သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဇူလိုင် ၇ အရေးတော်ပုံ ၄၉ နှစ်တိုင် ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန်ဆဲ


ဇူလိုင် ၇ အရေးတော်ပုံ ၄၉ နှစ်တိုင် ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန်ဆဲ
ဇူလိုင် ၇ အရေးတော်ပုံ ၄၉ နှစ်တိုင် ခွပ်ဒေါင်းစိတ်ဓာတ် ရှင်သန်ဆဲ

တင်းကျပ်တဲ့ စည်းကမ်းချက်တွေ တဖက်သတ် ထုတ်ပြန်လာတာကို မကျေနပ်လို့ ဆန္ဒပြခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ သွေးမြေကျခဲ့ပြီး တကသ အဆောက်အဦး မိုင်းခွဲ ဖျက်ဆီးခံခဲ့ရတာ ဒီကနေ့ဆိုရင် ၄၉ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရန်ကုန်တက္ကသိုလ်အတွင်း သွေးမြေကျခဲ့ရတဲ့ ဒီဖြစ်ရပ်တွေ နောက်ပိုင်း တိုင်းပြည်အာဏာကို မတရား ကိုင်စွဲ အုပ်ချုပ်သူတွေဟာ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေကို ရန်သူအဖြစ် တလျှောက်လုံး ဆက်ဆံလာခဲ့သလို ပညာရေး မျိုးဆက်ပြတ်မှုတွေနဲ့အတူ တိုင်းပြည်မှာ ပညာတတ် ရှားပါးလာမှုတွေကိုလည်း ဒီနေ့အထိ ခံစားနေရဆဲပဲလို့ အဲဒီ ဇူလိုင် ၇ ရက်နေ့ကို ကိုယ်တိုင် တွေ့ကြုံ ဖြတ်သန်းခဲ့ကြသူတွေက သုံးသပ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ ဇူလိုင် ၇ ရက်နေ့ အမှတ်တရ အကြောင်းတွေနဲ့ သုံးသပ်ချက်တွေကို မသင်းသီရိက စုစည်း တင်ပြပေးထားပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က မြန်မာနိုင်ငံရဲ့ ကျက်သရေဆောင် တခုဖြစ်တဲ့ ရန်ကုန်တက္ကသိုလ်က အဓိပတိလမ်းမကြီး အပါအဝင် ကျောင်းဝင်းနေရာ အနှံ့အပြားမှာ သွေးမြေကျခဲ့ရတာဟာ မြန်မာနိုင်ငံရဲ့ အဆိုးဝါးဆုံး သမိုင်းဖြစ်ရပ်တွေထဲက မေ့မရနိုင်တဲ့ သမိုင်းဝင် နေ့ရက်တခု ဖြစ်တယ်လို့ ဒီနေ့ကို ကိုယ်တွေ့ ဖြတ်သန်းခဲ့ရတဲ့ ကျောင်းသားဟောင်းကြီးတွေက ဆိုပါတယ်။

တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေဟာ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့က တိုင်းပြည်ကို စစ်တပ်အာဏာနဲ့ သိမ်းယူခဲ့တဲ့ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ စစ်အစိုးရဆီကနေ အဆောင်ကိစ္စကို တဖက်သတ် တင်းကျပ်စွာ ထုတ်ပြန်လာတဲ့အပေါ် မကျေနပ်ကြလို့ ကျောင်းသူ ကျောင်းသားတွေက ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ နေ့လယ်ပိုင်းကစလို့ စစ်တပ်နဲ့ တက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေကြားမှာ တင်းမာတဲ့ အခြေအနေတွေ စတင်ခဲ့ပြီး ညနေပိုင်းမှာတော့ စစ်တပ်က အကြမ်းဖက် ဖြေရှင်းခဲ့တဲ့အတွက် တက္ကသိုလ်ကျောင်းဝင်းအတွင်း သွေးချောင်းစီးခဲ့တဲ့ ဖြစ်ရပ်တွေက မနေ့တနေ့ကလိုပဲ ခံစားနေရဆဲပဲလို့ အဲဒီအချိန်က အမရဆောင်ရဲ့ ကျောင်းသားတဦး ဖြစ်ခဲ့တဲ့ ဦးနိုင်းနိုင်းက သူ့အတွေ့အကြုံကို အခုလို ပြန်ပြောင်း ပြောပြပါတယ်။

“ရန်ကုန်တက္ကသိုလ်ကြီး၊ အဓိပတိရင်ပြင်၊ အဓိပတိလမ်းနဲ့ မန္တလေးဆောင်၊ အမရဆောင်ကြား လမ်းတွေမှာ ညနေ ၆ နာရီဆိုရင် တခါတည်း လက်တကမ်းက မျက်နှာချင်းဆိုင် အဲဒီလိုရှိတဲ့ ကျောင်းသားတွေဟာ G-3 နဲ့ ရင်ဆိုင် အပစ်ခံရတာ။ အတုံးအရုံး သေကြတာပေါ့။ အန်ကယ်လည်း ပါတယ်၊ အန်ကယ်ကတော့ အမရဆောင် ပေါ်တီကို အပေါ်မှာလေ။ ပစ်တာပဲ။

“ဒါပေမဲ့ ပစ်တဲ့နေရာက အဝိုင်းလေးပေါ့။ အဓိပတိလမ်းထိပ်က အဝိုင်းလေးက စပစ်တော့ အန်ကယ်တို့က ခုန်ချလိုက်လို့ မှောက်လို့ အချိန်ရတာပေါ့။ အဓိပတိနဲ့ မန္တလေးကြားမှာတော့ အတုံးအရုန်း သေကြတယ်ကွာ။ ဗမာပြည်မှာ တကယ့် တိုင်းပြည်ရဲ့ အညွန့်အဖူး သားကောင်းရတနာတွေ ကျဆုံးသွားတာက ခေတ်သစ်သမိုင်းမှာတော့ အကြီးကျယ်ဆုံးသော ရက်စက်ယုတ်မာမှုကြီး ဆိုပြီးတော့ အမြဲတမ်း ဦးက နှစ်တိုင်း သတိရတယ်။ ကိုယ်ကိုယ်တိုင်လည်း ပါခဲ့တော့ ဒီဥစ္စာကို သိပ်သတိရတာပဲ။ ဦးတို့ အမရဆောင်၊ မန္တလေးဆောင်နဲ့ အဓိပတိလမ်းက ကျောင်းသားတွေ အများဆုံး အပစ်ခံရတာပဲလေ”

နောက်တနေ့မနက် ဇူလိုင်လ ၈ ရက်မှာတော့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီး ဖြိုချခံခဲ့ရပါတယ်။

“နောက်နေ့ ၈ ရက်နေ့ မနက်ကျတော့၊ အဲဒီညနေမှာ ဦးတို့လည်း ထမင်းစား မဝင်တော့ဘူး။ မှတ်မှတ်ရရ ဦးတို့အဆောင်မှာ အဲဒီနေ့က ဝက်သားကျွေးတယ်ကွ။ ဘယ်သူမှ ထမင်းမစားနိုင်တော့ဘူး။ ညကျတော့ သန်းခေါင်သန်းလွဲပဲ နောက်ဘက်ဝင်းထဲမှာ စကားပြောကြပြီးတော့ အိပ်ရော။ မနက် ၆ နာရီကျတော့ ဒိန်းဆိုတဲ့ အသံကြီး တချက်ပဲ ကြားလိုက်တယ်။ ဦးရဲ့အခန်းက အပေါ် မျက်နှာကြက် ကျောက်ပြားတွေ ကြွေကျတာ။ မှန်တွေလည်း ကွဲပေါ့လေ။ အိပ်ရာက နိုးပြီးတော့ ရုတ်တရက် လန့်ပြီး သွေးတောင် ပျက်ချင်တယ်။

“အားလုံးပဲ တံခါးတွေ ဖွင့်ကြပြီးတော့ ဘာဖြစ်တာလဲကွ ဆိုပြီးတော့ ဘယ်သူမှ မပြောနိုင်ဘူး။ နောက်ကျမှ ဟိုဘက်က တယောက်က ယူနီယံကြီး မရှိတော့ဘူးကွာလို့ အော်တော့ သွားပြေးကြည့်ကြတာပေါ့၊ မန္တလေးဆောင်ဘက်ကို။ ကြည့်တော့ ဒီလောက်ထူတဲ့ အုတ်နံရံရှိတဲ့ ၂ ထပ် အဆောက်အဦးကြီးက တခါတည်း ပြားပြားဝပ် ကျသွားတာ။

“အသံတသံပဲ မြည်တယ်၊ ၂ သံမမြည်ဘူး။ ဒိုင်းဆို၊ ခေါင်မိုးကြီးကတော့ မကွဲသွားဘူး။ အုတ်နံရံတွေ အကုန် ပြိုကျသွားတာ။ မိုင်းတွေနဲ့ဖြိုတာ ဖြစ်မှာပေါ့။ အဲဒီမှာ တခါတည်း ရင်ကွဲရတာပေါ့။ သဘောက ဘာဖြစ်သွားလဲဆိုတော့ ဒီလိုလုပ်ခဲ့တဲ့ဟာ လွတ်လပ်ရေးသမိုင်း၊ လွတ်လပ်ရေးမှာ တကယ့် အမျိုးသား ခေါင်းဆောင်ကြီးတွေ နေခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကြီးကို ဒီလိုလုပ်တာက အင်မတန် ရက်စက် ယုတ်မာ ရိုင်းစိုင်းတဲ့ လုပ်ရပ်ပဲ ဆိုပြီးတော့ အမြဲတမ်း မှတ်မိနေတယ်။”

ဒီလိုဖြစ်ရပ်တွေကို တိုင်းပြည် အုပ်ချုပ်သူတွေက သတင်းမှောင်ချဖို့ ကြိုးစားခဲ့ကြသလို ၇ ဇူလိုင်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ ဆောင်းပါးတွေလိုမျိုးကို မြန်မာ့စာနယ်ဇင်း သတင်းလောက တလျှောက်လုံးမှာ လုံး၀ ရေးခွင့်မရခဲ့ပါဘူး။ သမိုင်းတွေကို ဘယ်လိုပဲ ဖုံးကွယ်ဖို့ ကြိုးစား ကြိုးစား၊ ဘယ်လိုပဲ ဖျောက်ဖျက်ပစ်ဖို့ ကြိုးစား ကြိုးစား အစဉ်အလာ ကြီးမားခဲ့တဲ့ တကသ စိတ်ဓာတ်ဟာ ဒီနေ့အချိန်အထိ ဘယ်တော့မှ ပျောက်မသွားဘူးလို့ သတင်းစာ ဆရာဟောင်း ဦးသာဘန်းက ဆိုပါတယ်။

“၇ ဇူလိုင်ကို ဘယ်တုန်းကမှ ဖော်ပြလို့ မရခဲ့တာ၊ အခုလည်း မရပါဘူး။ ဦးနေဝင်း အာဏာသိမ်းတဲ့ အချိန်က စပြီးတော့ ကနေ့အထိပဲ။ ဘဘက အဲဒီအချိန်မှာ သတင်းစာသမား ဖြစ်နေပြီ။ အဲဒီတော့ တကသနဲ့ ပတ်သက်လို့ရော ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြိုပျက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ရော ဘဘတို့က ပြောခွင့်လည်း မရှိတော့ဘူး။ အဲဒီတော့ ကိုအောင်ဆန်းကို မွေးခဲ့တဲ့၊ ကိုဗဟိန်းကို မွေးခဲ့တဲ့၊ ကိုအောင်ကျော်ကို မွေးခဲ့တယ်ဆိုတဲ့ အစဉ်အလာရှိတဲ့ သမဂ္ဂဟာ သူတို့ဖျက်ပေမဲ့ သမဂ္ဂစိတ်ဓာတ် ဘယ်တော့မှ မပျက်ဘူး။ ကနေ့အထိ ရှင်သန်နေတယ်။”

ဝါရင့် သတင်းစာဆရာဟောင်း ဦးသာဘန်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်တွေနောက်ပိုင်း အုပ်ချုပ်သူ အာဏာရှင်တွေဟာ ကျောင်းသူ ကျောင်းသားတွေကို ရန်သူလို သဘောထား ဆက်ဆံလာပြီး ဖိနှိပ်မှုတွေလည်း ပိုပြီး ကြီးလာတာကြောင့် တိုင်းပြည်ကနေ ပညာတတ် အများအပြား စွန့်ခွာသွားကြတာမို့ ဒီနေ့အချိန်အထိ ပညာရေး မျိုးဆက်ပြတ်မှု တိုင်းပြည်မှာ အကြီးအကျယ် ကြုံနေရတာ ဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း ဦးနိုင်းနိုင်းက သုံးသပ်ပါတယ်။

“အာဏာကို မတရား ကိုင်စွဲတဲ့ လူတွေရဲ့ ရန်ဘက်လို့ သဘောအထားခံရတော့တာပဲ။ ပညာတတ်တဲ့သူတွေကို ကောင်းကောင်းမွန်မွန် အားမပေးရင် တိုင်းပြည်မှာ ပညာတတ်သူ နည်းသွားမယ်၊ တိုင်းပြည်က ချွတ်ခြုံကျပြီပေါ့။ အခုဆိုရင် ပညာရေး ချွတ်ခြုံကျတော့ ကျန်တဲ့ အတွေးအခေါ် အယူအဆ အသိအမြင်တွေနဲ့ စိတ်ဓာတ်ရေးရာကအစ တော်တော် ချွတ်ခြုံကျသွားတယ်။ တို့ ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံခြား ကျောင်းသားတွေက စာလာသင်ရတာ အဲဒီခေတ်က။ အခုတော့ ဗမာပြည် ပညာရေးက ဒီမှာ ဘာကြီး ဘွဲ့ရရ ဘယ်နိုင်ငံမှ အသိအမှတ် မပြုတော့ဘူး။ အဲဒီကာလ လွန်ခဲ့တဲ့ ၄၉ နှစ်လောက်က စလိုက်တာ အခုထိ ခံနေရတုန်းပဲ။”

ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်း ဦးနိုင်းနိုင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပြီး ၇ ဇူလိုင်လို သွေးမြေကျခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ၁၉၈၈ မှာ နောက်တကြိမ် စစ်တပ် အာဏာသိမ်းခဲ့ပြီး တိုင်းပြည်ကို စစ်အုပ်ချုပ်မှုစနစ်နဲ့ နှစ်ပေါင်းများစွာ ဖြတ်သန်းလာရင်း ၈၈ အရေးတော်ပုံနဲ့အတူ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွေမှာ အကြမ်းဖက် ဖြိုခွင်းတာတွေကြောင့် ရဟန်းသံဃာတွေ အပါအဝင် ကျောင်းသားလူထု သွေးမြေကျခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း မြန်မာနိုင်ငံမှာ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

XS
SM
MD
LG