမ်းစဉ်တစ်ခုရှိဖို့ လိုပါတယ်။ ပါးစပ်က ပြောနေရုံနဲ့ မရပါဘူး၊ လက်တွေ့လုပ်ပြကြဖို့ လည်း လိုပါတယ်။
ဦးရော်နီညိမ်း ။ ။ နောက်တခါ UNFC နဲ့ပတ်သက်ပြီးတော့ပဲ၊ နောက်ထပ်ထွက်လာတဲ့ သတင်းတခုက၊ မကြာသေးခင်က ပအို့ဝ်ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ နိုင်ငံရေးကိစ္စတွေနဲ့ တရုတ်-မြန်မာနယ်စပ်ကို ခရီး ထွက်ရာကနေ၊ ထိုင်း-မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ပြန်ရောက်လာပါတယ်။ တရုတ်-မြန်မာနယ်စပ် မှာ၊ သူသိလာတဲ့ အတွေ့အကြုံအရ၊ တရုတ်နိုင်ငံက UNFC ကို၊ သဘောမတွေ့ဘူးဆိုတာကို သူပြောပါတယ်။ တရုတ်နိုင်ငံက UNFCကို၊ သဘောတွေ့တာမတွေ့တာက၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နိုင်ငံရေး၊ စစ်ရေးတွေအပေါ်မှာ၊ ဘယ်လောက် သက်ရောက်မှု ရှိနိုင်ပါလဲ ခင်ဗျ။
ဦးအောင်လင်းထွဋ် ။ ။ သက်ရောက်မှု အများကြီး ရှိပါတယ် ခင်ဗျ။ တရုတ်ရဲ့အနေအထားနဲ့ အခု KIA ကိုပဲ ကြည့်ပါ။ KIA ကို၊ တရုတ်က အားပေးခြင်း လက်ခံခြင်း မရှိပါဘူး။ KIA ကလည်း မြစ်ဆုံရေကာတာစီမံ ကိန်းကို ကန့်ကွက်တဲ့အခါကျတော့၊ တရုတ်ကလည်း KIA ကို အစာမကြေဘူး ဖြစ်မှာပါပဲ။ KIA ရဲ့ဒေသဟာ တရုတ်နဲ့အိန္ဒိယကြားမှာပါ။ တကယ်တော့ တရုတ်ကော အိန္ဒိယကော KIAက အဆင်မပြေဖြစ်နေရင်၊ ရေရှည် မှာ KIA ရပ်တည်ဖို့ ခက်သွားပါလိမ့်မယ်။ KIAဟာ ကျန်တဲ့တိုင်းရင်းသားတွေနဲ့ပေါင်းပြီး နိုင်ငံရေးနည်းအရ အကောင်းဆုံး ရရှိနိုင်တဲ့ ငြိမ်းချမ်းရေးကို ရှာပြီးတော့မှ၊ အခုလို ပြောင်းလဲနေတဲ့ တိုင်းပြည်ရဲ့ဘောင်ထဲကိုဝင် ပြီးတော့မှ၊ အစိုးရနဲ့ပူး ပေါင်းပြီးတော့မှ လုပ်ကိုင်ဆောင်ရွက်မယ်ဆိုရင်၊ ကချင်လူထုအတွက်လည်း ငြိမ်းချမ်း ရေးရမယ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အနေနဲ့လည်း သိက္ခာရှိမှာပါ။ အခုလို KIA ကတိုက်လိုက်၊ အစိုး ရက အမြောက်နဲ့ပစ်လိုက် လုပ်နေကြရင်တော့၊ နှစ်ဘက် အသေအပျောက်တွေရှိနေသလို၊ တကယ်တမ်း ဒုက္ခရောက်ကြရတာက ဒေသခံပြည်သူလူထုဗျ။ ဘာဖြစ်လို့လဲဆိုတော့၊ အစိုးရတပ်က စစ်ဆင်ရေး တစ်ခါ ထွက်တာ (၆)လကြာမယ်ဆိုရင်၊ ဒီစစ်ဆင်ရေး အတွင်း၊ တိုင်းရင်းသားတပ်ဖွဲ့တွေနဲ့ အစိုးရတပ်နဲ့၊ တကယ် တမ်းရင်ဆိုင် တိုက်ပွဲဖြစ်ကြတာက လေးငါးခြောက်ခါပဲ ရှိမယ်၊ ဒီခြောက်လအတွင်း နှစ်ဘက်တပ်တွေက စစ် ဆင်ရေးနယ်မြေဒေသခံပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးတွေ ဖြစ်သွားပါတယ်။ ဒီဝန်ထုပ်ဝန်ပိုးကို ဒေသခံ ပြည်သူလူထုအပေါ် တင်ထားကြတဲ့ နှစ်ဘက်တပ်တွေက သူတို့အတွက် ပြဿနာမရှိပါဘူး။ ဒီခေတ်ကြီးမှာ စစ်နဲ့ဖြေရှင်းကြတာမျိုးက ခေတ်ကုန်နေပါပြီ။ တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံရေးနည်း ငြိမ်းချမ်းရေး နည်းတွေနဲ့ ကိုယ်ရချင်တာကို လုပ်ကိုင်ကြဖို့ လိုပါတယ်။
ဦးရော်နီညိမ်း ။ ။ တရုတ်က UNFC ကို၊ သဘောမတွေ့ဘူး မကြိုက်ဘူးဆိုတာက၊ UNFCဟာ အခု အစိုး ရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ကိစ္စ၊ မြစ်ဆုံရေကာတာကိစ္စတွေကို KIOက ကုလသမဂ္ဂဆီ စာပို့ပြီး၊ တိုင် ကြားတယ်ဆိုတာကို မကြိုက်ဘူး၊ ဘန်ကီမွန်းမလုပ်နိုင်တဲ့ ဒီဒေသငြိမ်းချမ်းရေးကိစ္စကို တရုတ်ကအကုန်လုပ် နိုင်နေတာကြောင့်၊ KIOက ဘာကိစ္စ ဘန်ကီမွန်းဆီ စာပို့ရတာလဲ ဆိုတဲ့စကားမျိုး တရုတ်ကပြောလာတယ် လို့၊ ဗိုလ်မှူးကြီးခွန်ဥက္ကာ သိခဲ့ရတာကို၊ အခု သတင်းတွေမှာ တွေ့ရပါတယ်။ အဲဒီတော့ တရုတ်က UNFCထဲ က KIOကို မကြိုက်တာက ထားပါတော့၊ KIOမဟုတ်တဲ့ UNFCထဲက တခြားတိုင်းရင်းသားအဖွဲ့တွေနဲ့တရုတ် နဲ့ ကြားမှာကကော၊ ဘာပြဿနာတွေ ရှိလို့လဲ။
ဦးအောင်လင်းထွဋ် ။ ။ ပြန်ကြည့်ရင်တော့၊ UNFC ထဲမှာ တချိန်တုန်းက တရုတ်နဲ့ နီးစပ်ခဲ့တာဆိုလို့၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း) တစ်ခုထဲ ရှိပါတယ်ခင်ဗျ။ မွန်(NMSP)တို့၊ ကရင်(KNU)တို့ဟာ တရုတ်နဲ့ မပတ်သက်ခဲ့ပါဘူး၊ လက်ရှိ KIO/KIAတောင်မှ တရုတ်နဲ့နယ်စပ်ချင်းထိတွေ့နေပေမယ့်၊ တရုတ်သြဇာကို ဘယ်တုန်းကမှ မခံခဲ့ပါဘူး။ ဦးဇခုန်တိန့်ယိမ်းတို့ရဲ့ ကချင်အဖွဲ့လောက်ပဲ၊ ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)(၁၀၁)စစ်ဒေသဆိုပြီး၊ သြဇာခံခဲ့တာရှိပါတယ်။ တရုတ်အနေနဲ့က KIO/KIဟာ ဟိုတုန်းကတည်းက၊ သူ့သြဇာ ကို မခံခဲ့တဲ့အဖွဲ့ဆိုပြီး၊ သဘောထားတဲ့ အနေအထား ရှိပါတယ်။ တရုတ်အနေနဲ့က အရင်(၁၉၆၇)က၊ တရုတ်-မြန်မာအရေးအခင်းအပြီးမှာ၊ ‘၀’တို့ ကိုးကန့်တို့ မိုင်းလားတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ၊ တရုတ်တပ်ဖွဲ့ဝင်တွေကိုလည်း ထည့်ထားတာတွေ ရှိခဲ့တာကြောင့်၊ ဒီအဖွဲ့တွေအတွက်ပဲ တရုတ်က ပါဝင်ပတ် သက်မှုရှိနေပြီးတော့၊ ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုတော့၊ တရုတ်က ထောက်ခံခြင်းအား ပေးခြင်းရှိလိမ့်မယ်လို့၊ ကျနော်မမြင်ပါဘူး။ ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တရုတ်ကို သွားအားကိုးရင်တော့၊ မှားလိမ့်မယ်လို့၊ ကျနော်မြင်ပါတယ် ခင်ဗျ။
ဦးရော်နီညိမ်း ။ ။ စစ်ထောက်လှမ်းရေးနဲ့ သံတမန်အရာရှိဟောင်း ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကို၊ ဆက်သွယ်မေးမြန်းဆွေးနွေးပြီး တင်ဆက်ခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ “ရှမ်းပြည်တပ်မတော်-တောင်ပိုင်း သမိုင်း နောက်ခံနှင့် မြန်မာနိုင်ငံ ထာဝရငြိမ်းချမ်းရေး - အပိုင်း (၄)“ ကို၊ ရှေ့သီတင်းပတ် စနေနေ့မနက်ခင်းနဲ့ ညနေ ခင်း “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ၊ ဆက်ပြီး ထုတ်လွှင့်ပေးသွားပါမယ်။ စောင့်မျှော်နား ဆင်ကြပါ။ ကျနော် ရော်နီညိမ်း ပါ။