သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ-ရုရှားဆက်ဆံရေး သမ္မတဦးထင်ကျော်ချီးကျူး


နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဘက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ မြန်မာသမ္မတ ဦးထင်ကျော် ထိပ်သီးစည်းဝေးပွဲမှာ မိန့်ခွန်း ပြောကြားခဲ့သလို ရုရှားသမ္မတ Vladimir Putin နဲ့လည်း သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က ဒီထိပ်သီးစည်းဝေးပွဲဟာ အာဆီယံ-ရုရှား ဆက်ဆံရေးတွင် အဓိကျတဲ့ မှတ်တိုင်တခုဖြစ်ကြောင်း၊ ရုရှားနိုင်ငံဟာ အာဆီယံနိုင်ငံတွေအတွက် အရေးကြီးတဲ့ မိတ်ဘက်ဆက်ဆံရေး နိုင်ငံတနိုင်ငံဖြစ်ကြောင်း မေလ ၂၀ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ဒေသတွင်း စီးပွားရေး အသိုက်အဝန်း ဖော်ဆောင်နိုင်ရေးအတွက် အစွမ်းကုန် ပူးပေါင်း ဆောင်ရွက်နေကြောင်း၊ ဆင်းရဲချမ်းသာကွာဟမှု နည်းပါးရေးအတွက် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံအတွင်း အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လည်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာဆီယံနဲ့ ရုရှားအကြား ပညာတော်သင်များ အပြန်အလှန်စေလွှတ်မှု တိုးမြှင့်ရေး၊ အာဆီယံနိုင်ငံတွေမှာ ရုရှားနိုင်ငံရဲ့ ပညာရေးဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ရေးနဲ့ အာဆီယံနိုင်ငံတွေက ပညာတော်သင်ဆု ရရှိကြတဲ့ ကျောင်းသားအရေအတွက် တိုးမြှင့်ရေး ကိစ္စတွေ အတွက်လည်း သမ္မတ ဦးထင်ကျော်က ထည့်သွင်း ပြောကြားခဲ့သလို၊ မြန်မာ-ရုရှား ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နေကြတဲ့ ကိစ္စတွေကိုလည်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဘက်ဆက်ဆံရေး အထိမ်းအမှတ် ထပ်သီး အစည်းအဝေးအပြီး ဆိုချီ ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့တာမှာ - မိတ်ဘက်ဆက်ဆံရေး တိုးတက်အောင် ဆက်လက်ဆောင်ရွက်ရေး၊ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု ကွာဟမှု နည်းပါးစေရေးနဲ့ ပေါင်းစည်း ဆက်သွယ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများ သဘောတူညီချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရေး ကိစ္စရပ်တွေ ပါဝင်ပါတယ်။

သမ္မတ ဦးထင်ကျော်နဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဆိုချီမြို့ကနေ မော်စကိုမြို့တော်ကို မေလ ၂၁ ရက်နေ့က ရောက်ရှိသွားပြီး မြန်မာသံရုံးက ဝန်ထမ်းတွေနဲ့ မိသားစုတွေ၊ ပညာတော်သင် ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံပြီး Kremlin နန်းတော်အပါအဝင် မော်စကိုမြို့က အထင်ကရ နေရာတွေကို သွားရောက် လေ့လာခဲ့ကြပါတယ်။ သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံကနေ မေလ ၂၁ ရက်နေ့ ညပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ထွက်ခွာခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG