တောင်တရုတ် ပင်လယ်ထဲက အငြင်းပွားနေတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ လုပ်ငန်းစဉ်အတွက် လမ်းညွှန်ချက်တခု ပေါ်လာတဲ့အထိ ဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပြီလို့ အာဆီယံ အဖွဲ့ကြီးနဲ့ တရုတ်အာဏာပိုင်တွေက ပြောဆိုလိုက်ကြပါတယ်။
ဗုဒ္ဓဟူးနေ့က သဘောတူညီချက် ရခဲ့ကြပြီး ကြာသပတေးနေ့မှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ၀န်ကြီးတွေဆီ အတည်ပြုချက်ရဖို့ တင်ပြကြမယ်လို့ ဆိုပါတယ်။
နိုင်ငံခြားရေး ၀န်ကြီးတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အပန်းဖြေဒေသဖြစ်တဲ့ ဘာလီကျွန်းမှာ အာဆီယံ နှစ်ပတ်လည် ညီလာခံ တက်ရောက်နေကြတာ ဖြစ်ပါတယ်။
ဒီလမ်းညွှန်ချက်က ၂၀၀၂ ခုနှစ်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတဲ့ လုပ်ထုံးလုပ်နည်းတွေကို သက်ဆိုင်ရာ နိုင်ငံတွေက ဘယ်လို အကောင်အထည် ဖော်ရမယ် ဆိုတာကို အသေးစိတ် ရှင်းလင်း တင်ပြနိုင်လိမ့်မယ်လို့ အစိုးရ အာဏာပိုင်တွေက ပြောဆိုကြပါတယ်။
တောင်တရုတ်ပင်လယ် ပြဿနာကို ဖြေရှင်းဖို့ လမ်းညွှန်ချက်အတွက် နောက်ဆုံး သဘောတူညီချက် ရနိုင်ဖို့ ဒီ ကနဦး သဘောတူညီချက်က ကူညီလိမ့်မယ်လို့ ဗီယက်နမ် စေ့စပ် ညှိနှိုင်းရေးမှူး ဖမ်ကွမ်ဗင်း (Pham Quang Vinh) က ပြောဆိုပါတယ်။
မဟာဗျူဟာကျတဲ့ နယ်မြေ ဖြစ်ရုံမက ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်မှာ အငြင်းပွားကြတဲ့ နိုင်ငံတွေအကြား တင်းမာမှု ဖြစ်ပေါ်စေတဲ့ အကြောင်းရင်းတွေကို ဖြေရှင်းဖို့ မလွယ်ကြောင်း ဒီလမ်းညွှန်ချက်နဲ့ ပတ်သက်ပြီး သံတမန်တချို့ရဲ့ သဘောထားကိုလည်း သတင်းတွေက ဖော်ပြကြပါတယ်။