မြန်မာနိုင်ငံမှာ ကျပ်ငွေ တသောင်းတန် ငွေစက္ကူ အသစ်တွေကို ဒီတပတ်ထဲ စတင်ထုတ်ေ၀ သုံးစွဲသွားဖို့ ရှိပါတယ်။ ဒါပေမဲ့လည်း ငွေကြေး ဖောင်းပွမှု အပါအဝင် စီးပွားရေးအရ စိမ်ခေါ်မှုတွေ ရှိနေတဲ့ တိုင်းပြည်တခုအဖြစ် ဒီလို အစီအမံတွေမှာ သတိထားဖို့ လိုမယ်လို့လည်း ကျွမ်းကျင်သူတွေက သတိပေး နေကြတာပါ။ ဘဏ္ဍာရေး လုပ်ငန်းတွေ အပါအဝင် စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်မယ်လို့ ကတိပေးထားတဲ့ မြန်မာအစိုးရ လက်ထက် နောက်ဆုံး တွေ့မြင်လာရတဲ့ အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြပေးမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တန်ဘိုးအမြင့်ဆုံး ငွေစက္ကူအဖြစ် ကျပ်တသောင်းတန်တွေကို ဇွန်လ ၁၅ ရက်နေ့ကစပြီး ဖြန့်ေ၀ သုံးစွဲသွားမယ်လို့ ဗဟိုဘဏ်က ကြေညာလိုက်ပါတယ်။ ကျပ်ငွေ တသောင်းတန် ငွေစက္ကူ အသစ်နဲ့ တန်ဘိုးအနိမ့်ဆုံး ပြား ၅၀ တန်အထိ ဆိုရင်တော့ အခုအခါ မြန်မာနိုင်ငံမှာ လည်ပတ် သုံးစွဲနေတဲ့ ငွေစက္ကူ အမျိုးအစား ၁၉ မျိုးအထိ ရှိလာတော့မှာပါ။
ဒါပေမဲ့လည်း ငွေကြေး ဖျက်သိမ်းမှုတွေ၊ မတည်မငြိမ် အဖြစ်တွေ ကြုံခဲ့ဖူးတဲ့ တိုင်းပြည်အဖြစ် ဈေးကွက်ထဲမှာ လှုပ်လှုပ်ရှားရှားနဲ့ ရိုက်ခတ်မှုတွေ မဖြစ်အောင် သတိထားဖို့တော့ လိုမယ်လို့ မြန်မာ့စီးပွားရေး အခြေအနေတွေကို အနီးကပ် ဆန်းစစ် အကဲခတ်နေတဲ့ သြစတြေးလျနိုင်ငံ Macquarie တက္ကသိုလ်က စီးပွားရေးပညာ ပါမောက္ခ ရှောင် တာနဲလ် (Sean Turnell) က သတိပေးပါတယ်။
“အစိုးရအနေနဲ့ လုပ်ဖို့ ကြိုးစားသင့်တာကတော့ အတိတ်မှာတုန်းက ဖြစ်ရပ်မျိုးတွေ မဖြစ်ပါဘူး ဆိုတာမျိုးကို ဒီလုပ်ငန်းစဉ်ကို အကောင်အထည် ဖော်ရာမှာ သတင်းစကားပါးဖို့ လိုတယ်လို့ ကျနော်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍမှာ မတည်မငြိမ် ဖြစ်ခဲ့ဖူးတဲ့ အခြေအနေကနေ ရုန်းထွက်ဖို့ ကြိုးစားနေချိန်မှာ ဆောင်ရွက်လာတဲ့ ဒီအစီအစဉ်ဟာ စိတ်ဝင်စားစရာပါ။”
မြန်မာနိုင်ငံမှာ ၁၉၈၇ ခုနှစ်က သုံးစွဲနေတဲ့ ငွေစက္ကူတွေထဲက တချို့ကို တရားမဝင် အဖြစ်က ရပ်စဲကြောင်း ရုတ်တရက် ကြေညာခဲ့ရာက မကျေနပ်မှုတွေနဲ့ အုံကြွမှုတွေ ဖြစ်ပွားခဲ့တဲ့အထိ ကြုံခဲ့ရတာ ဖြစ်ပါတယ်။ တန်ဘိုး အမြင့်ဆုံး ငွေစက္ကူအဖြစ် လက်ရှိ သုံးစွဲနေတဲ့ ငါးထောင်ကျပ်တန် တွေကို ၂၀၀၉ ခုနှစ်မှာ ထုတ်ဝေချိန် တုန်းကတော့ ဈေးကွက်တွင်း ရုတ်တရက် ရိုက်ခတ်မှုမျိုးတွေလည်း ကြုံခဲ့ရတာပါ။ အခုနောက်ဆုံး တသောင်းတန် ငွေစက္ကူသစ် ထုတ်ဝေရာမှာတော့ လက်ရှိ လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးတွေကို ဆက်လက် သုံးစွဲသွားမယ်လို့ ဗဟိုဘဏ်က ကြေညာထားပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာ အထီးကျန်အဖြစ် ရှိနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ မူဝါဒတွေမှာလည်း စီမံခန့်ခွဲမှုတွေဟာ အလွဲလွဲ အမှားမှား ရှိခဲ့တာမို့ ခြေလှမ်းသစ်တွေ လှမ်းရာမှာ သတိထားဖို့ လိုမယ်လို့ ကျွမ်းကျင်သူတွေက သတိပေးနေကြတာပါ။
အခုအခါ တန်ဘိုးမြင့်တဲ့ ငွေစက္ကူသစ် ထုတ်ဝေလိုက်ပေမဲ့ သာမာန်လူထုကြား ချက်ခြင်းလက်ငင်း အကျိုးရှိဖို့ မသေချာသလို၊ ငွေကြေးဖောင်းပွမှုလို ပြဿနာတွေကို ဦးတည်လာမှာကိုလည်း သတိထားသင့်တယ်လို့ ပါမောက္ခ တာနဲလ် ကပြောပါတယ်။
“လည်ပတ်နေတဲ့ ငွေကြေး ပမာဏထဲမှာ နောက်ထပ်တိုးပြီး ထုတ်ဝေတာမျိုး ဆိုရင်တော့ သေချာတာက ငွေကြေးဖောင်းပွမှု ဖြစ်လာနိုင်ပါတယ်။ မြန်မာအစိုးရက ဘဏ္ဍာရေး အသုံးစားရိတ်အတွက် ငွေစက္ကူတွေ ရိုပ်နှိပ်ထုတ်ဝေတာမျိုး အချိန်အတော်ကြာ လုပ်ခဲ့ဖူးတာတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း ထုတ်ထားတဲ့ ငွေပမာဏကို နောက်ထပ် တိုးလိုက်တာမျိုး ဆိုရင်တော့ ငွေကြေးဖောင်းပွလာမှာပါ။”
မြန်မာနိုင်ငံမှာ အစိုးရသစ်အဖြစ် တက်လာပြီးနောက် စီးပွားရေးဆိုင်ရာ မူဝါဒတွေမှာ အပြောင်းအလဲတွေ လုပ်ဆောင်လာရာမှာ ဘဏ္ဍာရေးနဲ့ ငွေကြေး လုပ်ငန်းတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ ဒီအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုနဲ့ အကြံဉာဏ်တွေ ရနိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း အကူအညီ တောင်းခံခဲ့တာပါ။ ဒီအတွက် မြန်မာနိုင်ငံကို သွားရောက်ပြီး အခြေအနေတွေကို ဆန်းစစ် အကဲခတ်ခဲ့တဲ့ IMF ကိုယ်စားလှယ် အဖွဲ့ကတော့ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့နဲ့ အစိုးရ ဘဏ္ဍာရေး အသုံးစားရိတ် ပြည့်မှီဖို့ ငွေကြေးရိုက်နှိပ် ထုတ်ဝေတာတွေ မလုပ်ဖို့ လိုမယ်လို့လည်း သတိပေးထားတာ ဖြစ်ပါတယ်။
ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးအေးသော် ကတော့ အတိတ်က အခြေအနေတွေ အပေါ် ဆန်းစစ်ပြီး ထိခိုက်မှု မရှိရလေအောင် သတိထား စီစဉ်ထားတယ်လို့ ပြောပါတယ်။
“ဒီလောက်ကြီး မရိုက်နိုင်ပါဘူး။ ကျနော်တို့ တိုင်းပြည်ရဲ့ ကုန်ဈေးနှုန်း အခြေအနေ၊ လက်ရှိ မိုက်ခရို (နိုင်ငံတော်အဆင့်) စီးပွားရေး အခြေအနေတွေအရ လောလောဆယ်မှာလည်း ငွေကြေး ဖောင်းပွမှုနှုန်းက နဲနေတဲ့ အနေအထားမှာ ရှိတယ်။ နဲနေတော့ ကျနော်တို့ ဒီလို ရိုက်လိုက်လို့ ဒီဖောင်းပွမှုအပေါ်မှာ အများကြီး မထိခိုက်နိုင်ဘူးလို့ ကျနော်တို့က သုံးသပ်ပါတယ်။ ကျနော်တို့ဖက်က ငွေကြေး ဖောင်းပွမှုဖြစ်ရင် အပြင်မှာ ဖြစ်နေတဲ့ ငွေတွေကို ဘဏ်တွေမှာ ပြန်ရောက်အောင် Multi Policy (မူဝဒမျိုးစုံ) နဲ့ လုပ်ရမှာပေါ့။ ငွေကြေး ဖောင်းပွမှုက ကျနော်တို့မှာ ဂဏန်း တလုံးမှာပဲ ရှိပါတယ်။ ဂဏန်း ၂ လုံး မရှိပါဘူး။”
မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်းဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်မှာ ၄.၂ ရာခိုင်နှုန်း ရှိနေရာကနေ ၂၀၁၂-၂၀၁၃ အတွင်းမှာတော့ ကုန်ဈေးနှုန်း တက်လာရာက ၅.၈ ရာခိုင်နှုန်းအထိ ရှိနိုင်တယ်လို့ IMF က ခန့်မှန်းထားပါတယ်။ မြန်မာ့စီးပွားရေးမှာ ကြီးကြီးမားမား အဟန့်အတား ဖြစ်နေရတဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းကို ပေါင်းစည်းတာလို မူဝါဒတွေ အပေါ်မှာတော့ IMF အပါအဝင် နိုင်ငံတကာနဲ့ ဒေသတွင်းက ဘဏ္ဍာရေးနဲ့ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေက ကြိုဆိုခဲ့ကြတာပါ။ ဒါပေမဲ့လည်း ဒီလို အစီအစဉ်တွေဟာ ကုန်ဈေးနှုန်း တည်ငြိမ်ရေးအပေါ် အာရုံစိုက်တဲ့ ငွေကြေးဆိုင်ရာ အခြေခံ မူဝါဒတွေ ချမှတ် ဆောင်ရွက်သွားနိုင်မှ အောင်မြင်မှု ရနိုင်မယ်လို့လည်း IMF က အကြံပြုထားတာ ဖြစ်ပါတယ်။
စီးပွားရေးပညာ ပါမောက္ခ တာနဲလ် ကတော့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရာမှာ စီးပွားရေး လွတ်လပ်ခွင့်တွေလည်း ရှိရစေမယ်လို့ ကတိပြုထားတဲ့ မြန်မာအစိုးရ အတွက် ကြီးကြီးမားမား စိမ်ခေါ်မှုတွေလည်း ရှိနေဆဲပဲလို့ ပြောပါတယ်။
“အစိုးရတွင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ ဖြစ်ထွန်းမှုတွေ ရှိတယ်ဆိုပေမဲ့လည်း ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုတွေမှာတော့ တကယ့်ကို ပြဿနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒီလိုနေရာတွေမှာ တကယ့် အပြောင်းအလဲတွေ ဖြစ်မလာမချင်းကတော့၊ ငွေကြေး မတည်မငြိမ်မှုတွေ၊ ငွေကြေးဖောင်းပွမှုတွေ အပါအဝင်၊ စီးပွားရေး ကဏ္ဍအတော်များများမှာ ပြဿနာတွေအဖြစ်နဲ့ ရှိနေဦးမှာပါ။”
မြန်မာအစိုးရကတော့ စီးပွားရေးနဲ့ ကုန်သွယ်မှုတွေမှာ အထောက်အကူ ဖြစ်စေဖို့ ရည်ရွယ်ပြီး ဘဏ္ဍာငွေကြေး လုပ်ငန်းတွေက ပြုပြင်ပြောင်းလဲမှု အစီအစဉ် တစိတ်တပိုင်းအဖြစ် နိုင်ငံခြားငွေ လဲလှယ်တာတွေကို နှုန်းရှင်အဖြစ် ထိန်းချုပ်တဲ့ စနစ်တရပ်နဲ့ ဆောင်ရွက်ခွင့်တွေ၊ ဘဏ်လုပ်ငန်းတွေမှာ အရင်ကထက် လွတ်လပ်ခွင့်တွေ ပေးလာတာတွေလည်း ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တချို့ဟာ ဆိုရင်လည်း မြန်မာနိုင်ငံသားတွေ အများအပြားရှိရာ ထိုင်း၊ မလေးရှား စတဲ့ နိုင်ငံတွေကနေ ငွေကြေး လွဲှပြောင်းမှုတွေကို ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကိုလည်း စတင်လုပ်ဆောင်ဖို့ မကြာသေးခင်ကပဲ သက်ဆိုင်ရာ တိုင်းပြည်တွေက ဘဏ်တွေနဲ့ သဘောတူညီချက်တွေ ရရှိခဲ့ကြတာပါ။ စီးပွားရေးအရ ပွင့်လင်းလာနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့ တိုင်းပြည် အဖြစ်နဲ့လည်း ပြည်ပက ဘဏ်တွေ မြန်မာနိုင်ငံမှာ ဝင်ရောက် လုပ်ကိုင်နိုင်ဖို့ မျှော်လင့်နေကြတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။