လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) က တောင်းဆိုလိုက်ပေမဲ့ မြန်မာ့ အတိုက်အခံ အင်အားစုတွေကတော့ စစ်အစိုးရ ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုတဲ့အပေါ် သံသယ ရှိနေကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ရွေးကောက်ပွဲ မကျင်းပခင် ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲအတွင်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ် ဦးဉာဏ်ဝင်းကို အာဆီယံ ခေါင်းဆောင်တွေက ညစာစားပွဲမှာ ဝိုင်းဝန်း ပြောကြားခဲ့ကြတာလို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က သတင်းထောက်တွေကို ဒီနေ့ ပြောခဲ့တာပါ။
ဒါကလည်း အာဆီယံက အခုမှ ပြောဆိုလာတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အနောက်နိုင်ငံတွေလောက် မဟုတ်တောင် အာဆီယံ အသင်းကြီး အနေနဲ့ အဖွဲ့ဝင် တနိုင်ငံချင်းစီ အနေနဲ့ရော အသင်းကြီး တခုလုံး အနေနဲ့ပါ မြန်မာစစ်အစိုးရကို နည်းမျိုးစုံနဲ့ ဝေဖန် ပြောဆိုနေခဲ့ကြတာတော့ ကြာပါပြီ။
စစ်အစိုးရအနေနဲ့ စစ်မှန်ပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကျင်းပချင်တယ် ဆိုရင်တော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အရင် ပြင်ဆင်ဖို့ လိုမယ်လို့ ရွေးကောက်ပွဲဝင်ရေး မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ရပါမယ်။ ရွေးကောက်ပွဲ ဥပဒေတွေ ပြင်ရပါမယ်။ အဲဒါမှသာ ဒီမိုကရေစီကို နီးစပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ဒါတွေ မရှိဘဲနဲ့တော့ မဖြစ်ပါဘူး။ အာဆီယံက ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့အညီ All Inclusive ဖြစ်ဖို့၊ Free and Fair ဖြစ်ဖို့၊ International Monitor ကို လက်ခံဖို့၊ ဒါတွေ ပြောသင့်တာပေ့ါဗျာ။”
ရွေးကောက်ပွဲဖြစ်ရင် ပြီးရောဆိုတဲ့ ပုံစံမျိုးနဲ့ မလုပ်သင့်ဘူးလို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။
“အာဆီယံကဗျာ ကျနော်တို့နိုင်ငံမှာ တကယ်ရှိနေတဲ့ လူတွေ၊ တကယ်လုပ်နေရတဲ့ လူတွေရဲ့ အခြေအနေမှန်ကို သိပ်သိပုံ မပေါ်ဘူး။ သူတို့က ရွေးကောက်ပွဲတခု မျှတရင် ပြီးရော။ ရွေးကောက်ပွဲ တခုတည်းနဲ့ ဘာမှမှ မဖြစ်ဘဲဗျ။ ကျနော်တော့ ဒီလိုပဲ မြင်ပါတယ်ဗျာ။ သူတို့ သိပ်ပြီးတော့ လက်တွေ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို သိပုံမရဘူးလို့ပဲ ထင်ပါတယ်။”
ရွေးကောက်ပွဲပြီးနောက်ပိုင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာမှာ မဟုတ်ပေမဲ့ အဲဒီ ရွေးကောက်ပွဲလွန် ကာလဟာ ဒီမိုကရေစီစနစ်ကို စတင် ပုံသွင်းနိုင်မယ့် အခြေခံတခု ဖြစ်လာလိမ့်မယ်လို့ သူတို့အနေနဲ့ မျှော်လင့်တဲ့အကြောင်း ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကတော့ သုံးသပ်ပါတယ်။
“ကျနော်မြင်တာက ရွေးကောက်ပွဲကို လက်ခံခြင်းဆိုတဲ့ အခြေအနေထက် ရွေးကောက်ပွဲ ဟိုဘက် အပြီးမှာ ဒီမိုကရေစီ ဇာတ်သွင်းခြင်းလောက်တော့ ရလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒီရွေးကောက်ပွဲကတော့ လွတ်လပ်၊ တရားမျှတမှုကတော့ တော်တော်အားနည်းတယ်။ ဒီအခြေအနေပေါ်မှာ လွတ်လပ်၊ တရားမျှတမှု ဖြစ်မလားဆိုတဲ့ မေးခွန်းကို ဖြေဖို့ကတော့ တော်တော်ခက်ခဲတယ်။ ဒီအခြေအနေကတော့ မဖြစ်နိုင်တော့ဘူးလို့ ကျနော် ထင်တယ်၊ လွတ်လပ်၊ တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့။
“ဒါပေမဲ့ စစ်အုပ်ချုပ်ရေးထက် ဒီမိုကရေစီစနစ်ကို ဇာတ်သွင်းနိုင်တဲ့၊ ပါလီမန်ကို ပုံဖော်တဲ့ စနစ်တခု၊ ပုံစံတခုလောက်တော့ ရွေးကောက်ပွဲဝင်မှ ရလိမ့်မယ်လို့ ကျနော် မျှော်လင့်တယ်။ အဲဒီအတွက် ရွေးကောက်ပွဲ လမ်းကြောင်းကို မြန်မြန်ဆန်ဆန် ပြီးစီးအောင် ဆောင်ရွက်ဖို့ဆိုပြီး ကျနော်တို့ သွားပေးနေတာပါ။ အဲဒီအပေါ်မှာ အာဆီယံ အနေနဲ့လည်း ကျနော် စဉ်းစားသလိုပဲ စဉ်းစားလိမ့်မယ်လို့ ထင်တယ်။ ဒီ ဒီမိုကရေစီဟာ ဒီမိုကရေစီ စံချိန် စံညွှန်းအနေနဲ့ တအား အားနည်းနိုင်ပါတယ်။ စစ်တပ်က ပုံစံအမျိုးမျိုးနဲ့ ချယ်လှယ်မှု ပုံစံတွေကို ပုံဖော်နိုင်ပါတယ်။ ဒါပေမဲ့ စစ်အုပ်ချုပ်ရေးလိုတော့ တက်ပြီး မာရှယ်လောတွေနဲ့တော့ အုပ်ချုပ်နေလို့ မရတော့ပါဘူး။ အမိန့် ဥပဒေတွေနဲ့ အုပ်ချုပ်နေလို့ မရတော့ဘူး။ ဒါပေမဲ့ ကျနော်တို့ ရှေ့ဆက်သွားရမယ့် ခရီးလမ်းက ခက်ခဲဦးမှာပါ။”
ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်း ပြောပြသွားတာ ဖြစ်ပါတယ်။
အာဆီယံက မြန်မာစစ်အစိုးရကို အခုလို ပြောလိုက်တာဟာ တကယ်တော့ ဝေဖန်တဲ့ သဘောမျိုး ပြောတာမဟုတ်ဘဲ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှု ပုံစံမျိုးသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင် ဖြစ်လာတဲ့ ၁၉၉၇ ခုနှစ်ကစလို့ အပြုသဘောဆောင်တဲ့ ချဉ်းကပ်ရေး ပေါ်လစီကို အာဆီယံက တောက်လျှောက် ချမှတ် ကျင့်သုံးခဲ့တာ ဖြစ်ပေမဲ့ အခုချိန်ထိ တစုံတရာ တိုးတက် ပြောင်းလဲမှု ဖြစ်ထွန်းလာတာ မတွေ့ရသေးပါဘူး။
ဗီယက်နမ်မှာ ကျင်းပနေတဲ့ အာဆီယံ စည်းဝေးပွဲပြီးရင်လည်း ခါတိုင်း အစည်းအဝေးတွေလိုပဲ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတဲ့ ကြေညာချက်မျိုး ထွက်ပေါ်လာမှာတော့ မဟုတ်ဘူးလို့ မြန်မာ့ အတိုက်အခံ အင်အားစုတွေက ပြောဆိုနေကြပါတယ်။