နော်ဝေးအစိုးရဟာ မြန်မာနိုင်ငံက ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကိုထောက်ပြပြီး၊ ဒါဟာ နော်ဝေးအစိုးရ ကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းနဲ့ ညှိစွန်းနေတယ်လို့ သဘာ၀ ပတ်ဝန်းကျင်နဲ့ လူအခွင့်အရေးအဖွဲ့တဖွဲ့က ထောက်ပြလိုက်ပါတယ်။
ဒီကုမ္ပဏီတွေရဲ့လုပ်ငန်းတွေနဲ့ ဆက်နွယ်ပြီး မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေ တောက်လျှောက် ဖြစ်နေတာကြောင့် နော်ဝေးအစိုးရအနေနဲ့ သူတို့ရဲ့ မြန်မာပြည်တွင်း ကုပဏီတွေမှာ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်လည်သုံးသပ်သင့်တယ်လို့ Earthrights International အဖွဲ့ရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာသစ်ထဲမှာ တိုက်တွန်းထားပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး နော်ရှိုးက စုံစမ်း မေးမြန်းထားပါတယ်။
ဒီနေ့ Earthrights International (ERI) လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်တဲ့ စာမျက်နှာ ၄၀ ရှိတဲ့အစီရင်ခံစာအရ နော်ဝေးအစိုးရရဲ့ ပင်စင် fund ရံပုံငွေဟာ မြန်မာပြည် တွင်း ရေနံ နဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေလုပ်ကိုင်နေတဲ့ နိုင်ငံခြားကုပဏီ ၁၅ ခုထဲမှာ အမေရိကန် ဒေါ်လာသန်းပေါင်း ၄ ထောင့် ၇ ရာ ရှယ်ရှာထည့်ဝင်ရင်းနှီးမြှုပ်နှံထားတယ်လို့ ထောက်ပြထားပါတယ်။
ဒါကလည်း နော်ဝေးအစိုးရရဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး မည်သူမဆိုကြည့်နိုင်တဲ့ အင်တာနက်ပေါ်က အချက်အလက်တွေကို အခြေခံပြီး ERI အဖွဲ့က သုတေသနပြုထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်းမှာက ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်းတွေအတွက် စီမံကိန်းတွေဆောက်လုပ်တိုင်း ဒေသခံပြည်သူတွေ အပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အမြဲလိုလို ဖြစ်ပေါ်နေတာကြောင့် နော်ဝေးအစိုးရရဲ ့ရင်းနှီးမြှုပ်နှံမှု တွေဟာ သူတို့ကိုယ်တိုင်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေရာရောက်နေတယ်လို့ ERI အဖွဲ့က ကိုနိုင်ထူးကထောက်ပြပါတယ်။
“သူတို့ရဲ ့ guideline ထဲမှာပြောထားတာကတော့ သူတို့ရင်းနှီးမြှုပ်နံှထားတဲ့ ကုပဏီတွေက လူအခွင့် အရေးချိုးဖောက်မှုမှာ ပါဝင်ပတ်သက်နေတာပဲဖြစ်ဖြစ် အကျိုးဖြစ်နေတာပဲဖြစ်ဖြစ် အဲဒါတွေရှိခဲ့မယ်ဆိုရင် သူတို့ဘက်ကပြောတာကတော့ သူတို့ ပိတ်ဆံတွေပြန်ရုတ်သိမ်းမယ်၊ ဒါမှမဟုတ် monitor လုပ်မှာပေ့ါနော်။ monitor ဆိုတာက ကုပဏီတွေရှေ့ဆက်လုပ်ငန်းတွေမှာ အဲဒီလိုချိုးဖောက်မှုတွေ မရှိအောင် ဘယ်လိုမျိုးတားဆီးရမလဲကြိုးစားလုပ်ရမယ်ဆိုတာပါ။”
နော်ဝေးအစိုးရဟာ သူတို့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကရတဲ့ ငွေတွေကို ၁၉၉၀ ခုနှစ်ကတည်းက ပင်စင fund တခုကို ထောင်ပြီး ကမ္ဘာဝှမ်းမှာ ရင်းနှီးမြှုပ်နှံလာခဲ့တာပါ။ နော်ဝေးအနေနဲ့ ဘယ်လိုကုပဏီမျိုးမှာပဲ ရင်းနှီးမြှုပ်နှံရမယ်ဆိုတဲ့ စည်းကမ်းသတ်မှတ်ချက်ကို ၂၀၀၂ ခုနှစ်က ချမှတ်ခဲ့ပါတယ်။
အဲဒီစည်းကမ်းသတ်မှတ်ချက်ကိုလိုက်နာမှုရှိ မရှိအကဲဖြတ်ဖို့ ၂၀၀၄ ခုနှစ်မှာ သီသန့်လွတ်လပ်တဲ့ အကဲဖြတ်တဲ့ အဖွဲ့တဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ ခုနောက်ဆုံးအစီရင်ခံစာကိုမထုတ်ပြန်မီကတည်းက ဒီအကဲဖြတ်အဖွဲ့ကို တင်ပြခဲ့ပေမယ့်လည်း မတုံ့ ပြန်ခဲ့တာကြောင့် ခုလို အသေးစိတ် အချက်အလက် တွေကို မှတ်တမ်းတင်ပြီးတော့ အစီရင်ခံစာကိုထုတ်ပြန်ရတာဖြစ်တယ်လို့ ကိုနိုင်ထူး ကပြောပါတယ်။
“ဒီ report မတိုင်ခင် ဒီနှစ်အတောအတွင်းမှာ အဲဒီ ethical ကော်မတီအဖွဲ့ဝင်တွေနဲ့တွေ့ပြီး ကျနော်တို့ပြောပြခဲ့ပါတယ်။ ဒါပေမယ့် ဘာရေရေရာရာ ဘာမှတုံ့ပြန်မှုမရှိတာကြောင့် ဒီ report ကို ထုတ်ေ၀ ရတာဖြစ်ပါတယ်။”
တဆက်ထဲမှာပဲ မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခဒေသတွေမှာ လူမှုရေးအကူအညီတွေကို ပေးနေတဲ့ Partners Relief and Development ဆိုတဲ့အဖွဲ့က Steve Gumaer က မြန်မာပြည်တွင်း ရေနံနဲ့သဘာ၀ ဓာတ်ငွေ့စီမံကိန်းကြီးတွေ ဆောက်လုပ်တော့မယ်ဆိုတဲ့ခါနဲ့ ဆောက်လုပ်နေတဲ့အခါတိုင်းမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို တွေ့နေရတယ်လို့ ပြောပါတယ်။
“ကျနော်တို့အဖွဲ့သားတွေ သွားခဲ့တဲ့ နေရာတိုင်း အချိန်တိုင်း ခုသီတင်းပတ်အတွင်းမှာတောင် စီမံကိန်းကြီးတွေ စီးပွားရေးလုပ်ငန်းတွေနဲ့ တိုက်ရိုက်ကြောင့်ဖြစ်စေ၊ လုံခြုံရေးအတွက် နယ်မြေစိုးမိုးမှုရဖို့ဖြစ်စေ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တွေ့ရပါတယ်။ ဒေသခံတွေကို အတင်းအဓမ္မ ပြောင်းရွှေ့မှုတွေ၊ အဓ္ဓမလုပ်အားပေးခိုင်းစေမှုတွေ၊ လက်နက်တွေသယ်ခိုင်းတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာပါ။”
ခုဒီအစီရင်ခံစာမှာ မြန်မာပြည်တွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့ဂဏ္ဍတွေကိုပဲ လေ့လာထားတာဖြစ်ပါတယ်။ တခြားစီးပွားရေးဂဏ္ဍတွေမှာ နော်ဝေးအစိုးရရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိုနိုင်သေးတယ်လို့လည်း ကိုနိုင်ထူးက ပြောပါတယ်။
“နော်ဝေးအစိုးရဟာ သူ့ရဲ့ပိတ်ဆံတွေကို တကမ္ဘာလုံးက ကုပဏီပေါင်း ၈၀၀၀ မှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားတယ်။ ဆိုတော့ မြန်မာပြည်မှာကျနော်တို့ ၁၅ ခုပြောသည့်တိုင်အောင် ဒါရေနံနဲ့သဘာဓာတ်ငွေ့ဂဏ္ဍမှာပဲ ရှိနေသေးတယ်။ တခြားရေကာတာစီမံကိန်းတို့၊ မိုင်းစီမံကိန်းတို့ ကျနော်တို့မသိတဲ့ ကုပဏီတွေ အများကြီးရှိနိုင်သေးတယ်။”
အရင်ကမြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေရှိခဲ့တဲ့ Dutch အစိုးရဟာဆိုရင်လည်း ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှုအတွင်း စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြနေသူတွေကို အင်အားသုံးနှိပ်ကွတ်ခဲ့တဲ့နောက် Dutch အစိုးရဟာ မြန်မာပြည်တွင်းက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုတ်သိမ်းသွားခဲ့တယ်လို့လည်း ကိုနိုင်ထူးကပြောပါတယ်။
နော်ဝေးအစိုးရကဖွဲ့ထားတဲ့ လွတ်လပ်တဲ့အကဲဖြတ်အဖွဲ့က နော်ဝေးရဲ့ရင်းနှီးမြှုပ်နှံမှုတွေဟာ စည်းကမ်း သတ်မှတ်ချက်ကို လိုက်နာမှုရှိမရှိ အကဲဖြတ်ရတာဖြစ်ပြီး၊ ကိုက်ညီမှုမရှိတာတွေတွေ့တယ်ဆိုရင် ဘဏ္ဍာရေး ဝန်ကြီးဌာနကို တင်ပြရတာဖြစ်ပါတယ်။ အဲဒီကမှတဆင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို ရုတ်သိမ်းရမလား၊ ဒါမှမဟုတ် အနီးကပ်စောင့်ကြည့်ရမလားဆိုတာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။