သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်အစိုးရ၏ နျူးကလီးယားစီမံကိန်း နှင့် ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်း - အပိုင်း (၃)


တပ်မှူးတပ်သား ပြောစကား (၀၄၀)

မြန်မာစစ်အစိုးရမှာ ‘အဏုမြူလက်နက်တွေထုတ်လုပ်မယ့် နျူကလီးယားစီမံကိန်း’ ရှိနေတယ်ဆိုတဲ့ အထောက်အထားတချို့ကိုယူဆောင်ပြီး ပြည်ပကိုထွက်ခွာလာခဲ့သူကတော့ ရုရှနိုင်ငံမှာ ဒုံးကျည် ဆိုင်ရာ စက်မှုဘာသာရပ်နဲ့ မဟာသိပ္ပံဘွဲ့ရယူခဲ့သူ စစ်အင်ဂျင်နီယာအရာရှိ ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းပါ။ ကာကွယ်ရေးပစ္စည်းစက်ရုံမှာ တာဝန်ထမ်းဆောင်စဉ်က ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းရဲ့အတွေ့အကြုံတွေကို ဒီသီတင်းပတ်ရဲ့ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ် ကဏ္ဍမှာ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူး အနေနဲ့ ဒီ “ကပစ” စက်ရုံတွေ မှာ ဘာတွေ တွေ့ကြုံရသလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ကျနော်တို့ကတော့ အရာရှိဖြစ်ပြီးတဲ့အခါမှ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးမှာ ကျနော့်ရဲ့ mother unit (မိခင်တပ်ရင်း) က အမှတ်(၃)ကာကွယ်ရေးပစ္စည်းစက်ရုံ (ဆင်တဲ) ပါ။ ကျနော်တို့ ammunition (ခဲယမ်း) တွေကို အဓိက ထုတ်လုပ်တာကတော့ ကပစ (၃) ၊ ကပစ (၁၂) ပေါ့၊ အဲဒီအချိန်တုန်းက။ ကပစ (၃) က ခဲယမ်းတွေကိုထုတ်လုပ်ရာမှာ အဓိက အခု လက်ရှိတပ်မတော်မှာ အသုံးများနေတဲ့ (၈၁) မ.မ စိန်ပြောင်းဗုံးသီးရယ်၊ (၁၂၀) မ.မ စိန်ပြောင်း ဗုံးသီးတွေကို ထုတ်လုပ်တာပါ။

ဒီ့အပြင် ပိုပြီးတော့ ကျနော်တို့ထုတ်လုပ်ခဲ့ရတာကတော့ (၈၂) မ.မ နောက်ပွင့်ရိုင်ဖယ် ဒုံးကျည်တွေ ထုတ်ခဲ့ရတာရှိတယ်။ ကျနော်ကိုင်ခဲ့တဲ့ အလုပ်ရုံကတော့ RPG (Rocket Propelling Grenade) (ဒုံးကျည်သုံးဗုံးသီး) ဖြစ်ပါတယ်။ အဲဒီစက်ရုံကတော့ ကျနော် အလုပ်ရုံမှူးအနေနဲ့ ကိုင်တွယ်ခဲ့ရတဲ့ အလုပ်ရုံ ဖြစ်ပါတယ်။ စိန်ပြောင်းဗုံးသီးတွေက စက်ထဲကို သံတုံးအနေနဲ့ ဖြတ်ပြီးတော့ ထည့်လိုက် တယ်။ ဒါပေမယ့် ထွက်လာတဲ့အချိန်မှာ ဗုံးသီးတွေက တခြမ်းစောင်းနေတာမျိုးတို့ ဗုံးသီးရဲ့အခေါင်းက တခြမ်းပါးပြီးတော့တခြမ်းထူနေတာမျိုးတို့ အဲဒီလိုမျိုး ပြဿနာလေးတွေ တွေ့တယ်။

ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးတို့ ဗုံးခွံလုပ်နေတုန်းမှာ ယမ်းတောင် မထည့်ရသေးတဲ့ အခြေအနေပေါ့။ အဲဒီလိုမျိုး ဗုံးခွံတွေက စောင်းပြီးထွက် လာရတဲ့အကြောင်းက ဘာကြောင့်ပါလဲ ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါက ပုံစံသွင်းတဲ့နေရာမှာ သံကိုသံချင်း ကြိတ်စားရတာဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ကြိတ်စားခံရမယ့်သံထည်ကို ကျနော်တို့က အရင်ဆုံး ပျော့အောင်လုပ်ရတယ် ခင်ဗျ။ အဲဒီလို ပျော့အောင်လုပ်တဲ့ နေရာမှာ မီးဖုတ်ရပါတယ်။ မီးဖုတ်တဲ့အခါမှာ ကျနော်တို့ စက်ရုံမှာရှိတဲ့ မီးဖိုကြီးက ဒီဇယ်သုံးတဲ့မီးဖိုကြီး ဖြစ်နေတဲ့အခါကျတော့ ဌာနမှူးတို့ စက်ရုံမှူးတို့အကြိုက် ဖြစ်သွားတာ ပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသံတုံးကို သတ်မှတ်တဲ့အချိန် သတ်မှတ်တဲ့အပူရှိန်မဖြစ်လည်း မီးတောက်က ထွက်နေတာပဲ။ ဒီတော့ ဂါလံ(၄၀၀) ထည့်ရမယ့်နေရာမှာ ဂါလံ(၂၀၀) ထည့်လိုက် လည်း ဒီမီးတောက်က ထွက်နေတာပဲ။ အဲဒီတော့ ဒီသံတုံးတွေက လိုအပ်တဲ့ မီးအပူရှိန်ကို မရဘူး။ လိုအပ်တဲ့ မီးအပူရှိန်မရတော့ မပျော့ဘူးပေါ့ဗျာ။ မပျော့တဲ့အခါကျတော့ အဲဒီမှာ ရှိသမျှစက်တွေ အားလုံးဟာ သံတုံးအမာကြီးတွေကိုပဲ ကြိတ်စားရတဲ့အခါကျတော့ တခုချင်းစီ တခုချင်းစီ ထွက်လာတဲ့ အစိတ်အပိုင်းတွေအားလုံးကလည်း ရွဲ့စောင်းပြီးတော့ထွက်လာတယ်။ ဥပမာ ဒုံးကျည်တွေဆိုလို့ရှိရင် ပြောင်းထဲမဝင်တာမျိုးတို့၊ နောက်ပြီး အဆိုးဆုံးကတော့ ဒုံးကျည်တေ၊ ဗုံးသီးတွေရဲ့အတွင်းနံရံတွေဟာ တဖက်ထူ တဖက်ပါး အဲဒီလိုမျိုး မညီတာမျိုးလေးတွေ ဖြစ်လာတာ တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒါတွေက စက်ရုံတာဝန်ရှိ လူကြီးပိုင်းအရာရှိတွေက စက်ရုံမှာ လည်ပတ်သုံးစွဲရမယ့် ဒီဇယ်ဆီတွေကို အပြင်ကို အကြံအဖန်ထုတ်ပြီး ရောင်းချကြလို့ ဖြစ်ရတဲ့ အဖြစ်လို့ ကျနော် အခု နားလည်လိုက်ပါတယ်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒီတပ်မှာ အဲဒီလိုမှ မလုပ်လို့ရှိရင်လည်း ဘယ်လိုမှ စားမလောက်တဲ့ အနေအထားပါ။ ကျနော်က ဒီပြဿနာ ကို ‘စက်ရုံမှူးမှာလည်း တာဝန်မရှိဘူး။ အောက်ကလုပ်နေတဲ့ ရဲဘော်တွေမှာလည်း တာဝန်မရှိဘူး’ လို့ မြင်ပါတယ်။ ကျနော်ကတော့ ဒီပြဿနာတွေ အားလုံးကို ခေါင်မိုးက မိုးမလုံလို့ မိုးယိုတဲ့ကိစ္စလို့ပဲ သုံးသပ်ခဲ့ပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီလိုမျိုး ရွဲ့စောင်းပြီးထွက်လာတဲ့ သံကိုယ်ထည်တွေနဲ့ ဗုံးသီးတွေ ဒုံးကျည် rocket တွေ၊ အဲဒါတွေက ယမ်းမထည့်ရသေးခင်တောင် အဲ့ဒီလောက်ဖြစ်နေတော့ ယမ်းထည့်ပြီး တော့မှ စက်ရုံထွက်လက်နက်ခဲယမ်း တွေဆိုပြီးတော့ ရှေ့တန်းကိုပို့တဲ့အခါမှာ ဒါတွေကိုအသုံးပြုမယ့် တပ်တွေကို ပို့တဲ့အခါမှာ ဘာတွေ ဆက်ဖြစ်လဲခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီသံထည်ပိုင်းမှာ တခြမ်းစောင်းပြီးတော့ ဗုံးသီး အထူအပါးမညီတဲ့ ပြဿနာက ဘာဖြစ်နိုင်သလဲဆိုတော့ ပြောင်းထဲမှာပေါက်တာ ဖြစ်နိုင်တယ်။ လမ်းတဝက်မှာပြုတ် ကျတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ရန်သူ့နယ်မြေထဲကိုကျသွားပြီးတော့မှ အပြည့်အ၀ မပေါက်ကွဲဘဲနဲ့ ထက်ခြမ်းပေါက်သွားတာမျိုး ဖြစ်နိုင်တယ်။ ထက်ခြမ်းပေါက်သွားတယ်ဆိုတာ့ ဗုံးသီးဟာ အစိပ်စိပ် အမွှာမွှာကွဲထွက်သွားရမယ့်အစား အထူအပါးမညီတဲ့ နေရာကနေပြီးတောသူက နှစ်ပိုင်းပဲ ကွဲထွက် သွားတာပေါ့။ ဒါကတော့ ထိရောက်မှုအပိုင်းကို သွားပြီးတော့ effect (အကျိုးသက်ရောက်မှု) ဖြစ်ပါ တယ်။

နောက်တစ်ခုက ယမ်းပိုင်းကိုပြောမယ်ဆိုရင် ယမ်းပိုင်းမှာ ထုတ်လုပ်ကတည်းက အရည်အသွေး မပြည့်မှီတာရှိတယ်။ နောက်ပြီးတော့ ထိန်းသိမ်းထားသိုတဲ့နေရာမှာလည်း ပြဿနာရှိတယ်။ ထုတ်လုပ်တာကတော့ ထုတ်လုပ်လိုက်ပြီ၊ ဗုံးသီးတွေကို ယမ်းလည်းဖြည့်ပြီးသွားပြီ။ အကုန်လုံးကို COD (Central Ordnance Depot) (ပင်မလက်နက် ခဲယမ်းသိုလှောင်ရေးတပ်)ကို သွားပို့လိုက်ပြီ၊ အဲဒီစစ်လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်က ဒီလက်နက်တွေကို အသေအချာ မထိန်းသိမ်း ဘဲနဲ့ ပစ္စလက္ခထားလိုက်မယ်ဆိုရင် ဗုံးသီးတွေဟာ အချိန်မတိုင်ဘဲနဲ့ ယိုယွင်းပျက်စီးသွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါကတော့ တစ်ကဏ္ဍပေါ့။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲလိုမျိုးကြာရှည်ကြာများ လက်နက်ခဲယမ်းတွေကို သိုလှောင်ထား ရှိမယ့်ကိစ္စမှာ စနစ်တကျသတ်မှတ်ထားတဲ့လုပ်ငန်းစဉ် အဆင့်ဆင့်တို့၊ ဥပမာ ကျည်ဆံတို့ သေနတ် တို့လို လက်နက်ငယ် အသေးလေးတွေတောင်မှ ဘယ်လို ထားရမယ်၊ ဆီသုတ်ပြီးမှ ထားရမယ်၊ ဘာ ကို အခြောက်ခံပြီးမှ ထားရမယ်၊ ကျနော်တို့ ကြားဖူးတာတွေ ရှိတာပေါ့နော်၊ အဲဒီတော့ ခုနကိစ္စမှာ ကော အဲဒါမျိုးတွေ သတ်မှတ် ပြီးတော့ လုပ်ဆောင်နေကြတာ မရှိဘူးလား ခင်ဗျ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ လက်နက်ပစ္စည်းသိုလှောင်ထိန်းသိမ်းရေးတပ်တွေမှာလည်း ပြဿနာ ရှိတယ်။ ဒါကတော့ ဒီတပ်မှာတင် မဟုတ်ပါဘူး။ တပ်တိုင်း တပ်တိုင်းမှာ ဖြစ်နေတာပါ။ ဘာလဲဆို တော့ ရဲဘော် အလုံအလောက် မရှိတာပါ။ ရဲဘော်တွေက နည်းပြီးတော့ အရာရှိက များနေတဲ့အခါ ကျတော့ ကျနော်တို့ ‘က.ပ.စ’ကနေ သေနတ်တွေ ထုတ်လိုက်ပြီ။ ပြီးတော့ COD ကိုသွားပို့လိုက် တယ်။ အဲဒီ COD က ရဲဘော်လေး တစ်ယောက်နှစ်ယောက်က ဘယ်လိုလုပ် သွားပြီး ဆီသုတ်ချိန် ရမှာလဲ။ အဲဒီတော့ လာပို့တဲ့သေနတ်တွေကို ထင်းချောင်းတွေလိုပဲ စင်တွေပေါ်ကို ဝုန်း-ဝုန်းဆို ပစ်တင်ပြီးတော့ ပြီးသွားတာပဲ။ အဲဒီတော့ ဒီသေနတ်တွေက ဘယ်လိုမှသုံးလို့မရ အလိုလိုနေရင်းနဲ့ကို ပျက်စီးနေတာပေါ့ ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ ဗိုလ်မှူးတို့ က.ပ.စ စက်ရုံတွေကနေပြီးတော့ အဲဒီလိုမျိုး ဖြစ်ပျက်ပြီး တော့မှ ထွက်ရှိလာတဲ့လက်နက်ခဲယမ်းတွေနဲ့ ရှေ့တန်းမှာတိုက်ပွဲဝင်တဲ့အခါမှာ ရှေ့တန်းမှာ တိုက် နေရတဲ့တပ်တွေက နောက်ကနေရောက်လာတဲ့ခဲယမ်းတွေ ဒီလိုတွေဖြစ်ပျက်ပြီးမှ ရောက်လာတယ် ဆိုတာ သူတို့က မသိကြဘူး။ အဲဒီတော့ မသိဘဲနဲ့ အဲဒါတွေနဲ့ တိုက်ပွဲဝင်နေတဲ့အခါမှာ ဘာတွေ ဖြစ်သံပျက်သံတွေ ကြားဖူးပါသလဲ ခင်ဗျ။

