သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၈၈ ကျောင်းသားအဖွဲ့ ပါတီထောင်ဖို့ မစဉ်းစားသေး


၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရှင်းလင်းပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၁၊ ၂၀၁၂)
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ရှင်းလင်းပြောကြားနေစဉ်။ (ဇန်နဝါရီလ ၂၁၊ ၂၀၁၂)

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့အနေနဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ်နဲ့ ဖွဲ့စည်းဖို့ စဉ်းစားချက်မရှိသေးဘဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဝန်းရံ ထောက်ခံသွားမယ်လို့ ဒီကနေ့ အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ လက်ရှိ မြန်မာနိုင်ငံရေးဟာ ပြောင်းလဲရေး လမ်းစပေါ်ကို ရောက်နေပေမဲ့ လုံးလုံးကြီး ပြောင်းလဲတဲ့ အခြေအနေတော့ မဖြစ်သေးဘူးလို့ ပြောပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက ဆက်သွယ်မေးမြန်း ထားပါတယ်။

ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ဘာတွေများ ရှင်းလင်းခဲ့ပါသလဲရှင့်။ -

“အဓိက ကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်မှု ဖြစ်စဉ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေထဲမှာ ကျနော်တို့ ပူးပေါင်း ပါဝင် ဆောင်ရွက်သွားမယ်။ အခုလက်ရှိ ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရေးတွေကတဆင့် ပိုမိုကျယ်ပြန့်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဖြစ်ပေါ်လာဖို့အတွက် ကျနော်တို့အားလုံး ပူးပေါင်း ဆောင်ရွက်သွားမယ်။”

၈၈ မျိုးဆက်တွေအနေနဲ့ လက်ရှိပါတီထောင်တာတွေ လုပ်မလားရှင့်။ -

“၈၈ မျိုးဆက် ကျောင်းသားအနေနဲ့ကတော့ ကျနော်တို့က နယ်ပယ်အသီးသီးမှာ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ ရောက်ရှိနေကြပြီလေ။ အဲဒီတော့ ရှေ့လာမယ့် နိုင်ငံရေးဖြစ်စဉ်ကြီးမှာ ကျနော်တို့က နယ်ပယ်အသီးသီးထဲကို ဖြန့်ပြီး ဝင်ရောက် သွားမှာပေါ့နော်။ ပါတီထောင်မယ် ဆိုတာကတော့ လောလောဆယ် ကျနော်တို့ အဆင်သင့်မဖြစ်သေးဘူး။”

ရွေးကောက်ပွဲဝင်ဖို့ရော သဘောထားရှိပါသလား။ တစ်ဦးချင်းအနေနဲ့ပေါ့။ -

“ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားများအနေနဲ့တော့ လောလောဆယ် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ဖို့မရှိသေးပါဘူး။”

၈၈ မျိုးဆက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် အကျဉ်းကျနေချိန်မှာ မြန်မာအစိုးရက ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ အဲဒီအချိန်မှာ ရွေးကောက်ပွဲဟာ သမာသမတ်မကျဘူး။ မဲမသမာမှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ခဲ့တယ်။ တချိန်တည်းမှာပဲ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ဘာမှ ဖြေရှင်းချက် တစုံတရာ မပေးဘူးပေါ့နော်။ ဒီအပေါ်မှာရော ၈၈ မျိုးဆက် ကျောင်းသားတွေက ဘယ်လိုမြင်ပါသလဲရှင့်။ -

“ကျနော်တို့က နဂိုကတည်းကဗျာ ၁၉၉၀ ရွေးကောက်ပွဲရလဒ် အပေါ်မှာ ဝန်းရံခဲ့တာ။ အဲဒီရဲ့နောက်မှာ ကျနော်တို့ လိုက်ခဲ့တာပေါ့နော်။ အဲဒီတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်က ဆုံးဖြတ်လိုက်တဲ့ ဘာဆုံးဖြတ်ချက်ကိုပဲဖြစ်ဖြစ် ကျနော်တို့က လက်ခံသွားရမှာပဲ။”

