မြန်မာနိုင်ငံမှာ အုပ်ချုပ်ရေးနဲ့ စီးပွားရေးဆိုင်ရာ မူဝါဒသစ်တွေကို ပြောင်းလဲ ကျင့်သုံးလာတာနဲ့အမျှ ပြည်ပက အလည်အပတ် လာသူတွေလည်း ပိုများလာပြီး၊ ခရီးသွားလုပ်ငန်းဟာ သိသိသာသာ ဖွံ့ဖြိုးလာနေတယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေက ပြောပါတယ်။ ကုန်ဆုံးသွားတဲ့ နှစ်တနှစ်ထဲမှာကိုပဲ ခရီးသွား အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒီအခြေအနေတွေဟာ လုံလောက်မှုရှိပြီလို့တော့ လုပ်ငန်းရှင်တွေက မမြင်ကြပါဘူး၊ တိုင်းပြည် စီးပွားရေးအတွက် အဓိက ဝင်ငွေရပေါက်ရလမ်းဖြစ်တဲ့ ခရီးသွားလုပ်ငန်းက အပြောင်းအလဲတွေနဲ့အတူ စိမ်ခေါ်မှုတွေလည်း ရှိနေဆဲ ဖြစ်တဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရ အပြောင်းအလဲနဲ့အတူ စီးပွားရေး မူဝါဒတွေကိုလည်း ပြင်ဆင်လာရာက ခရီးသွားလုပ်ငန်းမှာ သိသိသာသာ တိုးတက်မှုတွေ ရှိလာခဲ့သလို၊ ရှေ့မှာလည်း အလားအလာကောင်းတွေ မြင်နေရပြီလို့ ခရီးသွား လုပ်ငန်းရှင် အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။ အထူးသဖြင့်ကတော့ မကြာသေးခင်ကပဲ ကုန်ဆုံးသွားတဲ့ ၂၀၁၁ ခုနှစ်နှောင်းပိုင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Clinton) မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့နောက် အနောက်နိုင်ငံတွေနဲ့ အဆက်အဆံ ပိုများလာနေတာမို့ အရင်လို အထီးကျန်နိုင်ငံ အဖြစ်ကနေ လွတ်မြောက်လာပြီး ခရီးသွားတွေလည်း တိုးလာနိုင်တယ်လို့ ယုံကြည်နေကြတာပါ။
မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးဖြိုးဝေရာဇာ ကတော့ ပြီးခဲ့တဲ့နှစ်ထဲ ခရီးသွား လုပ်ငန်းဟာ ၁၀ နှစ်အတွင်း အမြင့်ဆုံး ရောက်ခဲ့တဲ့အထိ တိုးလာခဲ့သလို ရှေ့မှာလည်း ဖွံ့ဖြိုးလာမယ့် အလားအလာတွေ မြင်နေရပြီလို့ ပြောပါတယ်။
“အစိုးရသစ် တက်လာပြီး နောက်ပိုင်းဆိုတော့ ဧပြီလကစပြီး တက်လာတာပေါ့။ ကျနော်တို့အခု ဇန်နဝါရီလအထိ ခရီးသွားဧည့်သည် ရောက်လာတဲ့ ကိန်းဂဏန်းကတော့ အတော်လေး တက်လာပါတယ်။ မနှစ်ကနဲ့ ယှဉ်မယ်ဆိုရင်တော့ ၃၀% ကနေ ၃၅% ကြားလောက်မှာ ရှိပါတယ်။ ပြောမယ်ဆိုရင်တော့ ၁၉၉၆ ခုနှစ်ကနေပြီးတော့ အခုကာလ အတွင်းမှာ ခရီးသွားလုပ်ငန်းဟာ တက်လိုက်ကျလိုက်နဲ့ အခြေအနေ အရပ်ရပ် အပေါ်မှာ မူတည်ပြီးတော့ ဖြစ်ခဲ့ပါတယ်။ ကျနော် မှတ်မိသလောက် ပြောရရင်၊ ၂၀၀၆-၂၀၀၇ ခရီးသွားနှစ်မှာ တော်တော်လေး တက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုဒီနှစ်တက်တဲ့ အရေအတွက်နဲ့ ယှဉ်ကြည့်မယ် ဆိုရင်တော့ ဒီနှစ်ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ် အတွင်းမှာ အမြင့်ဆုံး အခြေအနေကို ရောက်တယ်လို့ ပြောလို့ရပါတယ်။ နိုင်ငံရေး ပွင့်လင်းလာမှု၊ နောက်တခါ အစိုးရသစ် ကျင့်သုံးတဲ့ မူဝါဒတွေ နောက် နိုင်ငံတကာကနေ မြန်မာနိုင်ငံအပေါ် မြင်တဲ့ အမြင်တွေ ပြောင်းလဲလာမှု ဒါတွေအပေါ်မှာ မူတည်ပြီးတော့ တိုးတက်လာတယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။”
ပြီးခဲ့တဲ့နှစ်ကစလို့ မြန်မာနိုင်ငံက ဟိုတယ်တွေမှာ ဆိုရင်လည်း ကြိုတင်စာရင်းပေးသွင်း ငှားရမ်းထားသူတွေနဲ့ ပြည့်နေသလို၊ ပြည်ပက ရင်းနှီးမြုပ်နှံလိုသူတွေလည်း ခရီးသွားလုပ်ငန်းမှာ စိတ်ဝင်တစား ဝင်ရောက်လုပ်ကိုင်လာတာတွေ တွေ့နေရပြီလို့လည်း သူက ပြောပါတယ်။ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်းအသင်း (PATA) ရဲ့ နောက်ဆုံးထုတ်ပြန်ထားတဲ့ စစ်တမ်းအရ ဆိုရင်တော့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အရှေ့တောင်အာရှဒေသကို ပြည်ပက ခရီးသွားလာမှုတွေ ကြီးထွားလာတဲ့အထဲ အများဆုံးအဖြစ်နဲ့ မြန်မာနိုင်ငံကတော့ ၂၅% အထိ ပိုတိုးလာခဲ့ကြောင်း ဖော်ပြထားတာပါ။ မြန်မာနိုင်ငံအပါအဝင် အာရှဒေသမှာ မကြာသေးခင် နှစ်တွေအတွင်း သဘာဝကပ်ဘေးဒဏ်တွေ ကြုံခဲ့ရတာမို့ ခရီးသွားလုပ်ငန်းအပေါ် အကျိုးဆက်တွေလည်း ရှိခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့လည်း ကမ္ဘာတဝန်းက ခရီးသွားတွေရဲ့ စူးစမ်းလိုစိတ်တွေက လျော့မသွားတာမို့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကတော့ အားကောင်းနေဆဲပဲလို့ PATA ရဲ့ အမှုဆောင် အရာရှိချုပ် မာတင် ခရိဂ် (Martin Craigs) ကပြောပါတယ်။
“ဒီလို အခြေအနေတွေနဲ့ ကြုံခဲ့ရတယ် ဆိုပေမဲ့လည်း ကျနော်တို့ရဲ့ ကိန်းဂဏန်းတွေအရ အာရှတလွှား ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ အထိဆိုရင် ၁၇% အထိရှိပါတယ်။ ဒါကြောင့်လည်း တခြားနိုင်ငံတွေနဲ့ ဒီနိုင်ငံတွေက လူတွေရဲ့ အတွေ့အကြုံတွေကို မြင်ချင်တွေ့ချင်၊ စူးစမ်းလိုစိတ်တွေ ကြီးမားနေသမျှ ခရီးသွားလုပ်ငန်းမှာ အလားအလာကောင်းတွေ တိုးလာလိမ့်မယ်လို့ ကျနော်ကတော့ အကောင်းဖက်က မြင်ပါတယ်။”
တခြားတိုင်းပြည်တွေက မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေ၊ သဘာဝတွေကို မျက်မြင်ကိုယ်တွေ့ သိလိုသူတွေ၊ စူးစမ်းလိုသူတွေ အတွက်ကတော့ မြန်မာနိုင်ငံဟာ စိတ်ဝင်စားစရာ တိုင်းပြည်တခု ဖြစ်နေရတာ အထင်အရှားပါ။ ခရီးသွားလမ်းညွှန် လုပ်ငန်းတခုဖြစ်တဲ့ Lonely Planet က ဒီနှစ်ထဲ ခရီးသွားဖို့ အကောင်းဆုံး ၁၀ နိုင်ငံအနက် မြန်မာနိုင်ငံကို ဒုတိယ နေရာမှာ ရွေးချယ် စာရင်းသွင်းထားတဲ့အထိ ဖြစ်ပါတယ်။ The New York Times သတင်းစာက ဆိုရင်လည်း ၂၀၁၂ ခုနှစ်မှာ ကမ္ဘာတဝန်း ခရီးသွားရမယ့်နေရာ ၄၅ ခုထဲမှာ မြန်မာနိုင်ငံကို တတိယ နေရာမှာ ထည့်သွင်း ဖော်ပြထားတာပါ။ အထီးကျန်ဖြစ်ခဲ့ရတဲ့ တိုင်းပြည်တခုအဖြစ် ခရီးသွားတွေကြောင့် အပျက်အစီး အယိုအယွင်းမရှိတဲ့ ယဉ်ကျေးမှုတွေ၊ ပတ်ဝန်းကျင်တွေဟာလည်း ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းလုပ်ဖို့ ရေခံမြေခံကောင်းတွေ ဖြစ်မယ်လို့လည်း ပြောပါတယ်။ ပုဂံလို ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေ၊ အင်းလေး၊ ငပလီစတဲ့ သဘာ၀ အလှတွေဟာ ခရီးသွားတွေကို ဆွဲဆောင်နိုင်မယ့် ထူးခြားတဲ့ အရင်းအမြစ်တွေလို့လည်း မှတ်ချက် ပေးထားတာပါ။
ပြီးခဲ့တဲ့နှစ်ထဲ ပုဂံမှာ ကျင်းပခဲ့တဲ့ မဟာမဲခေါင် ဒေသခွဲ ခရီးသွားလုပ်ငန်း အစည်းအဝေးမှာ ပါဝင် တက်ရောက်ခဲ့တဲ့ ပစိဖိတ်-အာရှ ခရီးသွားလုပ်ငန်း အသင်း (PATA) ရဲ့ အမှုဆောင် အရာရှိချုပ် မာတင် ခရိဂ် ကတော့ လတ်တလော ဒေသတွင်း နိုင်ငံတွေနဲ့ စာရင် မြန်မာနိုင်ငံဟာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမှာ နိမ့်ကျနေဆဲ ဖြစ်ပေမဲ့ အခွင့်အလန်းတွေ ရှိနေတာမို့ အရယူတတ်ဖို့ လိုမယ်လို့ ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ထဲမှာ ထိုင်းနိုင်ငံဟာ နိုင်ငံခြား ခရီးသွားပေါင်း ၁၆ သန်းကျော်လောက် ရှိမှာ ဖြစ်ပေမဲ့လည်း မြန်မာနိုင်ငံကတော့ လူဦးရေရော နိုင်ငံအရွယ်အစားရော မတိမ်းမယိမ်းလောက် ရှိတာတောင်မှ ခရီးသွား အရေအတွက်ကတော့ ၃ သိန်းလောက်ပဲ ရှိပါလိမ့်မယ်။ ဒါကြောင့်လည်း အခွင့်အလန်းတွေ ဘယ်လောက် အတိုင်းအတာအထိ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။”
ဒါပေမဲ့လည်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့ ဆိုတဲ့နေရာမှာ တိုင်းပြည်က တန်ဘိုးရှိတဲ့ ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင်တွေကို မထိခိုက်ပဲ ရေရှည်ခံတဲ့ လုပ်ငန်းမျိုးဖြစ်အောင် လုပ်ဖို့လိုမယ်လို့လည်း သူက သတိပေးပါတယ်။ တကယ်တော့ ခရီးသွားတွေ စိတ်ဝင်စားမှု ပိုလာတာနဲ့အမျှ စိမ်ခေါ်မှုတွေကလည်း ကြီးမားလာနေတယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေ ပြောနေကြတာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်း ကြီးထွားလာတာနဲ့အမျှ လတ်တလော ရှိနေတဲ့ ဟိုတယ်လုပ်ငန်း အပါအဝင် ဝန်ဆောင်မှု ကဏ္ဍမှာ အရေအတွက် အားဖြင့်ရော အရည်အသွေး အားဖြင့်ပါ တိုးမြှင့်ဖို့ လိုမယ်လို့ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးခင်အောင်ထွန်း ကပြောပါတယ်။
“ကျနော်တို့ တနိုင်ငံလုံးမှာ သိသလောက်က ၂ သောင်းကျော်ပဲ ရှိတယ်။ ရန်ကုန်မှာလည်း အကန့်အသတ်နဲ့ပဲဆိုတော့ ဟိုတယ်တွေလည်း အနည်းနဲ့အများ ပိုလိုလာလိမ့်မယ်။ ဟိုတယ်တင်မဟုတ်ဘူး တခြား စားသောက်ဆိုင်တွေ၊ ဝန်ဆောင်မှုတွေ၊ သယ်ယူပို့ဆောင်ရေးတွေမှာပါ လုပ်ရမှာတွေကတော့ အများကြီး ဆက်စပ်ပြီး လိုလာနိုင်တယ်လို့ ကျနော်ကတော့ မျှော်လင့်ထားပါတယ်။”
မြန်မာနိုင်ငံမှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး လာစေဖို့ဆိုပြီး ပြီးခဲ့တဲ့နှစ်ထဲ အစိုးရ တာဝန်ရှိသူတွေ ကြိုးပမ်းခဲ့တာ တချို့ကိုလည်း တွေ့မြင်ရပါတယ်။ နိုင်ငံခြား ခရီးသွားတွေအတွက် အင်တာနက်ကတဆင့် ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားနိုင်ဖို့ကအစ သယ်ယူပို့ဆောင်ရေးနဲ့ ဟိုတယ် လုပ်ငန်းတွေ အပါအဝင် ဝန်ဆောင်မှု ကဏ္ဍမှာ တိုးမြှင့်နိုင်ရေး ပြင်ဆင်နေတာတွေလည်း ရှိခဲ့တာပါ။
ဒါပေမဲ့လည်း နိုင်ငံခြားသား ခရီးသွားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရာမှာ အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်သလို၊ ပြည်ပကနေ ခရီးသွားတွေ တိုက်ရိုက် လာရောက်နိုင်မယ့် လေကြောင်း ပို့ဆောင်ရေးလို ကဏ္ဍတွေမှာတော့ လိုအပ်ချက်တွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုပဲ အင်တာနက် ဆက်သွယ်မှုကအစ၊ အလိုအလျောက် ငွေထုတ်စက် ATM တွေအဆုံး အခြေခံ အဆောက်အအုံပိုင်းတွေက အားနည်းချက် အများအပြားဟာ ခရီးသွားလုပ်ငန်းအတွက် ကြီးကြီးမားမား စိမ်ခေါ်မှုတွေအဖြစ် ရှိနေတုန်းပဲလို့လည်း လုပ်ငန်းရှင်တွေက တညီတညွတ်တည်း မြင်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။