သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အင်အားတောင့်တင်းရေး အာဆီယံဝန်ကြီးတွေ ဆွေးနွေး


လာအိုနိုင်ငံ ဗီယန်ကျန်းမြို့တော်မှာ အရှေ့တောင်အာရှနိုင်ငံများအသင်း ASEAN ကာကွယ်ရေးဝန်ကြီးတွေရဲ့ နှစ်ပတ်လည် အစည်းအဝေးကို ဗုဒ္ဓဟူးနေ့က စတင်ကျင်းပရာမှာ တောင်တရုတ် ပင်လယ်ပြင်တွင်း နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွားနေတဲ့ ကိစ္စဟာလည်း အဓိက ဆွေးနွေးစရာ ဖြစ်ခဲ့ပါတယ်။

အငြင်းပွားနေတဲ့ ဒေသတွင်းမှာ နယ်မြေပိုင်ဆိုင်ကြောင်း ပြသဖို့ တရုတ်နိုင်ငံက အပြင်းအထန် ကြိုးပမ်းလာနေတဲ့အတွက် တင်းမာမှုတွေ ကြီးထွားလာနေချိန်မှာပဲ - အာဆီယံ အသိုင်းအဝိုင်းကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်နိုင်ဖို့ ရည်ရွယ် ဆွေးနွေးတဲ့ ၂ ရက်ကြာ ညီလာခံမှာ ဒီကိစ္စကို ထည့်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

သမရိုးကျမဟုတ်တဲ့ လုံခြုံရေး စိန်ခေါ်ချက်တွေ အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတွေကို ဆွေးနွေးမယ့် ညီလာခံမှာ - တောင်တရုတ်ပင်လယ်ပြဿနာဟာလည်း ထိပ်ဆုံးက ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင်မှာ သက်ဆိုင်ရာ နိုင်ငံတွေ လိုက်နာ ဆောင်ရွက်ဖို့ ထုတ်ပြန်ထားတဲ့ ကြေညာချက်နဲ့ တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ အာဆီယံရဲ့ အချက် ၆ ချက်ကို အပြည့်အဝနဲ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့ အလေးပေး ပြောဆိုလိမ့်မယ်လို့လည်း အာဆီယံ ကာကွယ်ရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး ပူးတွဲထုတ်ပြန်ဖို့ရှိတဲ့ ကြေညာချက်မူကြမ်းကို တွေ့ခဲ့ရတဲ့ ဂျပန်နိုင်ငံက Kyodo သတင်းဌာနက ပြောပါတယ်။

ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အရေးကြီးကြောင်းနဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့အညီ တောင်တရုတ် ပင်လယ်ပြင်မှာ ရေကြောင်း၊ လေကြောင်း လွတ်လပ်စွာ သွားလာခွင့်တွေကိုလည်း လေးစားလိုက်နာဖို့ ပူးတွဲ ကြေညာချက်မူကြမ်းမှာ ထည့်သွင်းထား တယ်လို့ ဆိုပါတယ်။ အစည်းအဝေးမှာတော့ - တောင်တရုတ်ပင်လယ်အရေးအပြင် - ကမ္ဘာမှာ စစ်အင်အား အတောင့်တင်းဆုံး ဒေသတခုအဖြစ် ကာကွယ်ရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့လည်း ရည်ရွယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG