သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်အရေး အာဆီယံ ကြားဝင်ညှိနှိုင်းပေးဖို့ AIPMC တောင်းဆို

중국 쿤밍에서 16일 정유공장 건설에 반대하는 내용의 플랜카드를 들고 시위에 참여한 시민들.
중국 쿤밍에서 16일 정유공장 건설에 반대하는 내용의 플랜카드를 들고 시위에 참여한 시민들.

မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ကချင်လွတ်မြောက်ရေးတပ် (KIA) ကို အပြင်းအထန် ထိုးစစ်ဆင်နေတဲ့ အစိုးရတပ်တွေ အနေနဲ့ ချက်ချင်း ရပ်တန့်ဖို့၊ စစ်ပြေးဒုက္ခသည်တွေ အနေနဲ့ နိုင်ငံတကာ အကူအညီ ရရှိဖို့တွေကို အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) အသင်းကြီးက ကြားဝင် ညှိနှိုင်း ဆွေးနွေး ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က တောင်းဆိုလိုက်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မမိုးဖြူက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံအရေးနဲ့ ဆိုင်တဲ့ အာဆီယံ လွှတ်တော်အမတ်များ အဖွဲ့က ဒီနေ့ထုတ်လိုက်တဲ့ ကြေညာချက်ကို လက်တွေ့ အကောင်အထည်ဖော်တဲ့ နေရာမှာ ပြည်တွင်းရေး ဝင်မစွက်ဖက်ဖို့ (Non Interference) မူဝါဒရှိတဲ့ အာဆီယံအဖွဲ့ အနေနဲ့ ဘယ်လို ထိရောက်အောင် လုပ်ဆောင်နိုင်မယ် ထင်သလဲဆိုတဲ့ အမေးကိုတော့ AIPMC အဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး အဂွန်း ပူထရီ အက်စ်ထရစ်ဒ် (Agung Putri Astrid) က အခုလို စပြီး ဖြေပါတယ်။

“ဒီကိစ္စက အရေးပေါ်လုပ်ရမယ့် ကိစ္စပါ။ စစ်ပွဲတွေရပ်ဖို့နဲ့ ဒုက္ခသည်တွေကို ကူညီဖို့ ချက်ချင်း အရေးယူ ဆောင်ရွက်ဖို့ လိုပါတယ်။ အာဆီယံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဖို့ မူကို ပြန်စဉ်းစား ပြင်ဆင်ရမှာပါ။”

ဒေသတွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရေး မူဝါဒဟာ လုံလောက်တဲ့ ဆင်ခြေ မဟုတ်တော့ပါဘူးလို့လည်း မစ်စ် အက်စ်ထရစ်ဒ်က ဆက်ပြီး အခုလို ပြောပါတယ်။

“ကျမတို့ ဒီမူပေါ်မှာ တွယ်ကပ်နေလို့ မရတော့ပါဘူး။ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ တည်ထွင် ဆောင်ရွက်ရပါမယ်။ ဥပမာ မြန်မာနိုင်ငံမှာ ဆိုင်ကလုန်း နာဂစ်နဲ့ သဘာ၀ ဘေးအန္တရာယ်တွေ ကြုံရတော့ အာဆီယံ ဝင်ပြီး ညှိနှိုင်း ကူညီခဲ့သလိုပေါ့။”

တရုတ်နိုင်ငံဘက်က စစ်ပြေးဒုက္ခသည် အားလုံးကို လက်ခံပေးဖို့နဲ့ UNHCR ကုလသမဂ္ဂ ဒုက္ခသည် အကူအညီပေးရေး အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့တွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေကို အကူအညီ ပေးခွင့်ရဖို့ကိုလည်း အာဆီယံဘက်က ရှေ့တိုးလုပ်ဆောင်လို့ ရမယ်လို့ ယုံကြည်ကြောင်း သူက တဆက်တည်း ပြောဆိုပါတယ်။

“နယ်ခြားကိစ္စ အပါအဝင် ကိစ္စ တော်တော်များများမှာ တရုတ်နိုင်ငံနဲ့ အာဆီယံဟာ မဟာဗျူဟာကျတဲ့ သံတမန် ဆက်သွယ်ရေးတွေ တည်ဆောက် အောင်မြင်ထားပြီးသားမို့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်နိုင်ငံက လက်ခံပြီး လူသားချင်း စာနာမှုဆိုင်ရာ နိုင်ငံတကာ အကူအညီတွေ ရနိုင်ဖို့ ညှိနှိုင်း ပြောဆိုနိုင်မှာပါ။”

၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရေးအတွက် ဒေသတွင်း ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့ မြန်မာအစိုးရသစ်က လုပ်နိုင်ကြောင်း သက်သေပြဖို့ ဒီကိစ္စဟာ အခွင့်အလမ်းကောင်းတခု ဖြစ်တယ်လို့ AIPMC အဖွဲ့ရဲ့ အမြင်ကို မစ်စ် အက်စ်ထရစ်ဒ်က အခုလို ပြောဆိုပါတယ်။

“မြန်မာအစိုးရ အနေနဲ့ ကချင်ပြည်နယ်ထဲက စစ်ပွဲတွေ ချက်ချင်းရပ်ဖို့ လိုပါမယ်။ မြန်မာအစိုးရသစ်က လိုလားသလို ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချင်တယ် ဆိုရင်ပေါ့။ ကျမတို့ အနေနဲ့ အာဆီယံ အဖွဲ့ဝင်တွေ အရှေ့တောင်အာရှ ဒေသထဲမှာ ငြိမ်းချမ်းရေး တည်ဆောက်တာကို မြင်လိုပါတယ်။ ပြဿနာတွေကို စစ်ရေးအရ ဖြေရှင်းတာမျိုးကို လက်မခံနိုင်ပါဘူး။”

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) အနေနဲ့ ကချင်ပြည်နယ်ထဲက လတ်တလော ဖြစ်နေတဲ့ စစ်ပွဲတွေကို ချက်ချင်း ရပ်တန့်ပြီး မြန်မာအစိုးရသစ်နဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) အပါအဝင် သက်ဆိုင်တဲ့ အဖွဲ့တွေ အားလုံး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ချက်ချင်း စတင် ဆောင်ရွက်ဖို့နဲ့ အာဆီယံနဲ့ နိုင်ငံတကာ အဖွဲ့တွေက ဒီကိစ္စမှာ ဝင်ရောက်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။

This item is part of
XS
SM
MD
LG