သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေ


နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကို လတ်တလော လွှတ်တော်တွင်း တင်သွင်းထားပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးလာစေဖို့အတွက် ရည်ရွယ်ထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေသစ်တရပ် မကြာခင် ထွက်ပေါ်လာဖို့ ရှိနေပါတယ်။ လွှတ်တော်တွင်း တင်သွင်းထားတဲ့ မူကြမ်းမှာတော့ ပြည်ပက လုပ်ငန်းရှင်တွေကို မက်လုံးပေး ဆွဲဆောင်ပြီး စီးပွားရေးကို ကျားကန်ပေးသွားဖို့ စီစဉ်ထားတာပါ။ ရေးဆွဲနေဆဲ ဥပဒေသစ်နဲ့ မြန်မာ့စီးပွားရေးအပေါ် အကျိုးသက်ရောက်နိုင်မယ့် အလားအလာတွေ ဘာတွေ ရှိနိုင်မလဲ ဆိုတာကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး က တင်ပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းက ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေကို အခွင့်အရေးတွေ ပိုပေးတဲ့ အနေနဲ့ အရင်ကလို မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ် လုပ်ကိုင်ခွင့် သာမက ကိုယ်ပိုင် လုပ်ကိုင်ခွင့်တွေပါ ပေးသွားဖို့အထိ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ အစိုးရပဲဖြစ်ဖြစ် ပုဂ္ဂလိကနဲ့ပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေနဲ့ ဖက်စပ်လုပ်ငန်းတွေ လုပ်မယ် ဆိုရင်တော့ နိုင်ငံခြားက လုပ်ငန်းရှင်တွေ အနေနဲ့ အနည်းဆုံး ၃၅ ရာခိုင်နှုန်း ရင်းနှီး စိုက်ထုတ်ရမှာပါ။ ပြည်ပလုပ်ငန်းတွေ အနေနဲ့ အစိုးရဆီကပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကဆီကပဲဖြစ်ဖြစ် မြေငှားရမ်းခွင့်လည်း ရှိတော့မှာဖြစ်ပြီး၊ လုပ်ငန်း အရွယ်အစားပေါ်လိုက်လို့ အစပိုင်းမှာ နှစ်ပေါင်း ၃၀ အထိ ငှားရမ်းခွင့်နဲ့ နောက်ပိုင်းမှာလည်း ၁၅ နှစ်တကြိမ် သက်တမ်း တိုးခွင့်ရှိမှာ ဖြစ်ပါတယ်။

လွှတ်တော်တွင်း တင်သွင်းထားတဲ့ ဥပဒေကြမ်း အတည်မပြုမီမှာလည်း နောက်ထပ် လုပ်ပိုင်ခွင့်တွေ ပိုပြီး တိုးပေးသင့်မသင့် ဆိုတာကို လွှတ်တော် ကိုယ်စားလှယ်တွေကြား စဉ်းစားနေကြတယ်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ဒေါက်တာ အေးမောင် ကပြောပါတယ်။
“အခွန်ကင်းလွတ်ခွင့်ကို ၅ နှစ် ပေးထားတယ်၊ နောက် မြေငှားဂရံကို နှစ် ၃၀ ပေးထားတယ်။ လုပ်ငန်းရဲ့ အောင်မြင်မှုနဲ့ အကျိုးပြမှုအပေါ် မူတည်ပြီးကာမှ ထပ်ပြီးလျှောက်လို့ရှိရင် နောက် ၁၅ နှစ်စီ ၂ ကြိမ်ပေးထားပါတယ်။ အဲဒီတော့ နှစ် ၆၀ အထိ လုပ်ငန်းအပေါ်မှာ ဒီဖက်က ဂရံပေးတဲ့သဘော ဖြစ်သွားတာပေါ့။ ကျနော်တို့ဖက်က ဆွေးနွေးတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ၅ နှစ်ဆိုရင် နည်းမလားပေါ့နော်၊ ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိ အခွန်ကင်းလွတ်ခွင့် ပေးလိုက်လို့ရှိရင် နိုင်ငံခြားက ရင်းနှီးမြုပ်နှံတဲ့ ပုဂ္ဂိုလ်တွေက ပိုမို ဝင်လာနိုင်တယ်လေ။ မြန်မြန်ပေါ့နော် ပြည်တွင်းရဲ့ စီးပွားရေးကို ပြန်ထောင်တက်ဖို့က နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုက အင်မတန် အရေးကြီးပါတယ်။ အဲဒါကြောင့် ကျနော်တို့ ပြည်တွင်းကို တိုင်းပြည် အေးချမ်းတည်ငြိမ် လာပြီဆိုရင် ဝင်ရောက်လာမယ့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူတွေကို အမြန်ဆုံး လာနိုင်အောင် ခုနလို နှစ် ၃၀ အစား နှစ် ၅၀ တိုးပေးတာမျိုးပေါ့ဗျာ၊ နောက် ၁၅ နှစ် ၁၅ နှစ်ကို ပေါင်းမယ့်အစားပေါ့နော်။”

တကယ်တော့ ၁၉၈၈ ခုနှစ်ကစလို့ စတင်ကျင့်သုံးလာခဲ့တဲ့ ဥပဒေကနေ သိသိသာသာ လမ်းခွဲပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံ အနေနဲ့ ပြည်ပက လုပ်ငန်းရှင်တွေအတွက် မျက်စေ့ကျစရာတွေလည်း ရှိနှင့်နေပြီးသားလို့ ဆိုရမှာပါ။ ကမ္ဘာတဝှမ်း ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေအတွက် အကောင်းအဆိုး အခြေအနေတွေကို ဆန်းစစ်တွက်ချက် ပေးနေတဲ့ ဗြိတိန်နိုင်ငံ အခြေစိုက် Maplecroft ကတော့ မြန်မာနိုင်ငံမှာ ရေနံ၊ သဘာဝဓာတ်ငွေ့၊ သတ္ထုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ ခရီးသွား လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နိုင်တဲ့ အခွင့်အလန်းကောင်းတွေ ရှိနေတယ်လို့ ပြောပါတယ်။ ဒီလိုပဲ လုပ်သားအင်အား ကြီးကြီးမားမား ရှိနေပြီး ဈေးသက်သာတာမို့၊ ပြည်ပက စီးပွားရေး သမားတွေ ကုန်ထုတ်လုပ်ငန်းတွေကို လုပ်နိုင်တဲ့ အလားအလာတွေ အများအပြား ရှိနေတယ်လို့ သုံးသပ်ထားတာပါ။

ဒီလို ပြည်ပလုပ်ငန်းတွေက အခွင့်အလန်းတွေ ရနိုင်တဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံသားတွေ အတွက်လည်း အမြတ်ထွက်နိုင်ဖို့ အသစ်ရေးဆွဲထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းက ရည်ရွယ်ထားတယ်လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ကပြောပါတယ်။
“ရင်းနှီးမြုပ်နှံမှု ဥပဒေကြမ်းကလည်း ပညာရှင်တွေနဲ့ ရေးထားတယ်လို့ သိရပါတယ်။ တော်တော်လေးလည်း ပြည့်စုံပါတယ်။ ဟိုတုန်းက ရင်းနှီးမြုပ်နှံမှု ဥပဒေမျိုးထက်ကိုပေါ့။ အဓိကကတော့ တိုင်းပြည်တွင်းမှာ ရင်းနှီးမြုပ်နှံမှုကိုလည်း ဖိတ်ခေါ်ချင်တာရယ်၊ ရင်းနှီးမြုပ်နှံမယ့် လူတွေကလည်း ဝင်ရောက်လာနိုင်တဲ့ အခွင့်အလန်းတွေကိုလည်း ပေးချင်တာပေါ့။ နောက် ကိုယ့်တိုင်းပြည်က လုပ်သားအင်အားကိုလည်း ကျွမ်းကျင်လုပ်သားအဖြစ် ပြောင်းလဲစေချင်တယ်၊ နည်းပညာလည်း ရချင်တယ်။ အဲဒီတော့ နည်းပညာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေက ပထမပိုင်းမှာ ပြည်တွင်းလုပ်သားတွေနဲ့ တွဲတွဲလုပ်သွားမယ်။ နောက်ပိုင်း တဖြည်းဖြည်းနဲ့ နည်းပညာတွေကို ကျနော်တို့ ဒီဖက်က နိုင်ငံသားတွေက ရလာတဲ့ ကာလမှာ နိုင်ငံခြားက ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေကို တဖြည်းဖြည်းနဲ့ လျှော့သွားမယ်၊ ပြည်တွင်းက ပုဂ္ဂိုလ်တွေနဲ့ အစားထိုးသွားခြင်းအားဖြင့်ပေါ့ ဒီလုပ်ငန်းတွေကို တဖြည်းဖြည်းနဲ့ နှစ်ပေါင်း ၃၀ လောက် ကြာလာတဲ့အခါမှာ ကျနော်တို့ တိုင်းပြည်တွင်းက ကျွမ်းကျင်လုပ်သားတွေနဲ့ မောင်းနှင်နိုင်တဲ့အထိပေါ့နော်။”

ဥပဒေကြမ်းထဲမှာတော့ နိုင်ငံခြား ကုမ္ပဏီတွေ အနေနဲ့ ကျွမ်းကျင်မှု မရှိတဲ့ အလုပ်သမားတွေကို ခန့်ထားခွင့်ရှိမှာ မဟုတ်ပဲ၊ ၅ နှစ်ပြည့်တဲ့အခါမှာလည်း ကျွမ်းကျင်လုပ်သား ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံသားတွေကို ခန့်ထားသွားရမှာဖြစ်ပြီး ဒီအတွက် လိုအပ်ရင် လေ့ကျင့်သင်ကြား ပေးရမှာပါ။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံသား ကျွမ်းကျင်လုပ်သား အရေအတွက်ကို ၁၀ နှစ်ကြာတဲ့အခါ အနည်းဆုံး ၅၀ ရာခိုင်နှုန်းနဲ့ ၁၅ နှစ် ကြာတဲ့ အခါမှာတော့ ၇၅ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။ ပြည်ပက ရင်းနှီးမြုပ်နှံသူတွေကို အာမခံ ပေးတဲ့ အနေနဲ့ သဘောတူ စာချုပ်ထားတဲ့ သက်တမ်းအတွင်း ပြည်သူပိုင် သိမ်းဆည်းတာမျိုး မလုပ်ဖို့နဲ့ လူထုအကျိုးစီးပွားအတွက် လိုအပ်လို့ ပြည်သူပိုင်အဖြစ် ပြောင်းလဲတဲ့ အခါမျိုးမှာ ဈေးကွက် ပေါက်ဈေးအတိုင်း တန်ဘိုးဖြတ် လျော်ကြေး ပေးရမယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်း ထားတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ သက်တမ်း နုနယ်သလို၊ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တခု ဖြစ်လာဖို့ အတွက်လည်း အချိန်ယူရဦးမှာမို့ ရင်းနှီးမြုပ်နှံ လုပ်ငန်းတွေလုပ်ဖို့ အန္တာရာယ်တွေလည်း ရှိနေတုန်းပဲလို့ Maplecroft ရဲ့ ဖေဖော်ဝါရီလထဲ ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆန်းစစ်ချက် အစီရင်ခံစာထဲမှာ သတိပေး ထားပါတယ်။

မြန်မာ့စီးပွားရေး အခြေအနေတွေကို လေ့လာ အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေး ပညာရှင် ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) ကလည်း ရင်းနှီးမြုပ်နှံ လိုသူတွေအတွက် စိတ်ချရမယ့် အခြေအနေတွေ ဖန်တီးဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။
“မြန်မာ့စီးပွားရေးအတွက် အခြေခံကျကျ ပြင်ဆင်ရမယ့် ကိစ္စတွေ အများအပြား ရှိနေဆဲပါ။ ဥပမာ ဥစ္စာပစ္စည်း ပိုင်ဆိုင်ခွင့်လို၊ သေချာရေရာမှု ရှိအောင် လုပ်ဖို့လိုပါတယ်။ ဒါတွေကို စီးပွားရေး လုပ်ငန်းတွေကို နောက်ပြန်ဆွဲနေတာပါ။ အဂတိလိုက်စားမှုလို တခြား ပြဿနာတွေဟာလည်း မြန်မာ့စီးပွားရေးမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါတယ်။”

လတ်တလော မြန်မာနိုင်ငံရဲ့ ရင်းနှီးမြုပ်နှံမှုတွေမှာတော့ အိမ်နီးချင်းတွေနဲ့ ဒေသတွင်း နိုင်ငံတွေကသာ အဓိက ဝင်ရောက် လုပ်ကိုင် နေကြတာ ဖြစ်သလို၊ အများစုကတော့ အရင်းအမြစ်နဲ့ ကုန်ကြမ်း ထုတ်လုပ်မှုတွေမှာသာ ဖြစ်ပါတယ်။ ပြည်ပက လုပ်ငန်းတွေကို စတင်ခွင့်ပြုခဲ့တဲ့ ၁၉၈၈ ခုနှစ်ကစလို့ ဒီနှစ် ဇန်နဝါရီလအထိဆိုရင် စီမံကိန်းပေါင်း ၄၅၈ ခုမှာ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၀,၀၀၀ ကျော်အထိ ရှိနေပြီး အများစုကတော့ သန်းပေါင်း ၁၄,၀၀၀ လောက်နဲ့ တရုတ်နိုင်ငံက ဦးဆောင် နေတယ်လို့လည်း တရားဝင် ကိန်းဂဏန်းတွေကို ကိုးကားပြီး တရုတ်အစိုးရပိုင် ရှင်ဟွာ သတင်းက ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် တနှစ်ထဲမှာပဲ ပြည်ပရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာသန်းပေါင်း ၈,၀၀၀ ကျော် ရှိခဲ့သလို၊ ဒီအထဲက ထက်ဝက်ကျော်ဟာ ဆိုရင်လည်း ပြီးခဲ့တဲ့နှစ် မတ်လကုန်မှာ အစိုးရသစ် တက်လာပြီးနောက် ဝင်ရောက်လာတာလို့ ဆိုပါတယ်။ ဆန်းစစ်သူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင် အသိုင်းအဝိုင်းကတော့ လွှတ်တော်မှာ တင်သွင်းထားတဲ့ ရင်းနှီးမြုပ်နှံမှု ဥပဒေ ထွက်ပေါ်လာတဲ့အခါ နောက်ထပ် ပြည်ပက ဝင်ရောက်လုပ်ကိုင် လိုသူတွေလည်း ပိုတိုးလာနိုင်တယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ ခိုင်ခိုင်မာမာ ကျင့်သုံးလာမယ်၊ တချိန်တည်းမှာပဲ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်း လျော့ပါး လာမယ်ဆိုရင် ပြည်ပက လုပ်ငန်းရှင်တွေ ဒီထက်ပို ဝင်ရောက်လာနိုင်တယ်လို့ ခန့်မှန်းနေကြတာလည်း ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

XS
SM
MD
LG