သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာ ရတဲ့အပေါ် တုန့်ပြန်ယူဆမှုများ


အိမ်ရှင်ဘရူနိုင်းနိုင်ငံကနေ အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာသမ္မတဦးသိန်းစိန် လွှဲပြောင်းလက်ခံယူစဉ်။ ( အောက်တိုဘာလာ ၁၀၊ ၂၀၁၃)
အိမ်ရှင်ဘရူနိုင်းနိုင်ငံကနေ အာဆီယံဥက္ကဋ္ဌတာဝန်ကို မြန်မာသမ္မတဦးသိန်းစိန် လွှဲပြောင်းလက်ခံယူစဉ်။ ( အောက်တိုဘာလာ ၁၀၊ ၂၀၁၃)
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ခုနှစ်မှာ တာဝန်ထမ်းဆောင်ဖို့ မြန်မာနိုင်ငံက တရားဝင် လွှဲပြောင်းရယူလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံ အတွင်း တိုင်းရင်းသားဒေသတွေ မှာ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေဆဲဖြစ်ပြီး လူမျိုးရေးအသွင်ဆောင်တဲ့ ပဠိပက္ခတွေ ရှိနေတာကြောင့် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ရယူတာဟာ စောနေသေးတယ် ဆိုပြီး ဝေဖန်သူတချို့ ရှိနေပါတယ်။ တချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့ ဒီတာဝန်ကို ယူသင့်တဲ့ အချိန်ရောက်ပါပြီ ဆိုပြီး ကြိုဆိုသူတွေလည်း ရှိနေပါတယ်။ မအေးသန္တာကျော်က ဆက်ပြီး တင်ပြပါလိမ့်မယ်။

မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအသွင်ဆောင်တဲ့ ပဠိပက္ခတွေမှာ အာဏာပိုင်တွေဘက်က လုံခြုံရေးကို ထိထိရောက်ရောက် မယူနိုင်ခဲ့ဘူးဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့တာကြောင့် မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ လူ့အခွင့်အရေး ကိစ္စတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါ့မလားဆိုပြီး မေးခွန်းတွေ ထွက်ပေါ်နေခဲ့တာပါ။

မြန်မာနိုင်ငံအနေနဲ့ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံကြား ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖို့ ၂၀၀၆ ခုနှစ်မှာ အလှည့်ကျခဲ့တဲ့ အချိန်ကလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူ့အခွင့်အရေး အခြေအနေတွေအပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ကြုံခဲ့ရတဲ့အတွက် နောက်ဆုံးမှာ ဒီတာဝန်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အခုတော့ အာဆီယံ အဖွဲ့ဖြစ်လာပြီး ၁၆ နှစ် အကြာမှ မြန်မာနိုင်ငံအနေနဲ့ အလှည့်ကျ ဥက္ကဌရာထူးကို ပထမဆုံးအကြိမ်အဖြစ် လက်ခံ ရယူတော့မှာ ဖြစ်ပါတယ်။ " ကြွယ်ဝချမ်းသာပြီး ငြိမ်းချမ်းသော အသိုက်အဝန်း ဆီသို့ တူညီတက်လှမ်းဖို့" ဆိုတဲ့ ဆောင်ပုဒ်ကို မြန်မာနိုင်ငံက ဆောင်ပုဒ် အဖြစ် စွဲကိုင်ထားပါတယ်။ အာဆီယံအဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Le Luong Minh ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေဆီကနေ အင်မတန် ခိုင်မာတဲ့ ထောက်ခံ အားပေးမှုကို ရခဲ့တဲ့အကြောင်း၊ ဥက္ကဋ္ဌတာဝန်ကို ထိရောက်စွာနဲ့ အောင်မြင်စွာ ထမ်းဆောင်နိုင်မယ်ဆိုတာ မိမိတို့ ယုံကြည်တဲ့အကြောင်း အာဆီယံအဖွဲ့ရဲ့ လက်ရှိအတွင်းရေးမှူးချုပ် Le Luong Minh ပြောခဲ့ပါတယ်။

လေ့လာသူတွေကတော့ အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ပြီးတော့ မစွက်ဖက်ရေးဆိုတဲ့ မူဝါဒကို ဆက်လက် ကိုင်စွဲထားခဲ့ပေမဲ့ ပဋိပက္ခ အခြေ အနေတွေကို ကိုင်တွယ်ဖြေရှင်းရေး ပိုပြီးအခိုင်အမာလုပ်ဆောင်ဖို့ တိတ်တိတ်ဆိတ်ဆိတ် နဲ့ ဆက်ပြီး တွန်းအားပေးသွားလိမ့်မယ် လို့ သုံးသပ်တာမျိုးရှိပါတယ်။

ဒီအချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ နာယကအဖွဲ့ဝင်တစ်ဦးဖြစ်သူ သူရဦးတင်ဦးကလည်း လက်ခံပါတယ်။

လက်ရှိမြန်မာအစိုးရခေါင်းဆောင်တွေအနေနဲ့လည်း အာဆီယံဥက္ကဋ္ဌတာဝန်ကို ယူဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ပြင်ဆင်ဆောင်ရွက်ထားတယ်လို့ သူ့အနေနဲ့ မြင်တဲ့အကြောင်း သူရဦးတင်ဦးက ပြောဆိုသွားတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံတစ်နိုင်ငံချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိနေတာကြောင့် မြန်မာနိုင်ငံအပေါ် ချဉ်းကပ်မှုတွေဟာ ဒီလို အကျိုးစီးပွားကို အခြေခံတဲ့ ချဉ်းကပ်မှုတွေ ဖြစ်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရန်ကုန် အခြေစိုက် နိုင်ငံရေး လေ့လာသုံးသပ်သူ ကိုရန်မျိုးသိန်းကပြောပါတယ်။

" တရုတ်ရဲ့သြဇာသက်ရောက်မှု၊ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ သြဇာ သက်ရောက်မှုကို သူတို့ ထိန်းညှိလိုတဲ့အတွက်ကြောင့်မို့လို့လည်း ခုနက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ လူ့အခွင့်အရေးကိစ္စတွေကို အတိုင်းအတာတခုအထိ ဘေးဖယ်ထားပြီးတော့ မြန်မာနိုင်ငံနဲ့နီးစပ်ရေးကို အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရော၊ အာဆီယံ နိုင်ငံတွေရောက ကြိုးစားလာတယ်လို့မြင်တယ်။"

ဘရူနိုင်းမှာ အာဆီယံ ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ ကတော့ မြန်မာနိုင်ငံမှာတွေ့မြင်နေ ရတဲ့ အခြေအနေတွေဟာ စိတ်လှုပ်ရှားစရာကောင်းပေမဲ့လည်း ပြီးပြည့်စုံမှု မရှိသေးဘူးလို့ အာဆီယံနိုင်ငံ တွေက လူငယ်တွေနဲ့ တွေ့ဆုံ ချိန်မှာ ပြောဆိုပါတယ်။

ဒါပေမဲ့လည်း မြန်မာနိုင်ငံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူတဲ့အချိန်မှာ အမေရိကန်နဲ့ အာဆီယံ ဆက်ဆံရေး တိုးတက်မှုတွေပိုရလာဖို့ မျှော်လင့်တဲ့ အကြောင်းသူ့ရဲ့ညီလာခံမိန့်ခွန်းထဲမှာ မစ္စတာကယ်ရီ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ မြန်မာနိုင်ငံ အာဆီယံရဲ့ ဥက္ကဋ္ဌတာဝန်ရယူတာဟာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလွန် အရေးကြီးတဲ့ သမိုင်း မှတ်တိုင်တခု ဆိုပြီး ပြောဆိုသွားပါတယ်။
XS
SM
MD
LG