သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထင်ကရ ခေါင်းဆောင်တွေလွှတ်ပေးဖို့ လိုအပ်


၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့။ (AP Photo/File)
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တချို့။ (AP Photo/File)

နိုင်ငံတဝှမ်းမှာရှိတဲ့ အကျဉ်းထောင်တွေထဲက ဒီကနေ့ အကျဉ်းသားတွေ လွှတ်ပေးတဲ့အထဲ နိုင်ငံရေးပြစ်မှုတွေနဲ့ ထောင်ဒဏ် ကျခံနေရသူတချို့ လွတ်မြောက်လာတာကို ဝမ်းသာ ကြိုဆိုပေမယ့် နိုင်ငံအတွက် အဓိပ္ပါယ်ပြည့်ဝပြီး စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူးလို့ နိုင်ငံရေးသမားတွေက ဝေဖန်ကြပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရီက တင်ပြပေးထားပါတယ်။

နိုင်ငံရေးပြစ်မှုတွေနဲ့ အကျဉ်းချခံထားရသူ တချို့ ဒီကနေ့ ပြန်လွတ်လာတာကို ဝမ်းသာကြိုဆိုပေမယ့် နိုင်ငံရေးအကျဉ်းသားအားလုံး ဆက်လွှတ်ပေးဖို့ လိုတယ်လို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

"လွတ်မြောက်တဲ့လူတိုင်းကို ကြိုဆိုတယ်။ တယောက်ချင်း တယောက်ချင်းဟာ တန်ဖိုး မဖြတ်နိုင်ဘူး။ လူတယောက်ရဲ့ လွတ်လပ်မှုဆိုတာ ဘယ်လိုမှ တန်ဖိုးမဖြတ်နိုင်ဘူး။"

ဒါကတော့ ဒီကနေ့ ရန်ကုန် တော်ဝင်နှင်းဆီ ခန်းမမှာကျင်းပတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများကို စုပေါင်း ကန်တော့တဲ့ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေး အကျဉ်းသားတချို့ လွတ်မြောက်လာတဲ့အပေါ် မှတ်ချက်ပေးပြောခဲ့တဲ့ အသံဖြစ်ပါတယ်။

ဒီကနေ့ နိူင်ငံတော်က ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ အဓိပ္ပါယ်ပြည့်ဝတဲ့ အများပြည်သူ တကယ် တောင်းဆိုနေတဲ့ လွတ်ငြိမ်းချမ်းသာခွင့်မျိူး မဟုတ်ဘူးလို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီ အဖွဲ့က အတွင်းရေးမှူး ဦးအေးသာအောင်က ပြောပါတယ်။

"တကယ်တော့ တပြိုင်ထဲ၊ တရက်ထဲ လွတ်စေချင်တဲ့ သဘောရှိပါတယ်။ ဒီကနေ့ သမ္မတ ဦးသိန်းစိန်အစိုးရ ရဲ့ ပြောကြားချက်တွေ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်တို့ရဲ့ တွေ့ဆုံ ဆွေးနွေးချက် အပေါ်မှာ ကောင်းတဲ့ အသွင်အပြင် လက္ခဏာတွေကို ကျနော်တို့ မြင်ရတယ်လို့ ဆိုတဲ့နေရာမှာ အဓိက ကျနော်တို့ မြင်ချင်တာကတော့ နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ဖို့ လိုလားပါတယ်။"

ဒါကတော့ CRPP အဖွဲ့ ဦးအေးသာအောင်ပါရှင်။ ဒီကနေ့ လွတ်လာတဲ့သူတွေစာရင်းထဲမှာ ၈၈ မျိူးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ မပါပါဘူး။

