သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်သစ်ကို ကမ္ဘာတဝှမ်းကြိုဆို


နှစ်သစ်ကို ကမ္ဘာတဝှမ်းကြိုဆို
နှစ်သစ်ကို ကမ္ဘာတဝှမ်းကြိုဆို

ဒီကနေ့ဟာ ခရစ်သက္ကရာဇ် ၂၀၁၁ ခုနှစ် နှစ်ဆန်း ၁ ရက်နေ့ဖြစ်တာမိုလို့ ကမ္ဘာတဝှမ်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပ၊ ကောင်းကင်ပေါ်မှာ မီးရှူးမီးပန်းတွေ ပစ်ဖောက်လို့ နှစ်သစ်ကို ကြိုဆိုနေကြပါတယ်။ ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲက ကီရီဘာတီ ကျွန်းနိုင်ငံလေးက အစောဆုံး နှစ်သစ်ကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံသားတွေလည်း အော်ကလန်မြို့တော် အပါအဝင် နိုင်ငံတဝှမ်း မြို့တွေမှာ ရင်သက်ရှုမောဖွယ် မီးရှူးမီးပန်းတွေနဲ့ ၂၀၁၁ ခုနှစ်ကို ကြိုဆိုခဲ့ကြတာပါ။

သြစတြေးလျနိုင်ငံမှာတော့ ဆစ်ဒနီမြို့မှာဆိုရင် ဟာဗာ တံတားပေါ်က မီးရှူးမီးပန်း အလှပြ ပစ်ဖောက်မှုကို လူ ၁ သန်းခွဲမက လာရောက်ကြည့်ရှုခဲ့ပါတယ်။ ဒူဘိုင်းနိုင်ငံမှာဆိုရင်လည်း ည ၁၂ နာရီရောက်တာနဲ့ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော် အဆောက်အဦးရဲ့ ဘက်ပေါင်းစုံကနေ မီးရှူးတွေကို ပစ်ဖောက်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ နှစ်သစ်ကူး မတိုင်ခင် ရက်မှာပဲ သမ္မတ ဟူးကျင်းတောင်က သူ့နိုင်ငံသူနိုင်ငံသားတွေကို မိန့်ခွန်းပြောခဲ့ပြီး နိုင်ငံရဲ့ ပြည်ပထွက်ကုန်ကို အမှီပြုတဲ့စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရင်းနဲ့ နိုင်ငံတကာနဲ့ ပိုပြီးတော့ ငြိမ်းချမ်းတဲ့ ဆက်ဆံရေး တည်ဆောက်မယ်လို့ ကတိပြုသွားပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့တော်မှာတော့ ရင်ပြင်နီမှာ ၂၀၁၁ ခုနှစ်ကို ကြိုဆိုခဲ့ကြပြီး နောက်သိပ်မကြာခင်မှာပဲ နှစ်သစ်ကူးချိန်ကို ရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံက လန်ဒန်မြို့တော့ သိမ်း မြစ်ကမ်းမှာ လူထုက ဘိတ်ဘန် နာရီစင်ကြီးက ၁၂ ချက်တီးသံနဲ့အတူ မီးရှူးမီးပန်းတွေကို အားပေးခဲ့ကြပါတယ်။ ဗာတီကန်စီးတီးမှာတော့ စိန့်ပီတာ ရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီး ဘန်းနဒစ် က ဝတ်ပြုဆုတောင်းပွဲ ကျင်းပပေးခဲ့ပြီး နှစ်ဆန်း ၁ ရက်နေ့မှာလည်း စုပေါင်း ဝတ်ပြုဆုတောင်းကြဦးမှာပါ။

ကမ္ဘာ့ အကျော်ကြားဆုံး နှစ်သစ်ကူး ပွဲတော်ကတော့ နှစ်သစ်ကူးချိန်ကျရောက်ဖို့ ၆ နာရီလောက်လိုသေးတဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ တိုင်းမ် စကွဲယား ရင်ပြင်မှာ လူပေါင်း ၁ သန်း လာရောက်စုဝေးပြီး မိုးပေါ်ကကျလာမယ့် အရောင်တလက်လက်ထနေတဲ့ ဘောလုံးတွေကို စောင့်ကြည့်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG