အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုတွေလုပ်တဲ့အခါ တရုတ်ယွမ်ငွေကို တည်ငြိမ်ခိုင်မာတဲ့ ငွေကြေးအဖြစ်ထားပြီး လုပ်ကိုင်ဖို့ သဘောတူညီချက်တစ်ခု ရလာအောင် လုပ်ဆောင်နေတယ်လို့ တရုတ်ဘက်က အတည်ပြုပြောဆိုပါတယ်။
ဒီလုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေပြီလို့ ဗဟိုဘဏ်အရာရှိတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။ တရုတ်နိုင်ငံ နန်နင်းမြို့မှာကျင်းပတဲ့ အာဆီယံနဲ့ တရုတ်အစည်းအဝေးရဲ့ ဘေးထွက်ဆွေးနွေးပွဲတစ်ခုမှာ တရုတ်ပြည်သူ့ဘဏ်ရဲ့ လက်ထောက် အုပ်ချုပ်ရေးမှူး Jin Qi က အခုလိုပြောခဲ့တာပါ။
အခုရလာမယ့် သဘောတူညီချက်ကို ဒီနှစ်ကုန်ပိုင်း ဒါမှမဟုတ် နောက်နှစ်ဆန်းပိုင်းမှာ လက်မှတ်ရေးထိုး ကြလိမ့်မယ်လို့လည်း ကြာသပတေးနေ့က သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ သဘောတူညီချက်အရ တရုတ်နဲ့ အာဆီယံနိုင်ငံတွေမှာရှိကြတဲ့ ဘဏ်တွေကနေ ယွမ်ငွေကို အာဆီယံငွေကြေးအဖြစ် လဲလှယ်ပေးကြပါလိမ့်မယ်။ ကမ္ဘာ့ငွေကြေး လဲလှယ်မှုမှာ အဓိကအခြေခံတဲ့ အမေရိကန်ဒေါ်လာရဲ့ ခိုင်မာမှုကို စီးပွားရေး ဒုတိယအင်အား အကောင်းဆုံး တရုတ်ပြည်က ယွမ်ငွေနဲ့ ယှဉ်လာတဲ့သဘောဖြစ်ပါတယ်။