သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အချိန်မတန်သေး၊ NLD ရှုမြင်


မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အချိန်မတန်သေး၊ NLD ရှုမြင်
မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူဖို့ အချိန်မတန်သေး၊ NLD ရှုမြင်

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ဇူလိုင်လ ၁၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ကျင်းပနေတဲ့ ၄၄ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဒီမိုကရေစီရေး ထွန်းကားလာစေမယ့် လုပ်ဆောင်မှုတွေ ထွက်ပေါ်လာဖို့ မျှော်လင့်မထားဘူးလို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်မပေးသေးတဲ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အကြံပြုချက်တွေကို အခုထိ မယ်မယ်ရရ အကောင်အထည် မဖော်သေးတဲ့အတွက် အခုအတိုင်း ဆက်သွားနေရင် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဖို့ကိစ္စ မဖြစ်နိုင်သေးဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ၄၄ ကြိမ်မြောက် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စတင် ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးနဲ့အတူ ဒီနှစ်ကုန်မှာ ကျင်းပမယ့် အာဆီယံနဲ့ အရှေ့အာရှ ထိပ်သီး အစည်းအဝေးတွေဟာ ၂၀၁၅ ခုနှစ်မှာ အာဆီယံ အသိုက်အဝန်းအတွင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ ထွန်းကားစေမယ့် ပန်းတိုင်ရောက်ရေးအတွက် အရေးပါကြောင်း ဖွင့်ပွဲ အခမ်းအနားမှာ အလှည့်ကျ သဘာပတိဖြစ်တဲ့ အင်ဒိုနီးရှား သမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာတော့ အာဆီယံအဖွဲ့ဝင် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အခုထိ ရှိနေပြီး ထဲထဲဝင်ဝင် ကူညီ ဖြေရှင်းပေးတာမျိုး မရှိသေးဘဲ အာဆီယံအဖွဲ့ဟာ သူ့အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပြည်တွင်းရေး ကိစ္စကို ဝင်မစွက်ရေး မူဝါဒကိုပဲ ဆက်လက် ဆုပ်ကိုင်ထားတာ တွေ့ရပါတယ်။ ဒါ့အပြင် ထိုင်းလို နိုင်ငံမျိုးမှာ အစိုးရသစ် တက်လာခဲ့ပေမဲ့ တခြား အာဆီယံနိုင်ငံတွေလိုပဲ စီးပွားရေးကိုပဲ ဦးစားပေးမယ့်သဘော ရှိတာတွေကြောင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကတော့ ဒီအစည်းအဝေးကြီးကနေ မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် တစုံတရာ အကျိုးအမြတ် ထွက်လာဖို့ မျှော်လင့်မထားဘူးလို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“အာဆီယံ အနေနဲ့ကတော့ အဖျားရှူးသွားတာ များတယ်ဗျ။ အဲဒါကတော့ အာဏာရှင်တွေနဲ့ ပတ်သက်လို့ တွေ့တဲ့ အတွေ့အကြုံကတော့ ဒီအတိုင်းပဲ။ ကျနော်တို့ကလည်း အာဆီယံနဲ့ ပတ်သက်ရင် ဒီလိုပဲ ဖြစ်လေ့ဖြစ်ထရှိတော့ သိပ်တော့ မှန်းဆထားတဲ့သဘော မရှိပါဘူး။ ဖြစ်ရိုးဖြစ်စဉ်၊ ပြောရိုးပြောစဉ် ပြောပြီး လုပ်ကြတာတွေ များတယ်။

“နောက်ပြီးတော့လည်း တခုရှိတာက ထိုင်းတို့ ဘာတို့ကလည်း အခု နောက်တက်လာမယ့်သူက အရင်တုန်းက ဝန်ကြီးချုပ်လိုတော့လည်း မဟုတ်ဘူးဗျ။ သူတို့က နဂို မူလကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တာ တော်တော်လေး ထဲထဲဝင်ဝင် ရှိတော့ ဒီအမျိုးသမီး အနေနဲ့ကလည်း အခုမှ ကြားထဲက တက်လာရတဲ့ အမျိုးသမီးငယ် ဆိုတော့လည်း သိပ် အတွေ့အကြုံ မရှိသေးတော့ သိပ်ပြီးတော့ မျှော်မှန်းတကြီးတော့လည်း ကျနော်တို့ မထားပါဘူး။”

မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား အကူအညီနဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်ဖို့ ကြိုးစားနေတယ် ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အာဆီယံဘက်က သတင်းအချက်အလက် အပြည့်အစုံ မရသေးတဲ့အတွက် လက်မခံနိုင်သေးကြောင်း ဂျကာတာပို့စ် သတင်းကို အင်္ဂါနေ့က အာဆီယံ အတွင်းရေးမှူးချုပ် ဒေါက်တာ ဆူရင် ပစ်ဆူဝန် (Dr. Surin Pitsuwan) က ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အာဆီယံဒေသမှာ နျူကလီးယားလက်နက် မရှိစေဖို့အတွက် ထားရှိတဲ့ သဘောတူညီချက်ကိုတော့ မြန်မာနိုင်ငံဘက်က လိုက်နာဖို့ လိုတယ်လို့ ဆိုပါတယ်။

အခုလို နိုင်ငံတကာ တားမြစ်ထားတဲ့ နျူကလီးယားလက်နက် လျှို့ဝှက် အရောင်းအဝယ် လုပ်နေမှုတွေနဲ့အတူ အခုထိ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှု တစုံတရာ မရှိသေးတဲ့အတွက် အခုအတိုင်း ဆက်ပြီး သွားနေရင် ၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ သဘာပတိ ယူဖို့အတွက် မဖြစ်နိုင်သေးဘူးလို့လည်း ပြောပါတယ်။

“အာဆီယံနဲ့ ပတ်သက်ပြီးတော့ အိမ်ရှင်နေရာ ပေးတယ် ဆိုတာက အချိန်က စောပါသေးတယ်။ ကျနော်တို့ ကြည့်ကြရဦးမယ်။ အခုလောလောဆယ် အနေနဲ့တော့ မြန်မာနိုင်ငံကို နိုင်ငံတကာက လက်နက်တွေ ရောင်းချတာနဲ့ ပတ်သက်လို့ အားလုံး ပိတ်ပင်ထားတဲ့ သဘောမှာ မြန်မာအစိုးရနဲ့ မြောက်ကိုရီးယားနဲ့ ဒီလိုပဲ လက်နက် အရောင်းအဝယ် ပြုနေတယ် ဆိုတာကလည်း သိနေတယ်လေ။ မနေ့တနေ့ကလည်းပဲ သင်္ဘောတစင်း လက်နက်နဲ့ ပတ်သက်ပြီးတော့ ဒီနိုင်ငံဘက်ကို လာတယ်၊ ပြန်လှည့်သွားတယ်ဆိုတဲ့ သဘောတွေ ရှိတယ်။ အာဆီယံထဲမှာ လက်နက် သွင်းခြင်းအားဖြင့် ရှုပ်ထွေးနိုင်တဲ့ ဟာမျိုးတွေကလည်း ရှိနေတာပေါ့။

“နောက်တခုကလည်း အခု ၂၀၁၁ ခုနှစ် လူ့အခွင့်အရေးကောင်စီမှာ တင်ထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆုံးဖြတ်ထားတာတွေ၊ Recommendation ဆိုပြီး ပြောဆိုထားတာတွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း မယ်မယ်ရရ၊ ထင်ထင်ရှားရှား၊ သိသိသာသာ လုပ်ကိုင်ပေးတာ မရှိသေးဘူး။ ဒီနေ့ နိုင်ငံရေး အကျဉ်းသားတွေကလည်း ထင်ထင်ရှားရှား တယောက်မှ မလွှတ်သေး၊ ဒေါ်အောင်ဆန်းစုကြည်နောက် လွတ်ခါနီး လူတွေပဲ တနှစ် လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်၊ သိသာထင်ရှားတဲ့ အခြေအနေကလည်း မတွေ့သေးတော့ အခုလိုအခါမျိုးမှာ ပြောရတာ စောလွန်းသေးတယ်လို့ပဲ ကောက်ချက်ချရမလို ဖြစ်ပါတယ်။”

အစိုးရသစ်အဖွဲ့နဲ့ လူ့အခွင့်အရေးဆိုင်ရာ တိုးတက်မှုတွေ ရှိလာစေဖို့ ဆွေးနွေး ပြောဆိုမှုတွေ လုပ်ချင်ပေမဲ့ အခုထိ တွေ့ခွင့်မရသေးဘူးလို့လည်း ဆိုပါတယ်။ ဒါပေမဲ့ မနေ့က အာဇာနည်နေ့ အထိမ်းအမှတ် ကျင်းပဖို့ အတွက်တော့ ဆွေးနွေးခွင့် ရခဲ့ပြီး စည်စည်ကားကားပဲ ကျင်းပနိုင်ခဲ့တာမို့ ဝမ်းမြောက် ကျေးဇူးတင်ကြောင်းနဲ့ ရှေ့မှာလည်း ဒီ့ထက်ပိုပြီး ဆွေးနွေးခွင့်တွေ ရလာဖို့အတွက် မျှော်လင့်ထားတယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG