ဥရောပတလွှား စီးပွားရေး အကျပ်အတည်းတွေ ရင်ဆိုင်နေရတဲ့ အထဲမှာ အဆိုးရွားဆုံး အဖြစ်နဲ့ ကြုံနေရတဲ့ နိုင်ငံတခုဖြစ်တဲ့ ဂရိမှာတော့ လူထုအုံကြွမှုတွေ ကြုံရတဲ့အထိ ပြဿနာတွေ ကြီးထွားနေပါတယ်။ ဥရောပ သမဂ္ဂ (EU) ရဲ့ အကူအညီတွေကို အစိုးရက မျှော်လင့်နေချိန်မှာပဲ နိုင်ငံရေး အတိုက်အခံတွေ၊ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းတွေ ဖြစ်ပွားတဲ့အထိ ကြုံနေရတာပါ။ စီးပွားရေး အကျပ်အတည်းတွေကနေ နိုင်ငံရေး ပြဿနာတွေကိုပါ ဦးတည်လာနေတဲ့ အခြေအနေတွေကိုတော့ ဗွီအိုအေ သတင်းထောက်တွေရဲ့ သတင်းပေးပို့ချက်တွေနဲ့အတူ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က စုစည်းတင်ပြပေးမှာ ဖြစ်ပါတယ်။
ဂရိအစိုးရက မတ်လထဲ နောက်ဆုံးထား ပေးဖို့ရှိနေတဲ့ အကြွေးတွေကို မဆပ်နိုင်တဲ့ အဖြစ်က ရှောင်ရှားနိုင်ဖို့ ဥရောပသမဂ္ဂ (EU) ထံက နောက်ထပ် ဘဏ္ဍာရေး အကူအညီအဖြစ် ဒေါ်လာ ၁၇၂ ဘီလီယံ ရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ အပြန်အလှန် အနေနဲ့ တိုင်းပြည်မှာ အသုံးစားရိတ် ခြိုးခြံချွေတာရေး အစီအစဉ်တွေကို ဂရိနိုင်ငံက ကျင့်သုံးရမှာ ဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေနဲ့ ကြုံနေရတာပါ။ ဘဏ္ဍာရေးနဲ့ အစိုးရအလုပ်အကိုင်တွေ လျှော့ချရမယ့် အစီအစဉ်ဟာ အလုပ်လက်မဲ့ ပမာဏ ၁၀% လောက် ရှိနေတဲ့ ဂရိနိုင်ငံ စီးပွားရေးအတွက် ပိုပြီး ပြဿနာတွေကိုသာ ဖန်တီးလိမ့်မယ်ဆိုပြီး ဆန့်ကျင်နေကြတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဂရိနိုင်ငံသာ တင်နေတဲ့ အကြွေးတွေ ပြန်မဆပ်နိုင်တဲ့ အဖြစ်နဲ့ ကြုံရမယ်ဆိုရင် ကမ္ဘာနဲ့အ၀ှမ်း ယုံကြည်မှု လျော့ပါးတဲ့ အဖြစ်မျိုး ဆိုက်လိမ့်မယ်လို့ အစိုးရ သာမက ဆန်းစစ်သူတွေက သတိပေးနေကြတာပါ။
ဝန်ကြီးချုပ် Lucas Papademos ကတော့ ဂရိနိုင်ငံ အနေနဲ့ ရွေးချယ်စရာလမ်း မရှိသလောက်ပဲလို့ ပြောပါတယ်။
“အခုအချိန်ဟာ အစိုးရရဲ့ ခံနိုင်ရည်ကို စမ်းသပ်တဲ့ ကာလဖြစ်သလို၊ တာဝန်ယူရမယ့် ၀န်ထုပ်ဝန်ပိုးကြီးကို ဘယ်သူကမှ မထမ်းနိုင်ကြဘူး ဆိုတာကလည်း ရှင်းနေပါတယ်။ ဒါပေမဲ့လည်း ဂရိနိုင်ငံ ဒေ၀ါလီခံဖို့ ဆိုတာကတော့ အခုအချိန်မှာ လက်မခံနိုင်တဲ့လမ်းပါ။ အကျိုးဆက်တွေက တိုင်းပြည်ကို အကြီးအကျယ် ရိုက်ခတ်ပါလိမ့်မယ်။ အထူးသဖြင့်ကတော့ ခက်ခဲလှတဲ့ ပကတိအခြေအနေမှာ ရုန်းကန်နေရသူတွေ အတွက်ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ စီးပွားရေး အစီအစဉ်သစ်ကို အတည်ပြုပြီး ငွေချေးနိုင်မယ့် သဘောတူညီချက်ရအောင် ရှေ့ဆက်နိုင်ရေး လိုအပ်သမျှ လုပ်သွားရမှာပါ။”
ဘဏ္ဍာရေး အကူအညီ ပေးနိုင်တဲ့ EU ကတော့ အစိုးရ အသုံးစားရိတ်တွေ ဖြတ်တောက်ဖို့ တောင်းဆိုထားတာကို တုန့်ပြန်တဲ့ အနေနဲ့ အစိုးရအဖွဲ့ကတော့ တိုင်းပြည်မှာ သတ်မှတ်ထားတဲ့ အနည်းဆုံးလစာ အဆင့်အတန်းကို ၂၂% လျှော့ချပြီး အစိုးရ အလုပ်အကိုင် နေရာပေါင်း ၁ သောင်းခွဲလောက်ကို ဖျက်သိမ်းမယ့် အစီအစဉ် တရပ်ကိုတော့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ကပဲ လက်ခံထားတာပါ။ သဘောတူညီချက်ကို ကန့်ကွက်တဲ့ အနေနဲ့ လက်ယာစွန်းဝါဒီ LAOS ပါတီဝင် ၄ ဦး အပါအ၀င် ၀န်ကြီးအဖွဲ့ဝင် ၅ ဦး ကတော့ နှုတ်ထွက်ကြောင်း ကြေညာပါတယ်။
ဒီလိုပဲ စီးပွားရေး အကျပ်အတည်းဒဏ် ခံနေရတဲ့ ဂရိလူထုကြားမှာတော့ ဒီအစီအစဉ်ကို ခါးခါးသည်းသည်း တုန့်ပြန်နေကြတာလည်း ဖြစ်ပါတယ်။
"ဒီအစီအစဉ်ကို အတည်မပြုသင့်ဘူး၊ အစကတည်းကလည်း ဒါကို သဘောတူကြဖို့ မကောင်းဘူး။ ပထမ စာချုပ်တုန်းကလည်း ဖတ်တောင် မကြည့်ကြပဲ မဲပေးထောက်ခံခဲ့ကြတယ်၊ ဒီလူတွေဟာ တာဝန်မဲ့လွန်းတယ်" လို့ ဂရိ ပင်စင်စား တဦးက ရင်ဖွင့် သွားတာပါ။
ဒီလို မကျေနပ်ချက်တွေနဲ့အတူ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ရာက အဓိကရုဏ်းတွေလည်း အကြီးအကျယ် ပေါ်ပေါက် ခဲ့ရပါတယ်။ ချွေတာရေး အစီအစဉ်သစ်ကို အစိုးရက ထုတ်ဖော်ပြောဆိုလိုက်ပြီး မရှေးမနှောင်း ပေါ်ပေါက်လာတဲ့ အေသင်မြို့တော်က ဆန္ဒပြပွဲတွေကို ဟန့်တားဖို့ ကြိုးစားတဲ့ လုံထိန်းရဲတွေနဲ့ ပဋိပက္ခတွေမှာတော့ လက်လုပ် မီးလောင်ဗုံးတွေ၊ မျက်ရည်ယိုဗုံးတွေ ကျောက်ခဲတွေဟာ မီးလောင်ကျွမ်းနေတဲ့ လမ်းတွေပေါ်မှာ ပလူပျံနေခဲ့တာပါ။ တခြား ဂရိနိုင်ငံ မြို့ကြီးတွေမှာလည်း လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသလို၊ မြို့တော်မှာတော့ အလုပ်သမား ဆန္ဒပြပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေ အားလုံးလိုလို ရပ်ဆိုင်းကုန်ပါတယ်။
အစိုးရကတော့ ရှေ့လနောက်ဆုံးထား ပေးဆပ်ရမယ့် ဒေါ်လာ ၁၉ ဘီလီယံ ကြွေးမြီတွေ ပြန်ဆပ်နိုင်ရေး EU ရဲ့ အထောက်အပံ့တွေ မဖြစ်မနေရဖို့ လိုအပ်နေတာပါ။ ဂရိနိုင်ငံက ပေးရမယ့် အကြွေးတွေ အချိန်မီ မဆပ်နိုင်ခဲ့ရင် အတိုးနှုန်းတွေလည်း မြင့်တက်လာနိုင်တာမို့ တခြားတိုင်းပြည်တွေ ငွေချေးငှားတဲ့ အစီအစဉ်တွေ အပေါ်မှာပါ ရိုက်ခတ်နိုင်မယ့် အလားအလာတွေလည်း ရှိနေတာပါ။
ဒီအတွက် ဂရိနိုင်ငံလောက် အခြေအနေ မဆိုးပေမဲ့လည်း အကြွေးပြဿနာ ရင်ဆိုင်နေရတဲ့ အီတလီနိုင်ငံက ၀န်ကြီးချုပ် မာရီယို ပွန်တီ (Mario Ponti) ကတော့ ဥရောပ ယူရိုငွေကြေးသုံး နိုင်ငံတွေက ဘဏ္ဍာရေး ၀န်ကြီးတွေ အနေနဲ့ ဂရိနိုင်ငံကို အကူအညီ မြန်မြန်ဆန်ဆန် ပေးအပ်ဖို့ တိုက်တွန်းနေပါတယ်။
“အခုအချိန်ဟာ စာမျက်နှာသစ် ဖွင့်လှစ်ရမယ့်အချိန်၊ ဂရိနိုင်ငံက ပေါက်ကွဲလာနိုင်တဲ့ အခြေအနေကို ငြှိမ်းသတ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်။”
နောက်ထပ် အကူအညီပေးမယ့် အစီအစဉ်ကို EU က ဖေဖော်ဝါရီ လလယ်ပိုင်းလောက်မှာ ဆုံးဖြတ်ချက် ချလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့လည်း ဥရောပ ကော်မရှင်၊၊ ဥရောပ ဗဟိုဘဏ်နဲ့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့က နောက်ဆုံး သဘောတူညီချက်ကို လက်မခံမီ၊ ဂရိလွှတ်တော်က ချွေတာရေး အစီအစဉ်တွေကို အရင်အတည်ပြုဖို့လည်း တောင်းဆိုနေတာပါ။ ဒီလိုပဲ ဧပြီလ ရွေးကောက်ပွဲတွေ နောက်ပိုင်းမှာလည်း ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေကနေ သွေဖီမသွားဖို့နဲ့ နောက်ထပ်လည်း အသုံးစားရိတ် ဖြတ်တောက်မှုတွေကို ဆက်လက် လုပ်ဆောင်ဖို့ EU ကပြောနေတာ ဖြစ်ပါတယ်။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် စီးပွားရေး ပညာရှင်အဖွဲ့တခုဖြစ်တဲ့ Bruegel ရဲ့ ညွှန်ကြားရေးမှူးဖြစ်သူ ယွန်း ပီစာနီ ဖယ်ရီ (Jean Pisani-Ferry) ကတော့ EU ဘဏ္ဍာရေး ၀န်ကြီးတွေ အနေနဲ့ ဒီလို တင်းခံနေတာဟာ မမှားဘူးလို့ သုံးသပ်ပါတယ်။
“သဘောတူထားတဲ့ ကိစ္စတွေမှာ အကောင်အထည် မဖော်နိုင်တာမျိုးတွေ ရှိခဲ့ဖူးတဲ့အတွက် ဖြစ်ပါတယ်။ ဘာတွေ လုပ်ပေးနိုင်မလဲ ဆိုတဲ့အပေါ် စိတ်မရှည်၊ စိတ်မချတဲ့ သဘောထားတွေ ရှိနေတာကလည်း မြင်သာပါတယ်။ အာမခံတာကတပိုင်း၊ တကယ်တမ်း လုပ်ပြတာက တပိုင်းပဲလေ။”
ဂရိနိုင်ငံ အနေနဲ့ နောက်ဆုံး အခြေအနေမှာ မလွှဲသာ မရှောင်သာ ဒေ၀ါလီခံရပြီး အဖွဲ့ဝင် ၁၇ နိုင်ငံ ပါဝင်တဲ့ ယူရိုဇုန်ထဲက ထွက်ရတဲ့ အဖြစ်မျိုး ကြုံရလေမလား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ အီတလီ ၀န်ကြီးချုပ်ကတော့ သူ့နိုင်ငံအပါအ၀င် ဥရောပတလွှား စီးပွားရေး အခြေအနေတွေဟာ အားနည်းနေဆဲ ဖြစ်ပေမဲ့ ဥရောပ ယူရိုငွေကြေးကတော့ ခိုင်မာနေတုန်းပဲလို့ ပြောပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ ကြီးကြီးမားမား စိမ်ခေါ်မှုအဖြစ် ရှိနေတာကတော့ ချွေတာရေး အစီအမံတွေကနေ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အရှိန်ကောင်းလာအောင် ပြောင်းလဲ ဆောင်ရွက်နိုင်ဖို့ ကိစ္စပဲ ဖြစ်တယ်လို့ ပြောခဲ့တာပါ။
ဥရောပမှာရှိတဲ့ ဗဟိုဘဏ်တွေကတော့ စီးပွားရေး ဖွံ့ဖြိုးမှုတွေ အားကောင်းလာစေဖို့ အတိုးနှုန်းတွေကို စံချိန်ချိုးလောက်အောင် လျှော့ချပေးထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီလို အတိုးနှုန်းနဲ့ အသုံးစားရိတ် လျှော့ချ ဖြတ်တောက်မှုတွေ ရှိတဲ့တိုင်အောင် ယူရိုငွေကြေးသုံး နိုင်ငံတွေက စီးပွားရေး ကျဆင်းမှုတွေကို ဒီနှစ်ထဲ အဖတ်ဆည်နိုင်ဖို့ မလွယ်လှသေးဘူးလို့လည်း ဆန်းစစ်သူတွေက ဟောကိန်းထုတ်နေကြတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။