သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး တိုးတက်ရေး ထိုင်းနဲ့ သြစတြေးလျ တိုက်တွန်း


မြန်မာ့လူ့အခွင့်အရေး တိုးတက်ရေး ထိုင်းနဲ့ သြစတြေးလျ တိုက်တွန်း
မြန်မာ့လူ့အခွင့်အရေး တိုးတက်ရေး ထိုင်းနဲ့ သြစတြေးလျ တိုက်တွန်း

၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မယူခင်မှာ မြန်မာနိုင်ငံ အနေနဲ့ လူ့အခွင့်အရေး အခြေအနေ တိုးတက်အောင် အရင်ဆုံး လုပ်သင့်တဲ့အကြောင်း သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့က ဖိအားပေး ပြောဆိုလိုက်ပါတယ်။ တကယ်လို့ မြန်မာနိုင်ငံဘက်က ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပျက်ကွက်မယ်ဆိုရင် အာဆီယံအဖွဲ့ အနေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ ထောက်ခံ အားပေးမှုတွေကြားမှာ အာဆီယံရဲ့ မိတ်ဘက်နိုင်ငံတွေက ကန့်ကွက် သပိတ်မှောက်တာတွေ ကြုံလာရနိုင်တာကို ဘန်ကောက်ကနေ ဗွီအိုအေ သတင်းထောက် ရွန် ကော်ဘန် (Ron Corben) သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို မမိုးဖြူက တင်ပြပေးထားပါတယ်။

ဒီလအစောပိုင်းက လာအိုနိုင်ငံက၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူဖို့ အလှည့်ကို မြန်မာနိုင်ငံကို လွှဲပေးဖို့ သဘောတူခဲ့ပါတယ်။ ဒီတော့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် မယူခင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးတာ အပါအဝင် နိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေကို အရင် တိုးတက်အောင် လုပ်သင့်တယ်လို့ ထိုင်းနဲ့ သြစတြေးလျ နိုင်ငံတွေက မြန်မာနိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ကဆစ် ပီရွမ်း (Kasit Piromya) တို့ရဲ့ သီတင်းပတ်ကုန် ဆွေးနွေးပွဲတွေထဲမှာ အခုလို တောင်းဆိုချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်တုန်းက မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ဖောက်ဖျက်တဲ့ မှတ်တမ်းတွေကြောင့် နိုင်ငံတကာက ဝိုင်းပေးတဲ့ ဖိအားကြား အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူခွင့်ကို လက်လျှော့ စွန့်လွှတ်ခဲ့ပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်က လွှတ်ပြီးတဲ့နောက် မနှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်ဖွဲ့တာတွေ လုပ်ခဲ့တဲ့ မြန်မာအစိုးရအဖို့ အခုချိန်ဟာ တကယ့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အချိန်တန်နေပြီလို့ ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး အဖွဲ့တွေ ထောက်ပြတာက မြန်မာနိုင်ငံမှာ ပေါ်လာတဲ့ လွှတ်တော်က အရင် စစ်အစိုးရ လွှမ်းမိုးတဲ့ ပါတီရဲ့ လက်ထဲမှာရှိပြီး နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကလည်း အကျဉ်းထောင်တွေထဲမှာ ဆက်အဖမ်းခံထားရတယ်၊ တိုင်းရင်းသားတွေနဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါသေးတယ်လို့ ထောက်ပြကြပါတယ်။

၂၀၁၄ ခုနှစ် မြန်မာနိုင်ငံကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ ဆိုတဲ့ကိစ္စက အာဆီယံထဲမှာ ပွင့်ပွင့်လင်းလင်း သဘောမတူတဲ့ ကိစ္စတွေ ဖြစ်လာစေပါတယ်။ အာဆီယံ ဥက္ကဋ္ဌ မလုပ်ခင် မြန်မာနိုင်ငံ အနေနဲ့ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုရှိအောင် အရင်လုပ်သင့်တယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ရပ်ဒ်က အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက်မှုတွေကို ကျနော်တို့ တွေ့ချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ ကိစ္စကို ကျနော်တို့ ကြိုဆိုခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို ဆက်ပြီး ဖမ်းထားတာကိုတော့ ကျနော်တို့ အလေးအနက် စိုးရိမ် ပူပန်ကြပါတယ်။”

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကြားက စစ်ပွဲတွေကြောင့် ထိုင်းနိုင်ငံ အနောက်ပိုင်း ဒုက္ခသည် စခန်းတွေမှာ နေရတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေနဲ့ အိုးအိမ်စွန့် ထွက်ပြေးရသူတွေရဲ့ ပြဿနာတွေကိုလည်း မစ္စတာရပ်ဒ်က ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ အသင့်ဖြစ်မဖြစ် သုံးသပ် အကဲဖြတ်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မာတီ နာတာလီဂါဝါ (Marty Natelagawa) မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

အာဆီယံ သဘောတူညီချက်အရ ရွေးကောက်ပွဲ ပြီးကတည်းက လူ့အခွင့်အရေး တိုးတက်အောင်လုပ်ဖို့ မြန်မာနိုင်ငံရဲ့ တာဝန်ကို အကဲဖြတ်ဖို့လိုတယ်၊ ဒါ့အပြင် နောက်ထပ် ကိစ္စ ၃ ခုလည်း ကျန်သေးတယ်လို့ မစ္စတာ ကဆစ်က ပြောပါတယ်။

သူ အခုပြောခဲ့တဲ့ ကိစ္စ ၃ ခုက နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရေး၊ လွတ်လပ်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ် ပေါ်ပေါက်ရေးနဲ့ အစိုးရသစ်က ဒီမိုကရေစီ အင်အားစုတွေ အားလုံးကိုယ်စား ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေး ကိစ္စတွေ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ သြစတြေးလျနဲ့ ထိုင်းနိုင်ငံတို့ရဲ့ အခုလို တောင်းဆိုချက်ကို လူ့အခွင့်အရေး အဖွဲ့တွေကလည်း ကြိုဆိုကြပါတယ်။

မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ALT ASEAN အဖွဲ့က ပြောရေးဆိုခွင့်ရ ဒက်ဘီ စတော့ဟာ့ဒ် (Debbie Stothard) ကတော့ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေ မရပ်သေးသရွေ့၊ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်မပေးသေးသရွေ့ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌတာဝန် မယူသင့်သေးပါဘူးလို့ ဝေဖန်ပြောဆိုပါတယ်။ စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဘဲ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရင် အမေရိကန်၊ ဂျပန်၊ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျတို့ပါတဲ့ အာဆီယံ ဆွေးနွေးဘက် နိုင်ငံတွေက ကန့်ကွက်ကြလိမ့်မယ်လို့လည်း သူမက မှတ်ချက်ချလိုက်ပါတယ်။

XS
SM
MD
LG