သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား ဘာလီရောက် ဦးဝင်းထိန်၊ NLD လစ်ဘရယ်ဒီမိုကရေစီ နှင့် မြန်မာပြည် - အပိုင်း (၁)


တပ်မှူးတပ်သား ပြောစကား (၀၈၆)

၂၀၁၁ နိုဝင်ဘာ(၄)ရက်နေ့ ကနေ (၇)ရက်နေ့အထိ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့၊ “တတိယ အကြိမ် အာရှ လစ်ဘရယ်နှင့် ဒီမိုကရက်များ နှစ်ပတ်လည်ညီလာခံ” (Third Conference of Asia Liberal & Democrats)\မှာ၊ မြန်မာနိုင်ငံက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီကိုကိုယ်စားပြုပြီး၊ ဗဟိုကော်မ တီဝင် ဦးဝင်းထိန် တက်ရောက်ခဲ့ပါတယ်။ နှစ်ရှည်နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးလည်းဖြစ်တဲ့၊ ဗိုလ်ကြီး ဟောင်း ဦးဝင်းထိန်ကို ဦးရော်နီညိမ်းကဆက်သွယ်ပြီး၊ မြန်မာနိုင်ငံမှာ ကွယ်ပျောက်နေတဲ့ လစ်ဘရယ် ဒီမိုက ရေစီ အခြေအနေကို ဒီသီတင်းပတ် တပ်မှူးတပ်သား ပြောစကားကဏ္ဍမှာ၊ ဆွေးနွေးတင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်။ ။ ဦးဝင်းထိန်ခင်ဗျား၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဗဟိုကော်မီတီတစ်ဦးကို၊အခုလို နိုင်ငံ တကာအဖွဲ့အစည်းတစ်ခုက ဘိတ်ကြားလို့၊ မြန်မာနိုင်ငံရဲ့အပြင်ဘက်ကိုသွားရောက်ပြီးတော့၊ ဆွေးနွေးပွဲ သော် လည်းကောင်း၊ နှီးနှောဖလှယ်ပွဲ သော်လည်းကောင်း၊ ညီလာခံ အစည်းအဝေး၊ စသည်ဖြင့်၊ တက် ရောက်တယ် ဆို တာ၊ နှစ်ပေါင်း(၂၃)နှစ် အတွင်း ပထမဦးဆုံးအကြိမ် ကြားဖူးတာပါပဲ။ အဲဒီအခြေအနေကို ဘယ်လိုရောက်ရှိလာသလဲ ဆိုတာကို ပြောပြပေးပါ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ပထမဦးဆုံးပြောချင်တာက၊ ကျနော်တို့ကို ဘိတ်တဲ့အဖွဲ့အစည်းက Frederick Norman Foundation ပါ။ သူက ဂျာမဏီမှာ အခြေစိုက်ပြီးတော့မှ ကမ္ဘာတဝှမ်းလုံး နိုင်ငံ လေးငါးဆယ်လောက်မှာ၊ ဒီမိုကရေစီ ထွန်းကားရေးနဲ့ liberalism (အလယ်အလတ်လမ်းစဉ်) ထွန်းကားရေးအတွက် လုပ်ပါတယ်။ သူ တို့ က အာရှတိုက်မှာ လှုပ်ရှားနေတာ ကြာပါပြီ။ သို့သော်လည်း မြန်မာပြည်နဲ့ ပတ်သက်လို့၊ ကျနော်တို့ကို တရားဝင်ဆက်သွယ်တာ၊ ဒီနှစ်မှစပြီး ဆက်သွယ်တာပါ။ အဲဒီလိုဆက်သွယ်တဲ့အခါမှာ၊ အခုအစည်းအဝေး အတွက် ဒေါ်အောင်ဆန်းစုကြည်က၊ ကျနော့်ကို ရွေးချယ်ပြီး လွှတ်လိုက်ခြင်း ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဒီပွဲဟာ လစ်ဘရယ်ဒီမိုကရက်တွေရဲ့ ညီလာခံဆိုတော့၊ ကျနော်တို့က ဘယ် လိုမြင်ကြည့်လဲဆိုရင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း လစ်ဘရယ်ဒီမိုကရေစီကိုပဲ ဦးတည်ပြီးသွား နေတယ်ဆိုတဲ့ သဘောဆောင်လို့၊ သူတို့ကလည်း အဲဒီလို မြင်လို့ ဘိတ်တာလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ ဟုတ်ပါတယ်၊ Frederick Norman Foundationက၊ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားေ ရးအတွက် စတင်ပြီး အကောင်အထည်ဖေါ်တာက၊ ဒုတိယကမ္ဘာစစ်မတိုင်ခင် ကတည်းကပါ။ အဲဒီကတည်းက Frederick Norman ဆိုတဲ့ ပုဂ္ဂိုလ်က၊ ဂျာမဏီတင်မက ဥရောပ၊ အာရှ၊ အာဖရိက နဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ၊ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားရေးအတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဖွဲ့ထားတဲ့ foundation ဖြစ် ပါတယ်။ ပြီးတော့ အာရှတိုက်မှာ ဆိုရင်၊ နှစ်စဉ် ညီလာခံတွေ လုပ်တယ်။ ဒီနှစ်မှာ အင်ဒိုနီးရှားမှာ လုပ်တယ်။ လုပ်တဲ့အခါမှာ၊ အဓိကခေါင်းစဉ်ကတော့ Pluaralism နဲ့ Development ပေါ့။ Pluaralismဆိုတာက၊ လူများ စုအရေးပေါ့။ အမှန်ကတော့ ဒီမိုကရေစီပါပဲ။ ဒီမိုကရေစီနဲ့ ဆက်နွယ်ပြီးတော့မှ၊ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုးဆဲနိုင် ငံ တွေမှာ ဘယ်လို တိုးတက်အောင် ဘယ်လိုနည်းနဲ့ လုပ်ရင်ရမလဲ၊ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားအောင် လုပ်တဲ့နေရာမှာ၊ အဟန့်အတားတွေဖြစ်ရင်၊ ဘယ်လို ငြိမ်းချမ်းတဲ့နည်းနဲ့ ကျော်လွှားနိုင်မလဲဆိုတဲ့နည်း လမ်း တွေကို၊ ဆွေးနွေးကြခြင်း ဖြစ်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့အခု လာတက်တာ၊ လစ်ဘရယ်ဒီမိုကရေစီပါတီတွေရဲ့ ကိုယ်စားလှယ်တွေပေါ့။ အဲဒီ တော့ သူတို့နိုင်ငံတွေမှာ အာဏာရနေတဲ့ မိခင်ပါတီတွေကနေ လာပြီးတက်ကြတာ ဘယ်နှစ်ယောက်ရှိ ပြီးတော့၊ အာဏာမရသေးတဲ့၊ အုပ်ချုပ်မှုအာဏာ ဥပဒေပြုအာဏာ တရားစီရင်ရေး အာဏာ၊ အာဏာသုံးရပ် အစိုးရအာဏာ မရသေးပဲ၊ ဦးဝင်းထိန်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို အတိုက်အခံပါတီတွေအဖြစ်နဲ့ ရပ်တည်နေကြတဲ့ ပါတီတွေရဲ့ ကိုယ်စားလှယ်တွေက ဘယ်လောက်ရှီပါသလဲ။ အကြမ်းဖျဉ်း အချိုး အစား လောက်ပဲ သိချင်တာပါ။ ဘယ်ဘက်က ပိုများလဲဆိုတာပါ။ ဒီညီလာခံမှာ အာဏာရတွေဘက်က ပိုများ ပါသလား၊ (သို့မဟုတ်) အတိုက်အခံ ဖြစ်နေတဲ့ ဘက်တွေက ပိုများပါလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ အာဏာရပါတီတွေရဲ့ ကိုယ်စားလှယ်တွေက၊ မပါသလောက်ပဲ။ အာဏာမရသေးတဲ့ အတိုက်အခံပါတီတွေက တက်လာတာ များပါတယ်။ ဥပမာ၊ ထိုင်ဝမ်ကလည်း အတိုက်အခံပါတီကပဲ၊ ကမ္ဘော ဒီးယားက လည်း အတိုက်အခံပါတီကပဲ။ ထိုင်းနိုင်ငံက ဆိုရင်လည်း အတိုက်အခံပါတီကပဲ လာတယ်။ သူတို့ က ဘယ်သူ ခေါင်းဆောင်ပြီး လာသလဲဆိုရင်၊ ဝန်ကြီးချုပ်(ဟောင်း)အဘီဆစ်ဝိဂျာဂျိ၀ အစိုးရရဲ့ နိုင်ငံခြားရေး ဝန်ကြီး(ဟောင်း) ဖြစ်ခဲ့ဖူးတဲ့ ဒီနှစ်စတုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခဲ့ဖူးတဲ့၊ ကဆစ်ပီရွန် (Kasit Peronmya) က၊ ခေါင်းဆောင်ပြီးလာတယ်။ အင်ဒိုနီးရှားကလည်း ဒီပွဲကို အဓိက sponsor လုပ်တာကလည်း၊ (အင်ဒိုနီးရှားဘာသာနှင့်) PDIP ခေါ် Indonesia People’s Democratic for Struggle ဆိုတဲ့ အတိုက်အခံ ပါတီ။ အဲဒီပါတီက ခေါင်း ဆောင်ပြီး တက်တယ်။ အတိုက်အခံဆိုပေမယ့်လည်း၊ ဘာလီမှာ ရှိတဲ့ အာဏာရ ပါတီက Governor (ဘာလီကျွန်း အုပ်ချုပ်ရေးမှူး) က၊ လိုလိုလားလားတက်တက်ကြွကြွနဲ့ ကျနော်တို့ ညီလာခံ ကို အဖွင့်မိန့်ခွန်း ပြောပေးတယ်။ ဂရုတစိုက် လုပ်ပေးပါတယ်။

ဦးရော်နီညိမ်း ။ ။ အဲဒီတော့ ဦးဝင်းထိန်ရဲ့ အမြင်က ဘယ်လိုရှိပါသလဲ။ ဦးဝင်းထိန်ရဲ့ အတွေ့အကြုံအရ၊ ကမ္ဘာပေါ်မှာ လစ်ဘရယ်ဒီမိုကရက်တွေ အားနည်းနေသလား ခင်ဗျ။ လစ်ဘရယ်ဒီမိုကရေစီဟာ အားပျော့နေ သလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ အခု အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့၊ လစ်ဘရယ်ဒီမိုကရက်တွေ အားနည်းနေ တယ်လို့ ပြောလို့ မရဘူးခင်ဗျ။ သို့သော်လည်းပဲ ဒီလစ်ဘရယ်ဒီမိုကရေစီ အယူအဆတွေ ပိုပြီးတော့ ထွန်း ကားလာဖို့ ကြိုးစားနေတယ်လို့ မြင်ပါတယ်။ ဒါက တစ်ပိုင်းပေါ့။ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားလာဖို့၊ ကိုယ့်နိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို တင်ပြပြီးတော့၊ ဖြစ်နိုင်တဲ့နည်းလမ်းတွေကို ဆွေးနွေးကြ တယ်။ အဖြေရှာကြတယ်။

ဦးရော်နီညိမ်း ။ ။ လစ်ဘရယ်ဒီမိုကရေစီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ယုံကြည်တယ် ဆို တော့၊ အခု ကျနော်တို့ မြန်မာနိုင်ငံမှာ ၁၉၄၈နဲ့ ၁၉၆၂ ကြားမှာ၊ ရှိခဲ့တဲ့ လစ်ဘရယ်ဒီမိုကရေစီဟာ ဘယ် လောက်စစ်မှန်ခဲ့ပါသလဲ ခင်ဗျ။ အခု ကျနော်တို့နိုင်ငံ လစ်ဘရယ်ဒီမိုကရေစီကို သွားမယ်ဆိုရင်ကော ဘယ်လောက်ထိ သွားလို့ရမလဲ ခင်ဗျ။ ဘယ်လိုမြင်ပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံအရ ပြောမယ်ဆိုရင်တော့၊ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံဆိုတာ၊ အဲဒီနိုင်ငံမှာ အကျိုးရှိဖို့ပဲ များတယ်။ သို့သော်လည်း ကျနော် အရင်တုန်းက တွေ့ ကြုံခဲ့တဲ့ အခြေအနေတွေရင်၊ ကိုလိုနီဘ၀ ကျွန်ဖြစ်ပြီးခဲ့တဲ့အခြေအနေတွေရယ်၊ ကျွန်ဖြစ်ရာကနေ ဗြုန်းစား ကြီး လွတ်လပ်ရေးရလာတဲ့ အခြေအနေ၊ နောက်ပြီးတော့ တပ်မတော်က အာဏာသိမ်းပြီးတော့ နှစ်ပေါင်း လေးငါးဆယ်လောက်၊ အာဏာရှင်အမျိုးမျိုအောက်မှာ တွေ့ကြုံခဲ့တဲ့ အခြေ အနေတွေကြောင့်၊ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားဖို့ဆိုတာ၊ တော်တော်တော့ ခက်ခက်ခဲခဲ ရုန်းကန်ရမှာဖြစ် တယ်။ ဒေါ်အောင်ဆန်းစုကြည်လို အင်မတန်ခိုင်မာတဲ့ခေါင်းဆောင်မျိုး အဓွန့်ရှည်နေမှ ဖြစ်တယ်ဆိုတာကို၊ သဘောပေါက်လာတယ်။ နောက်တစ်ချက်က ကျနော်က ၁၉၄၁ မှာ မွေးဖွားခဲ့တာမို့လို့၊ အရွယ်ရောက်လာ လို့ နိုင်ငံရေးကို စိတ်ဝင်စားလာတဲ့အခါမှာ၊ ၁၉၄၈ ခုနှစ်မှာ တက်လာခဲ့တဲ့ ဦးနုအစိုးရဟာ၊ အထိုက်အလျောက် လစ်ဘရယ်ဒီမိုကရေစီ ဖြစ်ဖို့၊ ကြိုးစားခဲ့တာမှန်တယ်၊ အာဏာရတဲ့ပါတီက ပါတီရဲ့လက်နက်ကိုင်အဖွဲ့ အစည်းတွေ ဖွဲ့ပြီးတော့မှ၊ ရပ်ရွာတွေမှာ ကျနော်တို့က တောမှာနေခဲ့တာ၊ ကျနော်တို့ တောရွာတွေမှာဆိုရင်၊ လစ်ဘရယ်ဒီမိုကရေစီကို အဟန့်အတားဖြစ်မယ့်လုပ်ရပ်တွေ လုပ်ခဲ့တယ်။ အခုဆိုရင် ဦးသိန်းစိန်ခေါင်းဆောင် တဲ့အစိုးရကို အာဏာပြောင်းလိုက် သော်လည်းပဲ၊ လစ်ဘရယ်ဒီမိုကရေစီထွန်းကားဖို့ဆိုတာ တော်တော်ကြီး ကြိုးစားရဦးမယ်လို့ ကျနော်ထင်ပါတယ်။

ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့၊ အဲဒီတော့ မြန်မာနိုင်ငံက လစ်ဘရယ်ဒီမိုကရေစီနဲ့ ဝေးနေသေးတယ်ပေါ့။ ၁၉၄၈ လွတ်လပ်ရေးရခဲ့ပြီးတဲ့နောက် လစ်ဘရယ်ဒီမိုကရေစီကို ကြိုးစားလာခဲ့တာ၊ မရောက်ခဲ့ပဲနဲ့၊ စစ်အာ ဏာသိမ်းတာနဲ့ ဂိတ်ဆုံးသွားခဲ့တယ်လို့၊ ပြောရလိမ့်မယ်။ အခုတခါလည်း ကျနော်တို့နိုင်ငံမှာ လစ်ဘရယ်ဒီမို ကရေစီလမ်းကြောင်းကို ပြန်လျှောက်ဖို့ ကြိုးစားတဲ့နေရာမှာ၊ ဦးဝင်းထိန်ရဲ့ နိုင်ငံတကာညီလာခံအတွေ့အကြုံ အရ၊ တခြားနိုင်ငံတွေက လာပြီးတက်ကြတဲ့ ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေကို မူတည်ပြီးတော့မှ ဦးဝင်းထိန်အနေနဲ့ မြန်မာနိုင်ငံမှာ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားအောင်၊ တပ်မတော်ကို ဘယ်လို စည်းရုံး မလဲ။ ကျနော်တို့က တပ်မတော်ကိုလည်း ထည့်ပြောရမှာ ဖြစ်နေတယ်။ ဘယ်လို လက်တွဲခေါ်မလဲ၊ ဒါမှမ ဟုတ် သူတို့နဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ။ ဦးဝင်းထိန်လည်း တပ်မတော်အရာရှိဟောင်း တစ်ယောက် ဖြစ်တာကြောင့်၊ လစ်ဘရယ်ဒီမိုကရေစီကို မရောက်သေးတောင်မှ၊ ခြေလှမ်းတစ်လှမ်း သို့မဟုတ် အခြေခံအုတ်မြစ်ကနေ စနိုင်လောက်အောင်၊ တပ်မတော် အပါအဝင် မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ရင် ကောင်း မယ် ဆိုတာကို၊ အခုတက်ရောက်ခဲ့တဲ့ ညီလာခံအတွေ့အကြုံ အရ၊ ထင်မြင်မိပါသလဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော့်အယူအဆအရ ပြောရမယ်ဆိုရင်တော့၊ နိုင်ငံရေးပါတီအသိုင်းအဝိုင်းက ပုဂ္ဂိုလ် တွေ က နှစ်ပေါင်း(၂၀) ကျော်အောင် ထောင်းလမောင်းကြေအောင်၊ ထုထောင်းခံရတဲ့အတွက်ကြောင့်၊ သည်းခံနိုင် တဲ့ နားလည်နိုင်တဲ့ စွမ်းအားတွေက များနေပြီ။ ဒီမိုကရေစီဆိုတာ ဘာလဲဆိုတာကိုလည်း ဒီအသိုင်းအဝိုင်း က တော်တော်များများက နက်နက်ရှိုင်းရှိုင်း နားလည်သဘောပေါက်နေကြပါပြီ။ အဲဒီလို နိုင်ငံရေး အသိုင်းအ ဝိုင်းက နားလည်သဘောပေါက် စိတ်ရှည်သည်းခံခဲ့သလိုပဲ၊ ဒီလိုပဲ ဒီမိုကရေစီထွန်းကားဖို့အတွက် ကျနော်တို့ရဲ့ လူငယ်တွေလူကြီးတွေကော၊ အားလုံးကို ဆက်ပြီးတော့ ပညာပေးဖို့လိုပါလိမ့်မယ်။ ဒါက တစ်ချက်ပေါ့။ နောက် တစ်ခု တပ်မတော်နဲ့ ပတ်သက်လို့၊ တပ်မတော်ခေါင်းဆောင်တွေဟာ ဒီမိုကရေစီဆိုတာ ဘာလဲ၊ ပြည်သူလူထု ဆိုတာ ဘယ်လိုလဲ၊ ပြည်သူလူထုနဲ့ တပ်မတော်နဲ့ ဆက်ဆံရေး၊ ပြည်သူလူထုနဲ့ အစိုးရနဲ့ ဆက်ဆံ ရေး၊ အစိုးရထဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လောက်ထိ ပါသင့်တယ် မပါသင့်ဘူး၊ ဆိုတာတွေကို သိဖို့၊ သူတို့လည်း ကျယ်ကျယ်ပြန့်ပြန့်နဲ့ နားလည်နိုင်အောင်လို့၊ အမိန့်အနေနဲ့ တာဝန်အနေနဲ့ ပေးပြီးတော့မှ၊ ဒီ အတွေးအခေါ်တွေ ပြန့်ပွားအောင် လုပ်သင့်တယ်လို့၊ ကျနော် ယူဆတယ်။ တပ်မတော်မှာ အမြင့်ဆုံးက စစ် ဦးစီးတက္ကသိုလ်တို့၊ NDC ခေါ်တဲ့ National Defence College (နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်) တို့ဆို တဲ့ ဗိုလ်မှူးကြီးတွေ ဗိုလ်ချုပ်တွေ အဆင့်တက် ကြတဲ့ ကျောင်းတွေ ရှိတယ်။ အဲဒီကျောင်းကြီးတွေမှာ လစ်ဘ ရယ်ဒီမိုကရေစီရဲ့သဘောဟာ ဘယ်လိုလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်သိအောင် တပ်မတော်ခေါင်းဆောင် ပိုင်းတွေကို၊ ပညာပေးသင့်တယ်လို့၊ ကျနော် ယူဆပါတယ်။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံက တပ်မတော်က၊ တချိန်က အင်ဒိုနီးရှားမှာ ဆူဟာတို ကျင့်သုံးခဲ့တဲ့ လမ်းညွှန်ဒီမိုကရေစီ(Guidance Democracy)ရဲ့ သဘောမျိုးကို၊ နမူနာယူပြီးတော့၊ မြန်မာပြည် မှာကတော့ သူတို့က စည်းကမ်းရှိသောဒီမိုကရေစီနဲ့ သွားမယ်ဆိုတဲ့ဟာကို၊ အခုတော့ မပြောတော့ ပြန်ဘူး။ စကတည်းက (၂၃)နှစ်လောက် သူတို့က ဒါနဲ့ ပြောလာကြတော့၊ အဲဒီ စည်းကမ်းရှိသော ဒီမိုကရေစီနဲ့ အခု လစ်ဘရယ်ဒီမိုက ရေစီနဲ့ ဟိုဘက်ဒီဘက် ဘယ်လို အပေးအယူလုပ်ရင် ရမယ်လို့၊ ဦးဝင်းထိန် ထင်လဲ ခင်ဗျ။

ဦးဝင်းထိန် ။ ။ ကျနော်ကတော့ လစ်ဘရယ်ဒီမိုကရေစီ ထွန်းကားလို့ရှိရင်၊ အဲဒီ လစ်ဘရယ်ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံရေးခေါင်းဆောင်တွေဟာ၊ ခိုင်မာတဲ့ခေါင်းဆောင်မှု နားလည်မှုရှိတဲ့ ခေါင်းဆောင်မှုတွေ ရှိရင်၊ စည်းကမ်းဟာ အလိုလိုရှိလာမှာပဲ။ စည်းကမ်းရှိသော ဒီမိုကရေစီဆိုတာ တကယ်တော့ အဓိပ္ပါယ်ကို မရှိဘူး။ ဒီမိုကရေစီဟာ ဒီမိုကရေစီပဲ။ စည်းကမ်းဆိုတာ ကိုယ့်အသိုင်းအဝိုင်းအလိုက် တပ်မတော်ဆိုရင် တပ်မ တော်မှာ ရှိတဲ့စည်းကမ်း၊ ရပ်ရွာလူမှုရေးအဖွဲ့အစည်းမှာ ဆိုရင် သူ့စည်းကမ်း၊ ယုတ်စွအဆုံး ထောင်မှာဆိုရင် ထောင် သားတွေ လိုက်နာရမယ့် စည်းကမ်း၊ သူ့ဟာသူ သူ့နေရာနဲ့သူ သူ့အသိုင်းအဝိုင်းအလိုက် သတ်မှတ်ထားပြီး သား။ ဒီမိုကရေစီကို လာပြီး စည်းကမ်းနဲ့တိုင်းထွာတယ်ဆိုတာ၊ နာမဝိသေသနသဘောမျိုးနဲ့ လုပ်ထားတာ၊ အဓိပ္ပါယ်ကို မရှိဘူးလို့၊ ကျနော် ယူဆတယ်။

ဦးရော်နီညိမ်း ။ ။ ဒါပေမယ့် စည်းကမ်းရှိသောဒီမိုကရေစီဆိုတာကို တစ်ဘက်ကနေ မြင်ကြည့်တဲ့အခါ ကျ တော့၊ တိုင်းသူပြည်သားတွေ(အစိုးရက ပေးသလောက်) ဒီမိုကရေစီ ရမယ်၊ ဒါပေမယ့် စည်းနဲ့ကမ်းနဲ့မှ၊ စည်းနဲ့ကမ်းနဲ့ဆိုတာက၊ အပေါ်က အုပ်ချုပ်တဲ့နေရာက ချပေးလိုက်တဲ့စည်းကမ်းတွေအတိုင်း၊ နေသွားရမယ် ဆိုတဲ့ သဘောဆောင်နေတယ်။ အဒီအခါကျတော့ ဦးဝင်းထိန် အခုတက်ရောက်လာခဲ့တဲ့ ညီလာခံမှာ၊ (လစ် ဘရယ် ဒီမိုကရက်တွေထဲမှာ) အတိုက်အခံတွေက များတယ်ဆိုတော့၊ ကျနော်တို့နိုင်ငံမှာလိုပဲ စည်းကမ်းရှိသော ဒီမိုကရေစီနဲ့ လစ်ဘရယ်ဒီမိုကရေစီနဲ့ ထိပ်တိုက်တွေ့ပြီးတော့၊ စည်းကမ်းရှိသောဒီမိုကရေစီက အပေါ်စည်းရ ထား ပြီး လစ်ဘရယ်ဒီမိုကရေစီက၊ နည်းနည်းငုတ်နေတဲ့ နိုင်ငံမျိုးတွေက၊ ကိုယ်စားလှယ်တွေ တက်ရောက် လာကြ တာကော၊ တွေ့ကြုံခဲ့ရပါသလား ခင်ဗျ။ တွေ့ကြုံခဲ့ရတယ်ဆိုရင်လည်း၊ သူတို့နိုင်ငံတွေရဲ့ အတွေ့ အကြုံတွေကို သူတို့ပြောတာများ ရှိရင်၊ ဦးဝင်းထိန်အနေနဲ့ သူတို့နဲ့ ကျနော်တို့နိုင်ငံနဲ့ ဘယ်လောက်တူတယ် ဘယ်လောက်ကွာခြားတယ် ဆိုတာလေး၊ ပြောပြပေးပါလား ခင်ဗျ။

ဦးဝင်းထိန် ။ ။ ပြောရရင်တော့ ထိုင်ဝမ်တို့၊ ကမ္ဘောဒီးယားတို့ မလေးရှားတို့၊ ထိုင်းလည်း ပါတယ်။ အဲဒီ နိုင်ငံတွေမှာ အာဏာရတဲ့ပါတီက အာဏာကို အသုံးချပြီးတော့မှ၊ အတိုက်အခံပါတီတွေကို နည်းမျိုးစုံနဲ့ ကန့် သတ်တာတွေ၊ ချုပ်ချယ်တာတွေ၊ ပညာရှိနှိပ်စက်တာတွေ၊ ရှိနေတာ ကျနော် တွေ့ခဲ့ရတယ်။ အဲဒီအခါမှာ အဲဒီအဟန့်အတားတွေကို ဘယ်လိုနည်းနဲ့ ကျော်လွှားရမလဲ၊ ကျော်လွှားတဲ့အခါမှာလည်း အကြမ်းနည်းနဲ့ မဟုတ်ပဲ၊ အနုနည်းနဲ့ ဉာဏ်ကိုလွှာသုံးပြီး လုပ်ရမယ့်နည်းလမ်းတွေကို ဆွေးနွေးတဲ့အခါမှာ၊ အင်မတန်အသုံး တည့်မှာကို တွေ့ခဲ့ရပါတယ်။ ဒီညီလာခံတစ်ခုလုံးမှာ လွှမ်းမိုးထားတဲ့ အတွေးအခေါ်ဟာ ဘာလဲဆိုလို့ရှိရင်၊ လစ်ဘရယ်ဒီမိုကရေစီ သို့မဟုတ် pluralism လို့ခေါ်တဲ့ ဝါဒကို ကျင့်သုံးမယ်ဆိုလို့ရှိရင်၊ respecting the majority and protecting the minority အဓိပ္ပါယ်က ဘာလဲဆိုတော့၊ လူများစုရဲ့ဆန္ဒကိုလေးစားပြီး လိုက် နာသလို လူနည်းစုကိုလည်း အကာအကွယ်ပေးရမယ် ဆိုတဲ့၊ သဘောထားပဲ။ ဒီသဘောထားကိုသာ စိတ်ထဲ စွဲထားပြီးမှ၊ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ကျင့်သုံးမယ်ဆိုရင်၊ စည်းကမ်းရှိသောဒီမိုကရေစီတို့ လစ်ဘရယ်ဒီမို က ရေစီတို့ ဆိုတာ၊ ခေါ်စရာတောင် မလိုတော့ဘူး။ အလိုလို နေရင်းနဲ့ ဒီမိုကရေစီ ထွန်းကားသွားမယ်။ သို့သော် အဲဒီလို ထွန်းကားသွားဖို့အတွက်၊ ကျနော်တို့နိုင်ငံတွေမှာတော့ နှစ်ပေါင်းများစွာ လိုလိမ့်ဦးမယ်လို့၊ ကျနော် သဘောပေါက်တယ်။

ဦးရော်နီညိမ်း ။ ။ ပြီးခဲ့တဲ့ ၂၀၁၁ နိုဝင်ဘာ(၄)ရက်နေ့ကနေ (၇)ရက်နေ့ထိ၊ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း က Council of Asia Liberals and Democrats အာရှ လစ်ဘရယ်နှင့်ဒီမိုကရက်များ နှစ်ပတ်လည်ညီလာ ခံကို၊ မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကို ကိုယ်စားပြုပြီး၊ တက်ရောက်ခဲ့သူ ဗဟိုကော် မတီဝင် ဗိုလ်ကြီးဟောင်းဦးဝင်းထိန်ကို ဆက်သွယ်မေးမြန်းဆွေးနွေးပြီး၊ တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG