အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ စက်တင်ဘာလ ၅ ရက်ကနေ ၈ ရက်နေ့အထိ အာဆီယံထိပ်သီးအစည်းအဝေးပြုလုပ်ခဲ့ပါတယ်။ အဲဒီ အာဆီယံထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ စစ်ကောင်စီစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်တယ်ဆိုတဲ့ အာဆီယံလူထုဖိုရမ်ကြေညာချက် ထွက်ပေါ်လာတာတွေ့ရပါတယ်။ APF လို့ခေါ်တဲ့ ASEAN People Forum 2023 ကို စက်တင်ဘာ ၁ ရက်ကနေ ၃ ရက်နေ့အထိ အင်ဒိုနီးရှားနိုငိငံ၊ဂျကာတာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ တီမောလက်စ် နဲ့ ဗီယက်နမ်စတဲ့အာဆီယံဒေသတွင်း နိုင်ငံတွေကအရပ်ဘက်အဖွဲ့တွေ စုဝေးဆွေးနွေးကြတဲ့ ဖိုရမ်ဖြစ်ပါတယ်။ ဖိုရမ်ထုတ်ပြန်ကြေညာချက်မှာ မြန်မာစစ်တပ်အာဏာသိမ်းထားတာ ၉၄၅ ရက်ရှိပြီ။ ရက်စက်ကြမ်းကြုတ်စွာနဲ့ အာဏာကိုဆုတ်ကိုင်ထားပေမဲ့ ခုချိန်ထိ အာဏာသိမ်းမှုဟာ မအောင်မြင်သေးဘူး။ မြန်မာစစ်တပ်ဟာ အင်တာနက်ဖြတ်တောက်မှု၊ လေကြောင်းတိုက်ခိုက်မှု၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးနှိပ်စက်အစဖျောက်မှု၊အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်။ ဒါကြောင့် ကျွန်ုပ်တို့ရဲ့သဘောထားကို ကျယ်ကျယ်လောင်လောင်နဲ့ ဒေါသဖြစ်စွာထုတ်ဖော်လိုက်ပါတယ်။ အဲဒါကတော့ မြန်မာစစ်ကောင်စီဟာ အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ဒေသတွင်း လုံခြုံမှုနဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေတယ် ဆိုတာပါပဲ။
ဒါကြောင့် မြန်မာစစ်ကောင်စီကို နိုင်ငံရေးအရ တရားဝင်မှု ဖြတ်တောက်ပါ။ မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှုနဲ့ ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ပါ။ မြန်မာစစ်ဗိုလ်ချုပ်တွေကို သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကနေ ကင်းလွတ်ခွင့်ရနေတာတွေကို အဆုံးသတ်ပါ။ မြန်မာ့နွေဦးတော်လှန်ရေးနဲ့ မြန်မာပြည်သူတွေကို ကူညီကြပါလို့လည်း APF ကြေညာချက်မှာ တောင်းဆိုထားတာ တွေ့ရပါတယ်။
အာဆီယံ လူထုဖိုရမ် ၂၀၂၃ ရဲ့ကြေညာချက်အပေါ် ဘယ်လိုသဘောထားပါသလဲ။ ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနိုင်သလဲလို့ ရှေ့ပြေးအသံ လူ့အခွင့်အရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကို မေးမြန်းတဲ့အခါ အခုလိုပြောပါတယ်။
"အာဆီယံ လူထုဖိုရမ် ၂၀၂၃ ကနေပြီးတော့ မြန်မာစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာချက်ထုတ်တာက အင်မတန်ကောင်းတဲ့အချက်ဖြစ်တယ်။ဘာ့ကြောင့်လဲဆိုလို့ရှိရင် တစ်ချက်ကတော့ ဒါက အာဆီယံနိုင်ငံတွေက ပြည်သူလူထုတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေကနေပြီးတော့မှ တခဲနက် ဆုံးဖြတ်ချက်ချတာမျိုးဖြစ်တော့ ဒီဟာကို အာဆီယံနိုင်ငံအစိုးရတွေတင်မကဘဲနဲ့ နိုင်ငံတကာအဝန်းအဝိုင်းကလည်း ဒါကိုကြားတယ်ပေါ့နော်။ ပြောချင်တာက မြန်မာပြည်သူတွေ အကြမ်းဖက်ခံနေရတဲ့ဟာကို အသိအမှတ်ပြုတာတင် မကဘဲနဲ့ သူတို့က ဒီစစ်တပ်ကို စစ်တပ်လို့ သဘောမထားတော့ဘူး။ စစ်တပ်လို့ မသတ်မှတ်တော့ဘူး။အကြမ်းဖက်အုပ်စုသာလျှင်ဖြစ်တယ်ဆိုတာ အင်မတန်မှ အရေးကြီးတဲ့အချက်ဖြစ်တယ်။ ပြောရမယ်ဆိုရင် အာဆီယံအစိုးရတွေထဲမှာလည်း အာဏာရှင်အစိုးရတွေပါတယ်။ ဒီမိုကရေစီနိုင်ငံတွေလည်း ရှိတယ်ဆိုတော့ ဘာပဲပြောပြော သူတို့ပြည်သူလူထုရဲ့တောင်းဆိုမှုတွေကို လိုက်လုပ်ပေးချင်ချင်၊မလုပ်ပေးချင်ချင် သူတို့ ဂရုစိုက်နားထောင်ရတယ်။ ဒါက ကျွန်မတို့နွေဦးအတွက် အာဆီယံအရပ်ဘက်အဖွဲ့အစည်းတွေ ပြီးတော့ လူထုအခြေပြုအဖွဲ့အစည်းတွေက မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်ဆိုတာကို ပြပြီးတော့ သူတို့ရဲ့ နားလည်မှုကိုလည်းပြတယ်။မြန်မာစစ်တပ်ဆိုတာ စစ်တပ်မဟုတ်တော့ဘူး။ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်ဆိုတာကို သူတိုဘက်က ရှင်းရှင်းလင်းလင်း ဖော်ထုတ်လိုက်တာဖြစ်တယ်။ အခုလိုမျိုး ဒေသတွင်းမှာရှိတဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေကနေပြီးတော့ မြန်မာစစ်တပ်ကို အကြမ်းဖက်အုပ်စုအဖြစ် တခဲနက်ကြေညာတယ်ဆိုတာက အာဆီယံကနေပြီးတော့ မြန်မာ့အရေး ကိုင်တွယ်မယ့်၊ ရှေ့ဆက်သွားမယ့် လမ်းကြောင်းမှာလည်း လူထုကနေပြီးတော့ ဒီလမ်းကြောင်းကိုမှန်ကန်အောင် စောင့်ကြည့်၊တိုက်တွန်း၊တောင်းဆို၊ဖိအားပေးစတဲ့ အာဆီယံကိုဖိအားပေးရမယ့်ကိစ္စတွေအတွက်လည်း ပိုပြီးတော့မှ လမ်းကြောင်းခိုင်မာသွားလိမ့်မယ်လို့ ကျွန်မကတော့ မြင်ပါတယ်ရှင့်”
မလေးရှားနိုင်ငံခြားနိုင်ငံကလည်း မြန်မာစစ်ဗိုလ်ချုပ်တွေကို ပြင်းပြင်းထန်ထန် အရေးယူဖို့ အာဆီယံမိတ်ဖက်နိုင်ငံများကို တောင်းဆိုလိုက်တယ်ဆိုတဲ့သတင်းကို ရိုက်တာသတင်းမှာ စက်တင်ဘာ ၄ ရက်ကဖော်ပြခဲ့ပါတယ်။ အဲဒီသတင်းမှာ "မြန်မာစစ်ကောင်စီအပေါ် ပြင်းထန်ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘဲနဲ့ ဒီအတိုင်းဆက်သွားနေဖို့ ခွင့်မပြုသင့်ဘူးဆိုတာ မလေးရှားနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေက သဘောထားပေးပြီးဖြစ်ပါတယ်” လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Zambry Abdul Kadir က စက်တင်ဘာ ၄ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲအပြီးမှာ သတင်းထောက်တွေကိုပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။
Bangkok Post သတင်းစာကလည်း NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ရေးသားတဲ့ ဆောင်းပါးတစ်ပုဒ်ကို စက်တင်ဘာ ၄ ရက်နေ့ကဖော်ပြခဲ့ပါတယ်။ ဒေါ်ဇင်မာအောင်က အာဆီယံခေါင်းဆောင်တွေကို ထိပ်သီးဆွေးနွေးပွဲအမီ ရည်ရွယ်ရေးသား သတင်းစကားပါး ထားတာတွေ့ရပါတယ်။ ဆောင်းပါးကို “ဒေသတွင်းက ကူညီထောက်ပံ့မှုလိုအပ်နေတဲ့ စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး ရုန်းကန်လှုပ်ရှားမှု” လို့ ခေါင်စဉ်ပေးထားပါတယ်။ တီမောလက် သမ္မတ ဟိုဆေးရာမို့ဟော်တာက အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကိုယ်စားလှယ်အဖွဲ့ကို အစိုးရတစ်ရပ်အနေနဲ့ တီမောနိုင်ငံရဲ့မြို့တော် Dili ကို တရားဝင်ဖိတ်ကြားခဲ့တယ်။ ဒါဟာ တီမောအနေနဲ့ မြန်မာပြည်သူတွေကို ထောက်ခံကြောင်းပြသတာဖြစ်ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ရှုတ်ချလိုက်တာဖြစ်တယ်။တီမောဟာ မြန်မာ့အရေးနဲ့ပတ်သက်လို့ ချဉ်းကပ်ပုံပြောင်းလဲတာကို ဒေသတွင်းမှာ အာဆီယံကို ထင်ရှားစွာ အချက်ပြလိုက်တာဖြစ်တယ်လို့ ဒေါ်ဇင်မာအောင်က ရေးပါတယ်။
မြန်မာပြည်သူလူထုရဲ့ ဆန္ဒကိုမျက်ကွယ်ပြု ဆန့်ကျင်ကာ စိတ်ထင်ရာလုပ်နေတဲ့ စစ်အာဏာရှင်တွေကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဘယ်အချိန်ထိ စောင့်ကြည့်နေဦးမှာလဲလို့လည်း ဒေါ်ဇင်မာအောင်က သူ့ရဲ့ဆောင်းပါးမှာ မေးခွန်းထုတ်ထားပါတယ်။ ဒါ့အပြင် လက်ရှိဆင်နွဲနေတဲ့ တော်လှန်ရေးဟာ အတိတ်ကဖြစ်ရပ်တွေကို ပြောင်းလဲပစ်နိုင်မယ့် သမိုင်းဝင် အခွင့်အလမ်းဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။ ဆောင်းပါးရဲ့ အဆုံးသတ်မှာတော့ အာဆီယံရဲ့ ထောက်ခံမှု၊ ကူညီမှုနဲ့အတူ မြန်မာဟာ လက်ရှိရင်ဆိုင်နေရတဲ့ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ ဒုက္ခသည်ပြဿနာတွေ၊ စီးပွါးရေး ကမောက်ကမဖြစ်မှုတွေကနေ ရုန်းထွက်နိုင်ပြီးတော့ တည်ငြိမ် ဖွံ့ဖြိုးတဲ့၊တရားဥပဒေစိုးမိုးမှုရှိတဲ့ ခေတ်တစ်ခုကို ရောက်ရှိနိုင်ပါတယ်။ မြန်မာ့သမိုင်းမှာ ပထမဆုံးနဲ့ ဖြစ်နိုင်ခြေအရှိဆုံးအခွင့်အရေးတစ်ရပ်ဖြစ်တာမို့ အာဆီယံအနေနဲ့ ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။ အာဆီယံအနေနဲ့ တီမောရဲ့ ပြောင်မြောက်ပြီး သတ္တိရှိတဲ့ လုပ်ဆောင်ချက်ကို အတုယူပြီး မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်ပါတယ်လို့ ဒေါ်ဇင်မာအောင်က ရေးသားထားပါတယ်။
အာဆီယံဟာ မြန်မာစစ်တပ်ကိုဖိအားပေးပြီး မြန်မာ့အရေးကို အောင်မြင်အောင်ဖြေရှင်းနိုင်မလား။ ဒါမှမဟုတ် မြန်မာ့အရေးကြောင့် အာဆီယံရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲသွားလေမလားဆိုတာကတော့ ပြောဖို့စောနေပါသေးတယ်။ စောင့်ကြည့်ကြရဦးမှာပါ။ သေချာတာကတော့ မြန်မာ့အရေးဟာ အာဆီယံဘာလဲ၊ ဘယ်လဲဆိုတာ စမ်းသပ်မှုကြီးတစ်ခု ဖြစ်တဲ့အကြောင်းပါ။