၈၈ မျိုးဆက်တွေအနေနဲ့ နိုင်ငံရေး ဆက်လုပ်ဖို့ အစီအစဉ်ရှိပါသလား။ နိုင်ငံရေးလုပ်မယ်ဆိုရင် ဘယ်လိုပုံစံမျိုးတွေ လုပ်မလဲရှင့်။ -

“ကျနော်တို့က နဂိုကတည်းက ကျနော်တို့တိုင်းပြည်အတွက် နိုင်ငံရေးလုပ်လာတဲ့ သူတွေပဲလေ။ ဒီအတွက်ပဲ ကျနော်တို့ ဆက်လုပ်သွားမှာပါ။ နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ပြောရမယ်ဆိုရင် လွှတ်တော်တွင်း နိုင်ငံရေးရှိသလို လွှတ်တော်ပြင်ပ နိုင်ငံရေးလည်း ရှိပါတယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးဆိုတဲ့ ဥပဒေပြင်ပ နိုင်ငံရေး မဟုတ်ပါဘူး။ ကျနော်တို့အနေနဲ့ နယ်ပယ်အသီးသီးကို ဖြန့်ကျက်ဝင်သွားတယ် ဆိုရင်တော့ ပုံစံအမျိုးမျိုးနဲ့ နယ်ပယ်အသီးသီးမှာ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေ ရှိနေမှာပါ။”

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ထွက်လာတဲ့အချိန်မှာ ကိုမင်းကိုနိုင်က ပြောခဲ့တယ်။ လူထုနိုင်ငံရေးကို လုပ်မယ်လို့ ပြောခဲ့တယ်။ အခုလက်ရှိမှာ လူထုတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်ပေါ့နော်၊ အရပ်သားအစိုးရနဲ့ စစ်အစိုးရဟာ နံမည်သာ ပြောင်းသွားပေမဲ့ အုပ်ချုပ်မှုပုံစံတွေ၊ တရားဥပဒေ စိုးမိုးမှု မရှိတာတွေဟာ အရင်အတိုင်းပဲ ရှိတယ်လို့ ဝေဖန်နေကြတယ်ရှင့်။ အဲဒီတော့ ၈၈ မျိုးဆက်တွေက လူထုတွေအတွက် ဘယ်လို နိုင်ငံရေးမျိုး လုပ်မလဲရှင့်။ -

“ကျနော်တို့ နိုင်ငံရေးသမားတွေ အနေနဲ့က ကျနော်တို့မှာ ကျောထောက်နောက်ခံ အပ်တိုတစ်ချောင်းတောင် မရှိပါဘူး။ ကျနော်တို့ရဲ့ ကျောထောက်နောက်ခံက ပြည်သူလူထုပါ။ ကျနော်တို့ဟာ ပြည်သူလူထုရဲ့အကျိုးကို ဦးထိပ်ပန်ဆင်ထားတဲ့ သူတွေပါ။ အဲဒီတော့ လူထုနိုင်ငံရေးတို့၊ လမ်းပေါ်နိုင်ငံရေးတို့၊ ပို့စ်မော်ဒန် နိုင်ငံရေးတို့၊ မော်ဒန်နိုင်ငံရေးတို့ အမျိုးမျိုး ပြောနေတယ်။ ကျနော်တို့ နားလည်တာက တိုင်းပြည် ကောင်းစားအောင်လုပ်တဲ့ နိုင်ငံရေးတစ်နည်းကိုပဲ ကျနော်တို့ နားလည်ပါတယ်။”

နိုင်ငံရေးလုပ်မယ်ဆိုရင်၊ လွတ်လွတ်လပ်လပ် လုပ်ခွင့်များ မရခဲ့ဘူးဆိုရင် ဘယ်လိုလုပ်မလဲရှင့်။ -

“ခုချိန်ခါမှာ ကျနော်တို့ အမြင် ပြောမယ်ဆိုရင် မြန်မာနိုင်ငံအနေနဲ့က အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ လမ်းစပေါ်လေးပဲ လျှောက်ခါစအချိန်လို့ ကျနော်တို့ သုံးသပ်မိတယ်လေ။ အစိုးရတစ်ခုဟာ character တစ်ခုကနေ နောက် character တစ်ခုကို ပြောင်းဖို့ဆိုတာ လွယ်လွယ် ပြောင်းလို့မရဘူး။ ကျနော်တို့ ဘက်ကလည်း ဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းရပ်တွေနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့က ချက်ချင်းလက်ငင်းကြီး U-turn ချိုးပစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ အဲဒီတော့ ကျနော်တို့က နှစ်ဘက်၊ တစ်ဘက်နဲ့တစ်ဘက်ပေါ့ဗျာ သံသယတွေ ကင်းကင်းရှင်းရှင်းနဲ့ ရှေ့ဆက်လျှောက်သွားဖို့ပဲ ရှိပါတယ်။”

၈၈ မျိုးဆက် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော် လွတ်လာတဲ့အခါမှာ မြန်မာပြည်ရဲ့ စနစ်ကြီးတစ်ခုလုံးဟာ လုံး၀ အပြောင်းအလဲကြီး ပြောင်းလဲသွားပြီလို့ ၈၈ မျိုးဆက်တွေက ယူဆပါသလား။ -

“ဟာ…မယူဆသေးပါဘူးခင်ဗျာ။ ဒါ ပြုပြင်ပြောင်းလဲရေး လမ်းစပေါ့ဗျာ ရောက်ခါစပဲ ရှိပါသေးတယ်လို့ ယူဆပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်တစ်ခု ပြောင်းလဲသွားပြီလို့ ပြောရအောင် ကျနော်တို့ လက်ရှိ တိုင်းရင်းသားဒေသတွေမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးတွေဟာ ငြိမ်းနိုင်ခြင်းမရှိသေးပါဘူး။ ဒီပြည်တွင်းစစ် မီးတွေ ငြိမ်းနိုင်ဖို့လိုပါတယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး လိုပါတယ်။ အဲဒီ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တာ ဘယ် အတိုင်းအတာထိ ရောက်ပြီလဲ။ အလားတူပဲ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးသမားတွေ အတွက်ရော ဘယ်လောက်ထိ ဒီမိုကရေစီရေး ပွင့်လင်းလွတ်လပ်မှုတွေ ရှိမလဲ။ ပြည်ပမှာရောက်နေတဲ့ ညီအစ်ကိုမောင်နှမတွေကို ပြန်လာနိုင်အောင် ဘယ်လိုဥပဒေတွေ ပြဌာန်းပေးပြီးပြီလဲ။ ဒီလိုအချက်တွေ အပေါ်မှာ ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ။ အခုလို အခြေအနေမှာ မြန်မာပြည်ဟာ ရုတ်ခြည်းပြောင်းလဲသွားပြီလို့ ကျနော် လုံး၀ မယူဆပါဘူး။”

မြန်မာပြည်က ပြည်သူလူထုကြီးကို ဘာ ပြောချင်ပါသလဲရှင့်။ -

“အဓိက ပြောချင်တာက မြန်မာပြည်သူပြည်သားတွေကို ဘာမှမစိုးရိမ်ပါနဲ့။ ကျနော်တို့ မြန်မာပြည်သူ ပြည်သားတွေအတွက် ဒီမိုကရေစီကို ၈၈ မျိုးဆက်ကျောင်းသားများ ရအောင်လုပ်နေပါတယ် ဆိုတဲ့ အဲဒီအချက်ကလေးတစ်ခုကိုပဲ ပေးချင်ပါတယ်ခင်ဗျာ။”

အဲဒီတော့ ဒီမိုကရေစီဟာ အခုမရသေးဘူး ဆိုတဲ့သဘောလားရှင့်။ -

“ဟုတ်ပါတယ်ခင်ဗျာ။ လမ်းစပေါ်ပဲ ရောက်ပါသေးတယ်။ လုံးလုံးလျားလျား ရပြီလို့မယူဆပါဘူးဗျာ။”

ကျေးဇူးအများကြီးတင်ပါတယ် ကိုမြအေးရှင်။

XS
SM
MD
LG