အထူးသဖြင့် ဒီကနေ့လွတ်လာတဲ့အထဲမှာ အရေအတွက်အားဖြင့် အလွန်နည်းလှတဲ့ နိုင်ငံရေးအကျဉ်းသား ဦးရေ စာရင်းကြောင့် အမျိူးသား ရင်ကြားစေ့ရေးဆိုတာအတွက် အလှမ်းဝေးနေဆဲလို့ ဝါရင့် သတင်းစာ ဆရာကြီး လူထုစိန်ဝင်းက မှတ်ချက် ပေးပါတယ်။

"ဒီကနေ့ လွတ်လာတဲ့လူတွေကို ကြည့်ချင်းအားဖြင့်တော့ အားရစရာ မရှိဘူး။ အားရစရာ မရှိယုံတင်မကဘူး၊ စိတ်ပျက်စရာကောင်းတယ်။ နံပတ်တစ် အရေးကြီးဆုံးကတော့ ၈၈ မျိုးဆက် လူငယ်တွေဖြစ်တယ်။ သူတို့ ဟာ ဗမာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်ကလွဲရင် ပြည်သူတရပ်လုံး အပေါ်မှာ စည်းရုံးနိုင်စွမ်း ကြီးမားတဲ့ တဦးတည်းသော အဖွဲ့အစည်းဖြစ်တယ်။ ဒါကြောင့်မို့ ဒီ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ၈၈ မျိုးဆက်လူငယ်တွေ မပါရင် ဖြစ်ကို မဖြစ်ဘူး။

"နောက်တခုက ခွန်ထွန်းဦး အပါအဝင် တခြား တိုင်းရင်းသားခေါင်းဆောင်တွေ သူတို့လည်းပဲ တိုင်းရင်းသားတွေနဲ့ ရင်ကြားမစေ့ဘဲနဲ့ တမျိုးသားလုံး ရင်ကြားစေ့တယ်ဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့လို့ ခွန်ထွန်းဦးတို့လို တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ မင်းကိုနိုင်တို့လို ပုဂ္ဂိုလ်တွေ မပါဘဲနဲ့ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်ငြိမ်းခွင့်ပေးတယ်လို့ ဘယ်လိုမှ မသတ်မှတ်ပါဘူး။"

ဝါရင့်သတင်းစာ ဆရာကြီး လူထုဦးစိန်ဝင်းပါရှင်။

ဒီအတွက် အကျဉ်းထောင်တွေတွင်းက နိုင်ငံရေးအကျဉ်းသားတွေအားလုံး မလွတ်မြောက်မချင်း ဆက်လက် တောင်းဆိုသွားမယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာအဖွဲ့က ဦးသုဝေကပြောပါတယ်။

"ကျနော်တို့ ဖြစ်စေချင်တာကတော့ အားလုံး လွတ်စေချင်တယ်။ ကျနော်တို့ ကြားတဲ့သတင်းကတော့ လွှတ်မှာက အဆင့် သုံးဆင့်ထားပြီးတော့ လွှတ်မယ်လို့ ကြားနေတယ်။ အဲဒါကြောင့်မို့လို့ ဒီလို အဆင့် သုံးဆင့်ထားပြီးတော့ လွှတ်မှာလား၊ တခါထဲ ဆက်မလွှတ်သေးဘူးလား။ အဲဒါတော့ မသိဘူးလေ။ ဘာပဲ ပြောပြော ကျနော်တို့ကတော့ အားလုံး လွတ်အောင်တော့ မလွတ်သေးဘူးဆိုရင် ဆက်ပြီးတော့မှ ကျနော်တို့က အဆိုပြုနေရမှာပဲ၊ တောင်းဆိုနေရမှာပဲပေါ့။"

အကျဉ်းသား ၆,၀၀၀ ကျော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ (ခ) ပါ ပြဌာန်းချက်နှင့်အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးမယ်လို့ မနေ့က အစိုးရက ကြေငြာခဲ့အပြီး ဒီကနေ့ အကျဉ်းသားတွေကို နိုင်ငံတဝန်းက အကျဉ်းထောင်တွေအတွင်းကနေ စပြီးတော့ လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG