သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် တင်းမာမှု ASEAN စိုးရိမ်


တောင်တရုတ်ပင်လယ်ပြင်မှာဖြစ်နေတဲ့ တင်းမာမှုတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်မကင်းကြောင်း စစ်ရေးတည်ဆောက်မှုတွေကို ရပ်ဆိုင်းဖို့ တောင်းဆိုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ပြောလိုက်ပါတယ်။ စနေနေ့က လာအိုနိုင်ငံမှာ တွေ့ဆုံခဲ့ကြတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ အခုလို ပြောကြားလိုက်တာပါ။ အေပီသတင်းဌာနရဲ့ ရေးသားချက်တွေကို အခြေခံပြီးတော့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တော်မှာ စနေနေ့က တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံမှုမှာ အဓိကထား ဆွေးနွေးခဲ့ကြတဲ့ ကိစ္စတခုကတော့ တောင်တရုတ်ပင်လယ်မှာ ဖြစ်ထွန်းနေတဲ့ တင်းမာမှုပဲ ဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်အပါအဝင် အာဆီယံနိုင်ငံ တော်တော်များများဟာ ဒီတောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံနဲ့ နယ်မြေအငြင်းပွားမှုတွေ အသီးသီးရှိနေတာပါ။

လွန်ခဲ့တဲ့ ၂ နှစ်အတွင်းကဆိုရင် တရုတ်နိုင်ငံဟာ ဘရုနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ကပါ သူပိုင်ငါပိုင် အငြင်းပွားနေတဲ့ နယ်မြေထဲမှာ မြေတွေ ဆည်ဖို့ပြီး ကျွန်းသစ်တွေ တည်ဆောက်ခဲ့ပါတယ်။ ဒီလို အငြင်းပွားမှုကို အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံတကာ တရားရုံးက ဖြေရှင်းပေးဖို့ တင်ပြလာတဲ့အတွက် တရုတ်နိုင်ငံက ဒီလုပ်ရပ်ဟာ နိုင်ငံရေးအရ ရန်စမှုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါကြောင့် ဒီနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးခဲ့တဲ့အခါမှာလည်းပဲ တောင်တရုတ်ပင်လယ်ကိစ္စဟာ အဓိကကိစ္စ ဖြစ်နေခဲ့ပါတယ်။ အိမ်ရှင်နိုင်ငံလည်းဖြစ်၊ ကွန်မြူနစ်နိုင်ငံ တခုလည်းဖြစ်တဲ့ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်ကတော့ - ဒီလို မြေဖို့ ကျွန်းဆည်တဲ့ကိစ္စနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုတွေ၊ လှုပ်ရှားမှုအရှိန် တက်လာတာတွေကို မှတ်သားထားပါတယ်လို့ပဲ ခပ်ဖော့ဖော့ ပြောသွားခဲ့ပါတယ်။

သို့သော်လည်း ကွန်မြူနစ်နိုင်ငံ တခုဖြစ်ပေမဲ့ တရုတ်နဲ့နယ်မြေအငြင်းပွားမှု ထိပ်တိုက်ကြုံနေရတဲ့ ဗီယက်နမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh ကတော့ ဒီကိစ္စကို အထူး စိုးရိမ်မကင်းဖြစ်ပြီး စစ်ရေးတပ်ဆင်မှု မလုပ်ကြဖို့ တောင်းဆိုတဲ့အကြောင်း အခုလို ပြောသွားပါတယ်။

“သိပ်ကောင်းတဲ့စကားဝိုင်းပါ။ အင်မတန် အပြုသဘောဆောင်ပါတယ်။ တောင်တရုတ်ပင်လယ် ကိစ္စအပါအဝင် အကြောင်းအရာတွေအားလုံးကို ဆွေးနွေးကြပါတယ်။ တောင်တရုတ်ပင်လယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကျနော်တို့ အထူး စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ ဒီနေရာမှာ တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း စစ်ရေးတည်ဆောက်မှု၊ တပ်ဆင်မှုတွေ မလုပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။”

မတူကွဲပြားတဲ့ နိုင်ငံရေးစနစ် မျိုးစုံကျင့်သုံးတဲ့နိုင်ငံတွေ ရောနှောပါဝင်နေပြီး၊ လူဦးရေသန်းပေါင်း ၆၀၀ ကျော် လောလောဆယ် နေထိုင်လျက်ရှိတဲ့ ဒီအာဆီယံဆယ်နိုင်ငံတို့ဟာ ၂၀၂၅ မှာ တခုတည်းသော လူမှုအသိုက်အဝန်းတခု ဖြစ်ထွန်းရေးကို ရည်ရွယ်ထားကြတာ ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်ကို ၂၀၁၆ မှာ စတင် အကောင်အထည်ဖော်ခဲ့တာ ဖြစ်တယ်လို့လည်း အိမ်ရှင် လာအိုနိုင်ငံခြားရေးဝန်ကြီး Thongloun Sisoulith က ပြောကြားသွားခဲ့ပါတယ်။

"၂၀၁၆ ခုနှစ်ဟာ အာဆီယံအသိုက်အဝန်း စတင်မယ့် ၂၀၂၅ ခုနှစ် အာဆီယံအသိုက်အဝန်း မျှော်မှန်းချက်တွေ စတင် အကောင်အထည်ဖော်တဲ့နှစ် ဖြစ်တဲ့အတွက် လွန်စွာ အဓိပ္ပါယ်ပြည့်ဝတဲ့ ကာလဖြစ်ပါတယ်။ ရှေ့မှာ တွေ့ကြုံရမယ့် စိန်ခေါ်မှုတွေကိုရော၊ အခွင့်အလန်းတွေကိုပါ ကျနော်တို့ သတိမပြတ် စောင့်ကြည့်နေကြပါတယ်။"

ဒါပေမဲ့ တောင်တရုတ်ပင်လယ်ပြသနာဟာ ဒီလို မတူကွဲပြားတဲ့ နိုင်ငံရေးစနစ်မျိုးစုံကို ကျင့်သုံးတဲ့ နိုင်ငံတွေ ပါဝင်နေတဲ့ အာဆီယံအဖွဲ့ရဲ့ စည်းလုံးညီညွတ်ရေးကို စိန်ခေါ်နေတယ်လို့ သုံးသပ်သူတချို့က ရှုမြင်ကြပါတယ်။ အခု နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံတဲ့ ဆွေးနွေးပွဲမှာ IS အကြမ်းဖက်သမားတွေ ပြသနာ အစွန်းရောက်ဝါဒ စတာတွေကိုလည်းပဲ ဆွေးနွေးခဲ့ကြပါတယ်။

XS
SM
MD
LG