ကျနော်တို့ ကြားဖူးတာ တစ်ခုရှိပါတယ်။ မနှစ်ကတုန်းက ၂၀၀၉ ခုနှစ် ဖုန်ကြားရှင်၊ ဖုန်ကြားဖူးကို လောက်ကိုင်မှာ ပြန်တိုက်တုန်းက တပ်မ (၃၃) ကိုယ့်ဘက်က တပ်တွေအပေါ်ကို နောက်ကနေပြီး ပစ်ကူပေးတဲ့ လက်နက်ကြီးကျည်တွေ အမြောက်ကျည်တွေကျလို့ တော်တော် များများ သေဆုံးသွား တယ်။ ဒါပေမယ့်လည်း အရေးယူခံရတဲ့အခါကျတော့ လောက်ကိုင် ဒ.က.စ မှူး (ဒေသကွပ်ကဲမှု စစ် ဆင်ရေးဌာနချုပ် (လောက် ကိုင်)၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ဒ.က.စ) ဗိုလ်မှူးချုပ် ဝင်းမောင်က အရေးယူခံရတယ်။ ထောင်အချခံရတယ် ဆိုတာမျိုး ကျနော်တို့ ကြားဖူးပါတယ်။ အဲဒီ တော့ ဒါတွေက ခုနကလိုအဖြစ်အပျက်မျိုးတွေနဲ့ ဆက်စပ်မှုရှိပါသလား ခင်ဗျ။ နည်းနည်း ရှင်းပြပေး ပါလား။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဟုတ်ကဲ့ ခင်ဗျ၊ အဲဒီကိစ္စတွေက အများကြီးဆက်စပ်မှု ရှိပါတယ်။ ဘာလို့လဲဆိုတော့ စနစ်ကြီးတစ်ခုလုံးက ပျက်စီးနေတာကိုး။ စက်ရုံက ထုတ်ကတည်းကိုက ဒီ လက်နက်ပစ္စည်းတွေက အရည်အသွေး မပြည့်မှီဘူး။ နောက်ပြီးတော့ သိုလှောင်ထိန်းသိမ်းရေး တပ်တွေမှာလည်း စနစ်တကျ သိုလှောင်ထိန်းသိမ်းထားခြင်း မရှိဘူး။ သယ်ယူပို့ဆောင်တဲ့ နေရာမှာ ကော စနစ်တကျရှိသလားဆိုတော့ စနစ်တကျ မရှိဘူး။ ဘာလို့လဲဆိုတော့ အားလုံးက စေတနာ မရှိဘူးလို ဖြစ်နေပါတယ်။

