သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ်အရေး ဆွေးနွေးမှု အရှိန်မြင့်ဖို့ အာဆီယံ ကြိုးစား


မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီးစည်းဝေးကျင်းပစဉ်။
မြန်မာနိုင်ငံမှာ အာဆီယံ ထိပ်သီးစည်းဝေးကျင်းပစဉ်။

မလေးရှားနိုင်ငံမှာ ၂ ရက်ကြာ ကျင်းပမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲကို တက်ဖို့ အာဆီယံနိုင်ငံတွေက ခေါင်းဆောင်တွေ ကွာလာလမ်ပူမြို့ကို တနင်္ဂနေ့က စတင် ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ စတင်မယ့် ထိပ်သီး စည်းဝေးပွဲမှာ ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲ - မြန်မာနိုင်ငံက ဒုက္ခသည်တွေအရေး၊ IS အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လုံခြုံရေးဆိုင်ရာ အန္တရာယ်၊ တောင်တရုတ်ပင်လယ်ပြင်အတွင်း တရုတ်နိုင်ငံက နယ်မြေ သိမ်းပိုက်မှုတွေ လုပ်ဆောင်နေတဲ့ကိစ္စနဲ့ တောင်တရုတ်ပင်လယ်ပြင်အတွင်း လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေ သဘောတူညီချက် ရရှိရေးအတွက် တရုတ်အစိုးရနဲ့ အရှိန်မြင့် ဆောင်ရွက်ရေးကိစ္စတွေလည်း ပါဝင်ပါတယ်။

အာဆီယံ စီးပွားရေး အသိုက်အဝန်းအပါအဝင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းရပ်တွေကို ၂၀၁၅ အကုန်မှာ အပြီးသတ်မှာဖြစ်တယ်လို့ အာဆီယံ တာဝန်ရှိသူတွေက ပြောပါတယ်။

ဗွီအိုအေ ကမ္ဘောဒီးယားဌာနက လက်ခံရရှိခဲ့တဲ့ လျှို့ဝှက် အထောက်အထားတွေအရလည်း တောင်တရုတ်ပင်လယ်ပြင်အတွင်း လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို အမြန်ဆုံး အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေးအတွက် ဒီ ထိပ်သီးစည်းဝေးပွဲမှာ တောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံနဲ့ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပေါ်ပြီး အချင်းချင်း သွေးကွဲစေမယ့် လုပ်ရပ်မျိုးကို အတတ်နိုင်ဆုံး ရှောင်ရှားသွားမှာဖြစ်တယ်လို့ ထိပ်သီးစည်းဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Anifah Aman က တနင်္ဂနွေနေ့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

ဒီအတောအတွင်း တောင်တရုတ်ပင်လယ်ပြင်ကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ အာဆီယံအကြား သံတမန်ရေးအရ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေတယ်ဆိုတာကို အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh က ပြောပါတယ်။

“တွေ့ဆုံ ဆွေးနွေးမှုတွေမှာ အာဆီယံအနေနဲ့ တရုတ်နိုင်ငံနဲ့ တက်တက်ကြွကြွ ဆွေးနွေးနိုင်ပေမယ့် သံတမန်ရေးအရ ဆွေးနွေးမှုတွေနဲ့ ပင်လယ်ပြင်အတွင်း တကယ့် လက်တွေ့ ဖြစ်ပျက်နေတာတွေမှာ ကွာဟာမှုတွေက ကြီးထွားလာနေပါတယ်တဲ့၊ ဒါကြောင့်လည်း အာဆီယံနဲ့ တရုတ်နိုင်ငံတို့အနေနဲ့ ပိုပြီး အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ဆောင်ပြီး အစောပိုင်းက တရုတ်ဖက်က တရားဝင် ကတိပေးထားတဲ့အတိုင်းလိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းတွေကို အကောင်အထည်ဖော်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ် Le Luong Minh က ပြောသွားတာပါ။”

တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ ဘရူနိုင်း နိုင်ငံတို့က တောင်တရုတ်ပင်လယ်ပြင်အတွင်းက ကျွန်းစုတွေကို ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် အငြင်းပွားနေကြတာ ဖြစ်ပါတယ်။

ရေကြောင်းပို့ဆောင်ရေးမှာ အရေးပါတဲ့ လမ်းကြောင်းအပါအဝင်၊ ငါးဖမ်းလုပ်ငန်း လုပ်နိုင်တဲ့ ရေပိုင်နက်၊ ရေနံနဲ့ သဘာဝဓါတ်ငွေ့ စတဲ့ တွင်းထွက် သယံဇာတတွေ အများအပြား ရှိတယ်လို့ ယုံကြည်ထားကြတဲ့ တောင်တရုတ်ပင်လယ်ပြင်ကြီး တခုလုံးနီးပါးကို တရုတ်နိုင်ငံက သူတို့ပိုင်ဆိုင်ကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။

အဆီယံအတွက် အရေးအပါဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံ အမျက်ထွက်သွားမယ့်အရေးက ရှောင်ရှားနိုင်ဖို့ အာဆီယံအဖွဲ့က ဒီပြဿနာမှာ သတိထား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

XS
SM
MD
LG