သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို စာနာမှုအကူအညီပေးရေးကိစ္စ စစ်ကောင်စီနဲ့ အာဆီယံအကြီးအကဲ ဆွေးနွေး


အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn တို့ ဦးဆောင်တဲ့အဖွဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံ (မေ ၁၅၊ ၂၀၂၄)
အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn တို့ ဦးဆောင်တဲ့အဖွဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံ (မေ ၁၅၊ ၂၀၂၄)

မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးအပ်ရေးနဲ့ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပါဝင်နိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီနဲ့ အာဆီယံအကြီးအကဲတွေ နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Alounkeo Kittikhoun နဲ့ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn တို့ ဦးဆောင်တဲ့အဖွဲ့ စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ တွေ့ဆုံခဲ့ကြတယ်လို့ မြန်မာစစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး အာဆီယံအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးကြတယ်လို့ သတင်းမှာ အလေးပေးဖော်ပြပါတယ်။

အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲနဲ့ တာဝန်ရှိသူတွေကို ဖိတ်ကြားခြင်းမရှိဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ တက်ရောက်ခွင့်ပေးဖို့ အာဆီယံအဖွဲ့ကြီးက ဆုံးဖြတ်ထားပါတယ်။ စစ်ခေါင်းဆောင်တွေကို အစိုးရခေါင်းဆောင်တွေအဖြစ် အာဆီယံနိုင်ငံတွေက အသိအမှတ်မပြုတဲ့အတွက် အာဆီယံထိပ်သီးစည်းဝေးပွဲတွေမှာ တက်ခွင့် မပေးတာဖြစ်တယ်လို့ မနေ့ကမှ ဝန်ကြီးချုပ်တာဝန်ကနေ အနားယူသွားတဲ့ စင်္ကာပူဝန်ကြီးချုပ်ဟောင်း Lee Hsien Loong က စင်္ကာပူသတင်းမီဒီယာတွေနဲ့ မေလ ၁၀ ရက်နေ့က နောက်ဆုံးတွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားခဲ့ပါတယ်။

လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံကတော့ ဒေသတွင်းအစည်းအဝေးတွေမှာ စစ်ကောင်စီ ပါဝင်နိုင်အောင်နဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်မှုကို တရားဝင် အသိအမှတ်ပြုနိုင်ရေး ပိုပြီး ကြိုးပမ်းသွားမယ့်ပုံရှိတယ်လို့ ဒေသတွင်းအကဲခတ်တွေ ရှုမြင်ထားပါတယ်။ မြန်မာ့အရေးချဉ်းကပ်မှုတွေမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ကွဲလွဲချက်တွေရှိနေပြီး စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ပါ ထိတွေ့ဆက်ဆံဖို့ တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG