သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံထိပ်သီး အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်


အာဆီယံထိပ်သီး အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်
အာဆီယံထိပ်သီး အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်

ဒေသတွင်း စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းက ခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ရောက်နေကြ ပါတယ်။

ဒီထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စ အပါအဝင် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စတွေကို ဦးစားပေး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးတွေ မလုပ်ဆောင်သေးသ၍ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ လျှောက်ထားတာကို အာဆီယံ ခေါင်းဆောင်တွေက ပယ်ချပေးဖို့ ဒေသတွင်း လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတာ အပါအဝင် ကျန်တဲ့ အခွင့်အရေးတွေကို အကောင်အထည် ဖော်ရမယ်လို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ ဒီမိုကရေစီ မူတွေကို အကောင်အထည်ဖော်မယ့် အခြေခံဥပဒေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ စတာတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိက လုပ်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ AIPMC အဖွဲ့ရဲ့ အတွင်းရေးမှူး၊ မလေးရှားနိုင်ငံ Democratic Action Party ရဲ့ လွှတ်တော်အမတ် မစ်စ် ထရီဆာ ကော့ခ် (Teresa Kok) က ပြောပါတယ်။

မြန်မာနိုင်ငံက ဥက္ကဋ္ဌလုပ်ချင်တယ်ဆိုတဲ့ လျှောက်ထားချက်ကို အာဆီယံ ခေါင်းဆောင်တွေ ဘယ်လိုဆုံးဖြတ် မယ် ဆိုတာကတော့ လာမယ့် မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ထိပ်သီးအစည်းအဝေးမှာ အဖြေထွက်လာဖွယ် ရှိပါတယ်။

XS
SM
MD
LG