အဲဒီအခါကျတော့ ရှေ့တန်းကိုရောက်သွားတဲ့အခါမှာ ပစ်လိုက်တဲ့ ကိုယ့်ရဲ့ဗုံးသီးဟာ ကိုက် (၂၀၀၀) ကို ချိန်ပြီး ပစ်တဲ့အချိန်မှာ ကိုက်(၂၀၀၀) မရောက်ဘဲ ကိုက်(၁၂၀၀)လောက်နဲ့ လမ်းတစ်ဝက်မှာတင် ပြုတ်ကျတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ အဲဒီလို ကိုက်(၁၂၀၀)လောက်နဲ့ ပြုတ်ကျတာမျိုးတွေ ဖြစ်မယ် ဆိုရင် စစ်နည်းဗျူဟာအရဆိုရင် အမြောက်ကြီးနဲ့ ရန်သူကို ပစ်အားနဲ့ဖိထားတဲ့အချိန်မှာ ခြေလျင် တပ်တွေက ဝင်ပြီးလုံးရတဲ့ဟာမျိုးကိုး။

အမြောက်ကြီး ပစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ခြေလျင်တပ်က ရန်သူရဲ့ခြံစည်းရိုးနားကို ရောက်နေရမယ်။ အဲဒီမှာ ကျနော်တို့ရဲ့ ဗုံးသီးက အဲဒီလိုမျိုး မသေချာတဲ့အပြင် ရောက်မယ့်လမ်းကြောင်းကလည်း မသေချာတဲ့အခါကျတော့ ကိုယ့်တပ်ဖွဲ့ခေါင်းပေါ် ပြန်ရောက်နိုင်တဲ့ပြဿနာတွေ ရှိပါတယ်။

ဦးရော်နီညိမ်း။ ။ ဖြစ်ခဲ့ဖူးတဲ့ နမူနာလေး တစ်ခု နှစ်ခု လောက်ပြောပြပါလား ခင်ဗျာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ စက်ရုံမှာတော့ ဘယ်လိုကြုံရသလဲဆိုတော့ အရည်အသွေး စစ်ဆေး ရေးဌာနက ဗိုလ်မှူးတစ်ယောက်ကတော့ 82 mm RCL ဆိုတဲ့ (၈၂)မ.မ နောက်ပွင့်ရိုင်ဖယ်ကို ပစ်စမ်း ကြည့်တာ။ ပထမ တလုံးပစ် မထွက်၊ နှစ်လုံးပစ် မထွက်၊ သုံးလုံးပစ် မထွက်တဲ့အခါ နောက် လေးလုံး မြောက်မှာ သူက ကြိုးနဲ့ trigger (မောင်းခလုတ်) ကိုဆွဲပြီးတော့ ပစ်စမ်းမယ်ဆိုပြီး စမ်းကြည့်ပါတယ်။ လူကိုယ်တိုင်ကတော့ ကတုတ်ကျင်းထဲဝင်ပြီး သေနတ်ကို ကြိုးနဲ့ဆွဲ ပစ်တာပေါ့။ ဒါပေမယ့် ဒုံးကျည်က ပြောင်းထဲမှာတင် ကွဲထွက်သွားတာပေါ့။

ဆိုလိုတာက ကျနော် တို့ ထုတ်တဲ့ပစ္စည်းတွေဟာ စက်ရုံပြင်ပတောင် မထွက်သေးဘူး။ အဲဒီမှာ အန္တရာယ်က ပေးနေပြီ။ ထိုနည်းတူပဲ ခြေလျင်တပ်တွေကနေ က.ပ.စ ကို ပြန်ပြီးတော့feedbackတွေ ပြန်လာတာပေါ့။ သတင်းပြန်လာတာတွေ ရှိတယ်။ ပြန်ကြားရတာတွေ ရှိတယ်။ လွယ်တိုက်လျှံ SSA (ရှမ်းပြည် တပ်မတော်) တောင်ပိုင်းကို တိုက်တုန်းက “ဝ” တပ်ကို ရှေ့က တက်ခိုင်းပြီးတော့ စစ်တပ်က နောက်ကနေ စိန်ပြောင်းနဲ့ ပစ်ကူပေးတော့ “ဝ” တပ်တွေပေါ်ကိုပဲ ကျနော်တို့ရဲ့ စိန်ပြောင်းဗုံးသီးတွေက ကျတာရှိတယ်ဗျ။

(သောတရှင် တပ်မတော်သားတစ်ဦး၏ ဖြည့်စွက်ချက်။ ။ အမှန်တကယ်မှာ ဒုံးကျည်ရဲ့အချင်းက (၈၂)မီလီမီတာ ရှိသော်ငြားလည်း အောက်ခြေကိုတော့ (၈၁) မမ နောက်ပွင့်လို့ အသိပေးထားပါ တယ်။ တရုတ်လုပ် (၈၂) မမ နောက်ပွင့်ကို ပုံစံတူ ကူးချထားတာ ဖြစ်ပါတယ်။ မူပိုင်ခွင့်ကို ထိခိုက်မှာ စိုးတဲ့အတွက် (၈၁) မ.မ လို့ အမည်ပြောင်းပေးထားရခြင်း ဖြစ်ပါတယ်။)

ဦးရော်နီညိမ်း။ ။ အဲဒါ ဘယ်နှစ်ခုနှစ်ကလဲ ခင်ဗျ။ အဲဒါ အခုလိုမျိုး UWSA (United Wa Solidarity Army ဝပြည်သွေးစည်းညီညွတ် ရေးတပ်မတော်) နဲ့ စစ်အစိုးရ၊ နယ်ခြားစောင့်တပ်ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ မတက်ခင်ပေါ့နော်။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ အဲဒါ ၂၀၀၂ ခုနှစ်လောက်ကဆိုတော့ တော်တော်ကြာသွားပါပြီ။ နောက်ပိုင်း သတင်းတွေကနေပဲ ပြန်ဖတ်ရတာ ပါ။ UWSA က (၄၀၀) လောက်ကျတယ်။ အဲဒီ (၄၀၀) လောက်ကျတယ် ဆိုတာကလည်း နောက်က ပစ်ကူပေးတဲ့ တပ်မတော်ကဗုံးသီးကြောင့်ပဲ သေတာ။ ထို့နည်းတူပါပဲ ပန်မိုင်စွန်တိုက်ပွဲတို့လို ဖြစ်စဉ်တွေ အားလုံးကို တပ်ခွဲမှူးသင်တန်းတို့ တပ်စုမှူး သင်တန်းတို့မှာ ပြန်သင်တာရှိတယ်။ အဲဒီလို review(ပြန်လည်သုံးသပ်မှု)ပြန်လုပ်တဲ့အခါကျတော့ ပြန်ကြားရတာလေးတွေ ရှိပါတယ်။ များသောအားဖြင့် တပ်မတော်သားတွေ အကျ အဆုံးများတာဟာ ကိုယ့်ကျည်နဲ့ကိုယ် သေတာ များပါတယ်။

ဦးရော်နီညိမ်း။ ။ အဲဒီတော့ အဲဒါတွေ အပေါ်ပြန်သုံးသပ်ပြီး ကောင်းအောင် ဘယ်လိုလုပ်မယ် ဆိုတာမျိုး လုပ်လေ့လုပ်ထလည်း မရှိဘူး။ မကောင်းတဲ့သတင်းဆို ဟိုးအထက်ကိုမရောက်အောင် အကုန်လုံး အဆင့်ဆင့် အုပ်ထားကြမယ်ဆိုတဲ့ဟာနဲ့ သွားနေတာ ဆိုတော့၊ ဗိုလ်မှူးတို့ ဘယ်လောက် ထိ အဲဒါတွေရဲ့ ဒီ ဖြစ်ပျက်မှုတွေကို တိတိကျကျ သိရှိခဲ့ရပါသလဲ။ အထူးသဖြင့် ကိုယ်က တာဝန်ရှိနေ တဲ့လူ၊ ဒီပစ္စည်းတွေကို ထုတ် လုပ်နေတဲ့လူတွေ အနေနဲ့ပေါ့။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေကိုတော့ ဖြစ်စဉ်အားလုံးက အမှန် အတိုင်းပဲ လာပါတယ်။ ကျန်တဲ့ တပ်ခွဲမှူးသင်တန်း၊ တပ်စုမှူးသင်တန်းတွေမှာကတော့ သူတို့ ဒီ တိုက်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ပါလာခဲ့တဲ့ အရာရှိတွေကနေ စင်ပေါ်တက်ပြီး ကျနော်တို့ကို ပြန်ရှင်း ပြတာမျိုးတွေ ရှိတယ်။

ဒါပေမယ့် သူတို့ စင်အောက်မှာ ပြောတော့တစ်မျိုး၊ စင်ပေါ်ရောက်သွားတော့ ပြောတာတစ်မျိုး ဖြစ် သွားတာလေးတွေတော့ ရှိတာပေါ့။ ဒီ ကာကွယ်ရေးပစ္စည်းစက်ရုံတွေက အရာရှိတွေအနေနဲ့ကတော့ ဒီဖြစ်စဉ်အမှန်ကို၊ ကျနော်တို့က မဖြစ်ခင်ကတည်းကလည်း ကြိုသိပြီးသား။ ဖြစ်လာတော့လည်း ဘာမှ မထူးဆန်းဘူး။ ဒါ ဖြစ်မှာပဲဆိုတာ သိနေတဲ့ သဘောပါပဲ။ ကျနော်တို့ အတွက်ကတော့။

ဦးရော်နီညိမ်း။ ။ ဒီလို အမှားကြီးနဲ့ သွားနေတာတွေကို အကုန်လုံးက ဒီအမှားလောကကြီး ထဲမှာ ဒါက ရိုးနေတဲ့ အတွက်ကြောင့်မို့လို့ အမှားအတိုင်း သွားနေတာက ဘာမှပြဿနာ မရှိဘဲနဲ့ ထမင်းစားရေသောက် ကိစ္စမျိုးပဲ သွားနေကြတယ်ဆိုတဲ့ ပုံစံမျိုးလား ခင်ဗျ။ ဒီလောက် အရေးကြီးတဲ့ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေး လောကမှာ။

ဗိုလ်မှူးစိုင်းသိန်းဝင်း။ ။ ဖြစ်နေတာကတော့ အမှားက အမှန် ဖြစ်နေပြီဗျ။ အများ မိုးခါးရေ သောက် ငါလည်းသောက်ရမယ် ဆိုတဲ့လူတွေက သူတို့အတွက် မိုးခါးရေဆိုတာ မိုးခါးရေမဟုတ် တော့ဘဲနဲ့ မိုးချိုရေ ဖြစ်နေတယ်ဗျ။ အမှားတွေက အမှန်ဖြစ်နေပြီးတော့ အမှန်တွေက အမှားဖြစ် နေတာကတော့ လက်ရှိ ကျနော်တို့ရဲ့ တပ်မတော် ပါပဲ။

ဦးရော်နီညိမ်း။ ။ မြန်မာ့တပ်မတော်မှာ စစ်အင်ဂျင်နီယာအရာရှိအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးဟောင်းစိုင်းသိန်းဝင်းရဲ့ပြောစကား နောက်ဆုံးအပိုင်းကိုတော့ ရှေ့သီတင်းပတ် “တပ်မှူး တပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။ စောင့်မျှော် နားဆင်ကြပါ။ ကျနော် ရော်နီညိမ်းပါ။

XS
SM
MD
LG